၁။ လက်နက်ချစကား အလျဉ်းမပြောရ။ ၂။ ကရင်ပြည် ပြီးပြည့်စုံရမည်။ ၃။ ကရင့်လက်နက် ကရင့်လက်ထဲရှိရမည်။ ၄။ ကရင့်ကြမ္မာ ကရင်ဖန်တီးရမည်။


အှ်ဆံင်းလာ.ဆါ် ကိုဝ်.ဟှာဍေ။


Showing posts with label article. Show all posts
Showing posts with label article. Show all posts

Tuesday, 2 August 2011

Friday, 29 July 2011

Mahn Open Letter to Karen Armed Forces-_2_

Tuesday, 28 September 2010

DKBA တပ်မဟာ (၅) မှူး ဗိုလ်မှူးကြီး စောလားပွဲ (ဗိုလ်နှုတ်ခမ်းမွေး) သို့ မန်း ရောဘတ် ဘဇန်၏ ပေးစာ

DKBA တပ်မဟာ (၅) မှူး ဗိုလ်မှူးကြီး စောလားပွဲ (ဗိုလ်နှုတ်ခမ်းမွေး) သို့
မန်းရောဘတ် ဘဇန်၏ ပေးစာ


ညီလေး စောလားပွဲ ...

အစ်ကိုကြီး စာရေးလိုက်တယ်။ စာရေးဖို့ လိုအပ်လာပြီဖြစ်လို့ ရေးလိုက်ရခြင်းဖြစ်တယ်။ ရေဒီယိုသတင်း (E-mail) သတင်းတွေအရ ညီလေးဟာ နအဖ ဗမာဖက်ဆစ်တွေရဲ့ (နယ်ခြားစောင့်) တပ်ဖွဲ့စည်းရေးကို ခါးခါး သီးသီး ဆန့်ကျင်လိုက်တယ်လို့ သိရလို့ ညီလေးရဲ့ ရပ်တည်မှုဟာ လုပ်သင့်လုပ်ထိုက်တာကို လုပ်လိုက်တာ ဖြစ်တယ်လို့ အစ်ကိုကြီး ယူဆတယ်။ ဒီလုပ်ရပ်ဟာ ခေါင်းဆောင်ကြီး စောဘဦးကြီးရဲ့ “ကရင့်လက်နက် က ရင့်လက်ထဲမှာ ရှိရမယ်” ဆိုတဲ့ တလောကလုံးဆိုင်ရာ အမှန်တရားကို ဆုပ်ကိုင်ထားလိုက်တာဖြစ်တယ်။ က ရင်တွေရဲ့ သူရဲကောင်းစိတ်ဓာတ်ကို ဖော်ပြလိုက်တာဖြစ်တယ်။ ကရင်ဟာ အနိုင်ကျင့်၊ ဗိုလ်ကျ၊ မတရားမှု တွေကို ဘယ်တော့မှ လက်မမြောက်၊ ဒူးမထောက်၊ အနိုင်မခံ၊ အရှုံးမပေးဘူး၊ ဘယ်တော့မှ လက်နက်မချဘူး ... ဆိုတဲ့ သူရဲကောင်းဝါဒကို ဖော်ပြလိုက်တာဖြစ်တယ်။

၂၀၀၈ ခုနှစ်တုန်းက အစ်ကိုကြီး ညီလေးနဲ့ တွေ့တယ်။ တွေ့ကြစဉ် ညီလေး ပြောကြားချက်တွေ အစ်ကိုကြီးနား ထဲမှာ ခုထိကြားနေသေးတယ်။ “ကျနော်ကတော့ အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီးရဲ့ (မူ)လေးချက် ကို အမြဲဆုပ်ကိုင်ထားတယ်” တဲ့။ ဒီခံယူချက်ဟာ ခုလည်း မှန်တယ်၊ နောင်နှစ်ပေါင်းရာထောင်ချီပြီး မှန်နေဦး မယ်။ ဘာကြောင့်လဲဆိုတော့ “ဒို့ကရင့်လူ့အဖွဲ့အစည်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မရှိရင် ကရင် မရှိနိုင်သလို ... ကရင် မရှိရင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် မရှိနိုင်ဘူး” ...။

ဒို့ညီအစ်ကို တွေ့ကြတုန်းက အစ်ကိုကြီး ညီလေးကို ပြောခဲ့တာရှိတယ်။ ဒီရန်သူဟာ ၁၉၄၉ ခုနှစ်ကတည်းက ဒို့ကရင်တွေကို မျိုးဖြုတ်သတ်ဖြတ်ခဲ့တဲ့ ကရင့်အမျိုးသားရန်သူ ဗိုလ်နေ၀င်း ဗမာ့တပ်မတော်ရဲ့ မျိုးဆက်သစ် တွေပဲ။ သူတို့ရဲ့စိတ်နေသဘောထား (Mentality) နဲ့ (Objective) တွေဖြစ်တဲ့ “ကရင်ကို အစိတ်သားကောင် တောင် မထားရေး၊ ကရင်ကို ကျူပင်ခုတ် ကျူငုတ်မကျန် ရှင်းပစ်ရေး” ဆိုတာတွေဟာ ဗိုလ်နေ၀င်းက ဒီနေ့ န အဖ ဗမာဖက်ဆစ်တွေအထိ အတူတူပဲ။ ပြောင်းလဲမှုမရှိဘူး။

မူးဆိုးကော်ကစာ စောဟန်တာသာမွေး ဦးဆောင်တဲ့ ကရင့်တော်လှန်ရေးကောင်စီ (KRC) ကို “မစားရ ၀ခ မန်း” ကတိအမျိုးမျိုးပေး၊ လိမ်ညာလှည့်ဖြားပြီး သူတို့ဘောင်ထဲ ရောက်အောင်လုပ်တယ်။ သူတို့ဘောင်ထဲ ရောက်ပြီဆိုတာနဲ့ ပေးထားတဲ့ အခွင့်အရေးတချို့ ပြန်ရုပ်သိမ်းတယ်။ နောက်ဆုံး ဗိုလ်မှူးချုပ် လင်းထင်ကို (သထုံမြို့) မှာ ပစ်သတ်လိုက်တယ်။ မူးဆိုးကော်ကစာနဲ့ ကရင့်တော်လှန်ရေးကောင်စီအဖွဲ့ဝင်အားလုံး ဘ၀ ပျက်ကုန်တယ်။ တိုက်စွမ်းရည်ပြည့်ဝတဲ့ ကရင်တပ်မှူး ဗိုလ်မှူးချုပ်လင်းထင် ဆုံးရှုံးခံလိုက်ရတယ်။

တပ်မဟာ (ရ) မှူးဟောင်း ဗိုလ်မှူးချုပ် ထင်မောင်ရဲ့ အခြေအနေကိုလဲ ကြည့်စေချင်တယ်။ စောစောက ပေး ထားတဲ့ ကတိတွေအတိုင်း လုပ်ကြရဲ့လား။ သူတို့ဘောင်ထဲရောက်ပြီး ချည်ပြီးတုတ်ပြီးတာနဲ့ အပြောအဆိုနဲ့ ဆက်ဆံရေးတွေ ပြောင်းလဲလာတယ်မဟုတ်လား။

အစ်ကိုကြီး ညီလေးကို ပြောဖူးတယ်။ ရှေးရှေးက ဗမာစစ်တပ်က ကျင့်သုံးခဲ့တဲ့ စစ်မဟာဗျူဟာ (၂၉) ချက်ထဲ က တချက်ဖြစ်တဲ့ “ဥပါယဗျူဟာ” အတိုင်း ကျင့်သုံးနေတာဖြစ်တယ်။ “ဥပါယဗျူဟာ” ဆိုတာ “ဥပါယ်လေးပါး” “စဉ်းလဲခြင်းသုံးပါး” “ပျက်ရာခြောက်ပါး” ထဲကအတိုင်း ဒို့လူမျိုးစုံတော်လှန်ရေးအင်အားစုတွေကို ဖြိုခွဲတိုက် ခိုက်နေတာဖြစ်တယ်။ “လိမ်စရာရှိတာလိမ်၊ ပေးစရာရှိတဲ့ နှုတ်ကတိတွေပေး၊ ညာစရာရှိတာတွေညာ၊ နောင်ခါ လာ နောင်ခါဈေး၊ ခိုင်းစားလို့ရနိုင်မယ့်ကောင်ကို ကျွေးစရာရှိတာကျွေး၊ ပေးစရာရှိတာပေး၊” “ဒီလိုလိမ်တာ ညာတာတွေဟာ စစ်နိုင်ဖို့ဖြစ်တဲ့အတွက် တရားတယ်၊ စစ်နိုင်တဲ့ လူမျိုးဟာ ယဉ်ကျေးတယ်” လို့ ဒီနအဖ ဗမာ ဖက်ဆစ်တွေ ခံယူထားကြတယ်။

မှတ်ချက် ။ ။ မဟာဗျူဟာ (၂၉) ချက်။ စန်းသမိန် ရေးတဲ့ “မြန်မာ့သွေး၊ မြန်မာဓား၊ မြန်မာ့စစ်ပညာ” စာအုပ်မှ။

ညီလေးရေ ...

နအဖ ဗမာဖက်ဆစ်တွေရဲ့ (နယ်ခြားစောင့်တပ်) (BGF - Border Guard Force) ဆိုတာ အားလုံးသိကြပြီး ဖြစ်တဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ လက်နက်တွေကို (ဖြုတ်)တဲ့ နည်းဗျူဟာပဲ။ လက်နက်ဖြုတ်ရုံမက လုပ်ပိုင် ခွင့်တွေပါ ရုပ်သိမ်းလိုက်တာဖြစ်တယ်။ အပစ်ရပ်အဖွဲ့တွေရဲ့ (BGF) တပ်ရင်းမှူးကိုတော့ (ဗိုလ်မှူး)၊ သူတို့တပ် ရင်းကိုတော့(ဒု-ဗိုလ်မှူးကြီး)၊ တပ်ရေးနဲ့ တပ်ထောက်ဌာနအားလုံး နအဖ ဖက်ဆစ်တပ်က လူတွေ၊ (IO - Intelligent Officer) ကအစ (စစ်ခွေး)တွေပဲ နေရာယူမယ်ဆိုတော့ အပစ်ရပ်အဖွဲ့တွေ ဘာလုပ်နိုင်ဦးမှာလဲ။ ဒီလိုအခြေအနေမှာ (BGF) လုပ်မယ်ဆိုတဲ့သူတွေဟာ မိမိကရင်လူမျိုးကို ချစ်ပါတယ်၊ အမျိုးသားအတွက် လုပ်မယ်ဆိုတာ စိတ်ကူးယဉ်တာပဲ၊ လိမ်တာ၊ ညာတာပဲဖြစ်တယ်။ မလုပ်နိုင်တော့ပါဘူး၊ နအဖ ဖက်ဆစ်တွေ ခိုင်းတဲ့အတိုင်း(ကရင်အချင်းချင်း ပြန်သတ်ခိုင်းရင်) ခိုင်းတဲ့အတိုင်း ကရင်ကို သူတို့သတ်ကြရတော့မယ်။ က ရင်ရွာတွေကို သူတို့ မီးရှိုးကြရတော့မယ်။

ညီလေး ...

သူက ကိုယ့်ကို စမလုပ်ခင် ကိုယ်က လက်ဦးမှုယူထားဖို့ လိုတယ်နော်။ စစ်မှာ မတရားတာ၊ ကတိမတည်တာ မရှိဘူး။ နအဖ ဖက်ဆစ်တွေလောက် မပါးနပ်၊ မလျင်ဘူးဆိုရင် သူတို့နဲ့ မပေါင်းနဲ့၊ ကိုယ်ခံသွားရလိမ့်မယ်။ သူ တို့အထာတွေကို အူမကချေးခါးအထိ သိထားရမယ်။ ဒါကြောင့် လုပ်စရာရှိတာ ဆက်သာလုပ်ပေတော့။ (အ ရေးကြီးပြီး သွေးနီးကြပါစို့)။ တို့တတွေ တပ်ရင်း (၁၉) မှာတုန်းက တပ်ခွဲ (၅) က တပ်စုမှူး ဗိုလ်ဖားနွီးတ ယောက် (BGF) မှာ တပ်မဟာမှူးဖြစ်နေတယ်ကြားတယ်။ သူ့ကိုလည်း ပြောဖြစ်ရင်ပြောလိုက်ပါ။ “နအဖ ဖက် ဆစ်တွေ ကရင်ကိုချစ်တာ ကရင်အချင်းချင်း မုန်းသလောက်ပဲရှိတယ်” လို့ ...။ နောက် “အရေးကြီးပြီ သွေးနီး ကြပါစို့” ...။

ညီလေး ...

တို့အမျိုးသားရန်သူတွေနဲ့ စတိုက်ပြီး သေနတ်ပေါက်တာနဲ့ ပြည်တွင်းပြည်ပ(နိုင်ငံတကာရောက်) ကရင်တမျိုး သားလုံးဟာ ညီလေးနဲ့ အတူရှိနေမယ်။ ညီလေးကို (ထောပနာ) ပြုကြမယ်။ (ခေါင်းဆောင်ကြီး စောဘဦးကြီး ရဲ့ သူရဲကောင်း) အဖြစ် “သူရဘွဲ့” ပေးကြမယ်။ အစ်ကိုကြီးနဲ့ နိုင်ငံတကာရောက် ကရင်လူငယ်တွေ ညီလေးကို ၀ိုင်းရံနေမယ်။

“အရေးကြီးပြီ သွေးနီးကြစို့”

သင်ရဲ့ဘက်ကဖြစ်တဲ့ အစ်ကိုကြီး ...
မန်းရောဘတ် ဘဇန်
ခေတ္တ၊ အမေရိကန်ပြည်ထောင်စု။
phone: 651-323-7495
Email: rzan555@yahoo.com

Friday, 3 September 2010

ကျနော်နှင့် ကညင်ဒုံ တိုက်ပွဲ

၁၉၈ဝ-၁၉၈၄ ဝန်းကျင် ကာလများ။
၁၉၈ဝ ခုနှစ်၊ ဒီဇင်ဘာလတွင် ဗဟိုဌာနချုပ်၊ မာနယ်ပလောတွင် အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု NDF National Democratic Front မှ ဦးစီးဖွင့်လှစ်သော ပထမ အကြိမ်မြောက် ဗိုလ်သင်တန်းသို့ တပ်မဟာ (၇) မှရွေးချယ်စေလွတ်သော ဗိုလ်သင်တန်းသို့ တပ်ရင်း (၂၃) မှ သင်တန်းသား ၅ ဦးကို ရွေးချယ်စေလွတ်လိုက်သည်။ ထိုစဉ်က အသစ်ဖွဲ့စည်းလိုက်သော တပ်ရင်း (၂၃) တွင် တပ်ရင်းမှူး ဗိုလ်လွီး (ဆုံး)၊ စစ်ကြောင်းမှူး မိမိ၊ တပ်ရေးဗိုလ်ကြီးဂုဏ်ရွှေမန်း၊ တတိယနိုင်ငံရောက် တပ်ခွဲမှူး ဗိုလ်မောင်အေး DKBA တို့ဖြင့် စတင်ဖွဲ့ စည်းသည်။

ဗိုလ်သင်တန်းသို့ စေလွတ်ခြင်းခံရသောရဲဘော် ၅ ဦးမှာ စာရေးသူ၊ တပ်ရေးဗိုလ်ကြီး ဂုဏ်ရွှေမန်း၊ တပ်ခွဲမှူး ဗိုလ်မောင်အေး၊ ရဲဘော် သန်းဖြူနှင့် ရဲဘော်အန်ထော်နီ တတိယနိုင်ငံရောက်တို့ဖြစ်သည်။ တပ်မဟာရုံးထိုင်မှူးကို မိမိတို့တပ်ရင်းမှ သင်တန်းသား စာရင်းကို ပေးပြီး သင်တန်းအတွက် လိုအပ်သောစစ်ဝတ်စုံများ၊ စာအုပ်၊ စာရေးကရိယာများနှင့် သင်တန်းစာရိတ်များကို တပ်ထောက်ထံသွား ထုတ်သည်။ ထိုစဉ်က တပ်ရင်း (၁၉) တပ်ရင်း (၂ဝ)၊ တပ်ရင်း (၂၁) တပ်မဟာ (၇) ဌာနချုပ်မှ အမျိုးသမီး သင်တန်းသူများနှင့် KNDO တပ်ရင်း (၅) မှ သင်တန်းသားများကိုတွေ့သည်။

Serve the People ပြည်သူ့ အကျိုးဆောင်ကြ

မာနယ်ပလော စစ်ဦးစီးဌာနချုပ်သို့ရောက်သော် တပ်မဟာ (၁)၊ တပ်မဟာ (၂)၊ တပ်မဟာ (၃)၊ တပ်ရင်း (၁ဝ) ထိုစဉ်က တပ်မဟာ (၄) မဖြစ်သေး၊ တပ်မဟာ (၆)၊ KNDO ဌာနချုပ်၊ ဗဟိုစစ်ဦးစီးဌာနချုပ်မှ သင်တန်းသား၊ သင်တန်းသူများအပြင်၊ ရခိုင်ပြည်လွတ် မြောက်ရေးတပ်မတော်မှ ဗိုလ်လောင်းများ၊ ကရင်နီတပ်မတော်မှဗိုလ်လောင်းများနှင့် ရှမ်းပြည်တပ်မတော်မှဗိုလ်လောင်းအမျိုးသမီးနှင့် အမျိုးသားစုစုပေါင်း ၁၂ဝ ဦးတက်ရောက်သည်။ သင်တန်းကျောင်းအုပ်ကြီးမှာ ဗိုလ်မှူး N.Zaw Tan ကချင်၊ ဒုတိယကျောင်းအုပ် ကြီးမှာ ဗိုလ်မှူးစောသိန်း ကရင် (ကွယ်လွန်)၊ နည်းပြချုပ်မှာ ဗိုလ်မှူးကြီးယော်မူ အောင်ဆန်းနှင့်အတူလက်နက်ချ၊ ဗိုလ်မှူးထွန်းတင် (ကွယ်လွန်)၊ အခြားသင်တန်းမှူးများမှာ ဗိုလ်ရော့ကက်၊ လက်ရှိသင်တန်းမှူးချုပ် ဗိုလ်သေဂေး၊ တပ်ရင်း (၂ဝ၂) တပ်ရင်းမှူး ဆရာရစ် ကီ Ricky ကွန်မန်ဒို၊ မန်းငွေအောင် ဗိုလ်မှူးသောသီ မြို့ပြပြောက်ကျားအဖွဲ့နှင့်ပါသွားပြီး ဖမ်းဆီးခံနေရသူများဖြစ်သည်။ တခြားသင် တန်းဆရာများ ရှိသေးသည်၊ မမှတ်မိတော့ပါ။

မှတ်ချက်...
စာရေးသူနှင့်အတူ အပတ်စဉ်တခုထဲ ဗိုလ်သင်တန်း တက်ရောက်ခဲ့သူများမှာ မှတ်မိသလောက် ဗိုလ်ကနဲမီး တပ်မဟာ (၇) တတိယ နိုင်ငံရောက်၊ ဗိုလ်လှဝေ (၁ဝ၁) တတိယနိုင်ငံရောက်၊ ဗိုလ်ထွန်းထွန်း တပ်ရင်း (၁ဝ) တတိယနိုင်ငံရောက်၊ ဗိုလ်ဖေါဒို (၁ဝ၁) ယခု တပ်ရင်း (၁ဝ၁) တပ်ရင်းမှူး၊ ဗိုလ်ကျား တပ်မဟာ (၂)၊ ဗိုလ်မူသွီဂေါ တပ်ရင်း (၁ဝ)၊ ဗိုလ်လွမ်းထူးမြတ်၊ တပ်ရင်း (၁ဝ)၊ ဗိုလ်မူကယ် တပ်ရင်း (၁ဝ)၊ ဗိုလ်လောရင့် lawrance (၁ဝ၁) တတိယနိုင်ငံရောက်၊ ဗိုလ်ဟန်စိန် (၁ဝ၁) တတိယနိုင်ငံရောက်၊ ဗိုလ်ကရောကရ၊ တပ်ရင်း (၁ဝ) လက်နက်ချ ဗိုလ်သင်တန်း၌ စစ်ရေးနှင့်ပတ်သက်သော ဘာသာရပ်များ စစ်ရေးပြ၊ လက်နက်ကြီး လက်နက်ငယ်ပစ် နည်း၊ ဖြုတ်နည်း၊ တိုက်ပွဲစစ်မှုရေးရာ၊ ပြောက်ကျားစစ်၊ လှုပ်ရှားစစ်၊ နိုင်ငံရေးဘာသာရပ်များဖြစ်သော ကရင့်တော်လှန်ရေး နိုင်ငံရေး လမ်းစဉ်၊ လုပ်ငန်းစဉ်၊ စစ်ရေးလမ်းစဉ်၊ စည်းရုံးရေး၊ အုပ်ချုပ်ရေး၊ မြေယာလမ်းစဉ်၊ ဆက်သွယ်ရေးဘာသာရပ်၊ တပ်ပေါင်းစု၊ တရား ရေး၊ လူ့အခွင့်အရေး စသည့်ဘာသာရပ်များကို ၆ လတိုင်တက်ရောက်သင်ကြားခဲ့ကြသည်။

သင်တန်းကာလများအတွင်း လက်တွေ့တိုက်ပွဲဝင်ရန်လှိုင်းဘွဲမြို့နယ်ရှိ တကောတိုက်ပွဲတွင်လက်တွေ့သွားတိုက်ရသည်။ ဗိုလ်လောင်း တပ်ဖွဲ့အား တပ်စု နှစ်စုဖွဲ့လိုက်သည်။ တပ်စု (၁) အား စာရေးသူ အုပ်ချုပ်ပြီး၊ တပ်စု (၂) အား ဗိုလ်ကနဲမီး သြစတြေလီးယားနိုင်ငံ ရောက်မှ အုပ်ချုပ်သည်။ စုစုပေါင်းဗိုလ်လောင်း ၆ဝ လက်တွေ့တိုက်ပွဲဝင်ကြသည်။ စက်လှေနှစ်စီးနှင့် မယ်သဝေါ အထိသွားပြီး၊ မော် တော်ကားများဖြင့် ရှမ်းရွာသစ်အထိပို့သည်။ ထိုနောက်ခြေလျင်ရှောက်ကြသည်။ တရေဖိုးကွီးရောက်တော့ လက်နက်ကြီးသံများ ကြား နေရပါပြီ။ အမြန်ချီတက်ရန် အမိန့်ရောက်လာသည်။ မိမိတပ်စုရုံးတွင် ၆ဝ မမတလက်၊ ဗုံးသီး ၅ဝ ပါသည်၊ ဧည့်ရဲဘော်သိုမွီး ဝန်ထမ်း ၃ ယောက်ပါသည်။

တပ်နေရာချမည့်နေရာမရောက်မီ ဗိုလ်မှူးကြီးယော်မူနှင့် ဗိုလ်လှဝေတို့၏ လက်နက်ကြီးအဖွဲ့နှင့်တွေ့သည်။ ထိုမှတဆင့် တပ်ရင်း (၁၉) တပ်ခွဲ (၃) ဗိုလ်ကြီး အောင်လင်းအဖွဲ့ကြား နေရာလပ်တွင် တပ်ချခိုင်းသည်။ ရဲဘော်များကို နေရာချသည်၊ နှစ်ယောက် တကျင်းတူး သည်၊ ရန်သူ့အလာကိုစောင့်သည်။ ထမင်းမစားရသေး၊ ရေဘူးထဲ၌ ရေသာရှိသည်။ ထမင်းထုတ်ရောက်လာသည်။ ထမင်းထုပ်ကို စား ဖို့ဖွင့်တော့ သိုးနန့်ထွက်လာသည်။ မထူးပါဘူး ဗိုက်ပြည့်ဖို့အရေးကြီးတယ်။ တထုပ်လုံး ကုန်အောင်စားပြီး ဗိုက်ဖြည့်လိုက်သည်။

လေယဉ်သံကြားလာသည်၊ နောက်မိမိခေါင်းပေါ်တည့်တည့် ရောက်လာသည်။ မိမိတို့၏ တပ်တည်နေရာကို လာရှာနေခြင်းဖြစ်သည်၊ PC-6 လေယာဉ် အမျိုးအစားဖြစ်ကြောင်းသိရသည်။ ရန်သူလက်နက်ကြီးများ မိမိတို့နေရာများသို့ ပစ်ခတ်လာပါပြီ၊ ပစ်ကျင်းထဲ၌နေ ရန် ညွန်ကြားချက်ရောက်လာပါပြီ၊ နှစ်ယောက်ပစ်ကျင်း တူးထားသော်လည်း Overhead မလုပ်နိုင်ပါ။ လက်နက်ကြီးတော်တော် များများ ပစ်ချနေသည်။ ၇၅ မမနောက်ပွင့် ရိုင်ဖယ်နှင့် ၁၂ဝ မမ စိန်ပြောင်းကြီးဖြစ်သည်။ တကော ရန်သူ့စခန်းကို တိုက်နေသည့်အဖွဲ့ မှ နှစ်ရက်ဆက်တိုက်ပစ်နေသည်။ စီမံချက်အတိုင်း ရန်သူ့စစ်ကူကို တိုက်ရန်မဝေးတော့ပါ။ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဗိုလ်ကနဲ မီးတပ်စုရှိ တပ်မဟာ (၃) မှ ဗိုလ်လောင်းတဦး ကျဆုံးသွားသည်။

ငွေလမင်းသီတဂူသည် ဝင်းပထိန်လင်းနေသည်။ ကိုက် ၅ဝ အတွင်း ကောင်းစွာမြင်နေရသည်။ ထွီဟဲလီး၊ ကွာမေထီး ရန်သူလာပြီး သေသေချာချာကြည့်ဟု ဗိုလ်ကြီးအောင်လင်းထံမှ ညွှန်ကြားချက်ရောက်လာသည်။ မိမိလည်း ၆ဝ မမစိန်ပြောင်းပစ်ရန်အသင့်ရှိနေပြီး။ ဝန်ထမ်းများကို ဗုံးသီးခြင်းများ မိမိထံယူခဲ့ရန်နှင့် ၎င်းတို့ပစ်ကျင်းထဲ၌ပြန်နေရန် ညွှန်ကြားလိုက်သည်။

မကြာလိုက်ပါ မိမိ၏ညာတောင်ပံ၌ သေနတ်စပေါက်တော့သည်။ မိမိအရှေ့မှာလည်းတိုးလာပါပြီ မကြာမီ သေနတ်သံများ ဆူညံသွား တော့သည်။ မိမိရှေ့ပစ်ခတ်မှုဖြစ်နေသော ရန်သူ့နေရာသို့ ၆ဝ မမ စိန်ပြောင်းသီး တလုံးပြီး တလုံး ပစ်ထည့်နေသည်။ ရန်သူဆုတ် သွားသည်၊ ရန်သူ့နေရာတက်ရှင်းသည်။ ရန်သူ ၄ လောင်းကိုတွေ့သည်၊ ကာဘိုင်တလက်နှင့် BA ၆၃ ၆၄ သုံးလက်ကို တပ်ရင်း (၁၉) မှရဲဘော်များ ကောက်လာသည်။ ရန်သူဆုတ်သွားသည်၊ မိမိရဲဘော်များကို လိုက်စစ်သည်။ မိမိတပ်စုရှိ ကရင်နီတပ်မတော်မှ ဗိုလ်လောင်းတဦး ဒဏ်ရာရသည်။ မပြင်းထန်၊ လမ်းလျောက်နိုင်သည်။ နောက်မကြာမီ ဆုတ်မိန့်ရောက်လာသည်။ အစီအစဉ်အတိုင်း ဆုံရပ်သို့ ဆုတ်လာကြသည်။ နောက်နေ့ သင်တန်းကျောင်းသို့ပြန်ရောက်သည်။ တိုက်ပွဲသုံးသပ်ချက်များလုပ်သည်။ ကိုယ်တိုင် ဦးစီး တိုက်ရသည့် တိုက်ပွဲမဟုတ်၊ စပ်ကူသက်သက်ဖြစ်သည်၊ ထိုတိုက်ပွဲ၏တိုက်နည်းဗျူဟာသည် ရန်သူစခန်းကို ယောင်ပြတိုက်ပြီး စစ်ကူ ကိုတိုက်သည့်ဗျူဟာဖြစ်သည်ဟု လေ့လာသိရှိလိုက်သည်။

သင်တန်းဆက်တက်သည်။ ကတုတ်ကျင်း လက်တွေ့တူးရသည်။ လောကွားလူ အချက်ပြဆက်သွယ်ရေးဌာန တောင်ကုန်းထိပ်၌ က တုတ်ကြီးတူးကြရသည်။ လက်တွေ့စက်ပစ်ကွင်း၌ M 16 တယောက် ၅ တောင့်လက်တွေ့ပစ်ရသည်။ တပ်ရင်း (၁ဝ) မှ ဗိုလ်လောင်း အောင်နိုင် Honor ပစ်မှတ်အလယ်တည့်တည့် ၅ တောင့်စလုံးစုဝင်သွားသည်။ သင်တန်း၌ ဗိုလ်အောင်နိုင်၊ ဗိုလ်ကနဲမီးနှင့် ဗိုလ်လှ ဝေတို့ ပထမ၊ ဒုတိယနှင့် တတိယအသီးသီးရကြသည်။

တော်လှန်ရေးဆိုတာ မိမိကိုယ်ကျိုးစီးပွားအတွက် မဟုတ်၊ အမျိုးသားအတွက် ပေးဆပ်ခြင်းဖြစ်သည်။

သင်တန်းကာလ ၆ လပြည့်ပါပြီ၊ ကျောင်းဆင်းပွဲကျင်းပသည်။ သက်ဆိုင်ရာတပ်ရင်း တပ်မဟာများသို့ ပြန်ကြပါသည်။ တပ်မဟာဌာ နချုပ်မှ မိမိအား တပ်ရင်း (၁၉) သို့တာဝန်ပေးလိုက်သည်။ ထိုစဉ်က တပ်မဟာမှူးသည်၊ ဗိုလ်မှူးကြီးစောထင်မောင်၊ KNU/ KNLA သို့ KNU မှ ခွဲထွက် တစင်ထောင်ပြီး ရန်သူနှင့်ပူးပေါင်းသွားသူဖြစ်သည်။ ထိုစဉ်က တပ်မဟာမှူးများ ဗိုလ်မှူးကြီးအဆင့်သာရှိသေးသည်။ ဝမ်းခါသစ် ကော်မူးရာစခန်းရှိ ချစ်ဇနီး၊ သားသမီးများနှင့် ခေတ္တပြန်နေသည်၊ သမီးမူမူဘဇန်ကို မွေးပြီးတပတ်အကြာခရီးထွက် ဖို့ပြင်သည်။ တည ချစ်ဇနီးသွေးသွန်သည်။ ဘာလုပ်ရမှန်းမသိ။ ဝမ်းဆွဲဆရာမ အေးရှင်ကို ပြေးခေါ်သည်၊ သူမရောက်လာသည်။ အ ခြေအနေမကောင်း၊ သွေးသွန်များနေသည်။ ထို့ကြောင့် ဒေါက်တာဆင်း Dr. Sigh ဗိုလ်မှူးကြီး (ကွယ်လွန်) ကို သတိရသည်။ သူ့ ကိုပြေးခေါ်သည်။ ဆားရည်ထိုးပေးသည်၊ ကုသနေသည်။
“ကျနော်ရှေ့တန်းထွက်ရတော့မယ် ဒေါက်တာ၊ ကျနော့်ဇနီးကိုစိတ်မချဘူး”
“ခင်ဗျားက ဒေါက်တာလား၊ ခင်ဗျားရှိနေလို့လဲ ဘာလုပ်တတ်လို့လဲ၊ သွားစရာရှိတာသွားပါ” တဲ့
ဟုတ်တော့ဟုတ်သည်၊ ဘာမှမလုပ် တတ်ပါ။

နောက်နေ့ ချစ်ရဲဘော်များဖြစ်ကြသောရဲဘော်အီစွပ် အစ္စလမ်၊ ရဲဘော်အိုင်းဇက် ပဲခူးရိုးမချီ ဗိုလ်မင်းသိန်း ဦးစီးစစ်ကြောင်းနှင့် ပါသွား ပြီး ဖမ်းဆီးခံရ၊ တသက်တကျွန်းထောင်ကျခံရသူ ရဲဘော်မိုးဇက် တို့ကိုခေါ်ပြီး နောတဲခီးရွာရှိ တပ်ရင်း (၁၉) တပ်ရင်းမှူး ဒုတိယဗိုလ် မှူးကြီးစောမောင်ထွန်း နောင်တပ်မဟာဗျူဟာမှူး ဗိုလ်မှူးကြီး (ကွယ်လွန်) အား မိမိရောက်ရှိကြောင်းသတင်းပို့သည်။ ဖါးအံခရိုင်၌ ပိုင်ကျုံ၊ ထီလုံ၊ နဘူး နှင့် ဒုံရင်းမြို့နယ်ဟူ၍ ၄ မြို့နယ်ရှိသည်။ မိမိတို့စစ်ကြောင်း (၁) သည် ပိုင်ကျုံမြို့နယ်တွင် လှုပ်ရှားနေသည်။ ထို မြို့နယ်တွင် ကရင်ပြည်ဘွား အစ္စလမ်ဘာသာဝင်များ၊ ရွာများရှိသည်။ ထီဖိုးတရေး၊ လာဒဝယ်၊ ပိုင်ကျုံမိုးနဲ့ သရက်တောရွာများရှိ သည်။

စစ်ကြောင်းတွင် အစ္စလမ် ရဲဘော်များရှိသည်။ ကရင် စကားမှလွဲ၍ ကုလား စကားမတတ်။ လူမတွေ့ရသောနေရာမှ ကရင်စကားပြော နေလျှင် တကယ်ကရင်မှ ကရင်စကားပြောနေသည် ဟုထင်ရသည်၊ လူတွေ့မှ ကုလားဖြစ်နေကြောင်းသိရသည်။ ထိုသူများကို ကုလား ဟုခေါ်ပါက များစွာစိတ်ဆိုးကြလေသည်။ ထို့ကြောင့် ကညောသူး ကရင်မဲ Black Karen ဟုခေါ်ကြသည်။ အသားအရောင်ခွဲခြားသူ များရှိနေသည်ကို ဝမ်းနည်းစွာတွေ့ရသည်။

မှတ်ချက်...
Universal Declearation of Human Rights လူ့အခွင့်အရေးကို နားမလည်၊ လက်မခံပါက လူလူချင်းခွဲခြားမှု၊ လူမျိုးချင်းကျွန်ပြုမှု၊ လူလူချင်းဖိနှိပ်မှုများ မုချရှိနေမည်ဖြစ်သည်။ မိမိတပ်ရင်း (၁၉) တပ်ရင်းမှူးနှင့်တွေ့စဉ် စစ်ကြောင်းကို မတွေ့ရသေးပေ။ စစ်ကြောင်း နဘူးမြို့နယ်ဘက် ရောက်နေသည်။ နောက်များမကြာမီ စစ်ကြောင်းပြန်ရောက်လာသည်။ စစ်ကြောင်းမှူးလည်းဖြစ်၊ ဒုတိယ တပ်ရင်း မှူးလည်းဖြစ်သူ ဗိုလ်မှူးဂျော်နီနှင့်၎င်း ကျန်တပ်ခွဲမှူးများနှင့်ပါ မိတ်ဆက်ပေးသည်။ ဗိုလ်မှူးဂျော်နီသည် အသားဖြူဖြူနှင့် ချောမော လှပသူ ဖြစ်သည်။ ခန့်ညားနေသည့်ပြင် ကြည်ညိုဖွယ်ကောင်းသူလည်း ဖြစ်သည်။ အခြားတပ်ခွဲမှူးများမှာ တပ်ခွဲ (၂) မှူး ဗိုလ်ကြီး လူးစီ၊ တပ်ခွဲ (၃) မှူး ဗိုလ်ကြီးအောင်လင်း မယ်ပရ တကောတိုက်ပွဲ၌ ခဏတာတွေ့ခွင့်ရသူ၊ တပ်ခွဲ (၄) မှူး ဗိုလ်ကြီးတာပီး၊ မိမိ မရောက်မီ တိုက်ပွဲတခု၌ အာဇာနည်ပီပီ ကျဆုံးသွားသဖြင့် တပ်ခွဲအရာခံဗိုလ် မောကိုမှ အုပ်ချုပ်ထားသည်၊ တပ်ခွဲ (၅) မှူး ဗိုလ်ကြီး ဂျော်ဖြူ၊ ဌာနချုပ်တပ်ခွဲမှူး ဗိုလ်ကြီးဒေးဝါးတို့နှင့် မိတ်ဆက်ပေးသည်။

တချို့တပ်မှူးများ မူလတန်းပညာအဆင့်၊ တချို့ အလယ်တန်းပညာ အဆင့်၊ တချို့ ဘုန်းကြီးကျောင်းပညာ အဆင့်နှင့် အနည်းစု အ ထက်တန်း ပညာအဆင့်ရှိကြသည်။ အခြေခံပညာ အဆင့်နည်းနေလင့်ကစား၊ စစ်ပညာရပ်၌ ပါရဂူဘွဲ့ရထားသူများ ဖြစ်နေကြသည်။ တိုက်ပွဲပေါင်းရာချီ တိုက်ခဲ့ဖူးပြီးဖြစ်သည်။ စစ်မြေပြင်ထက်ကောင်းသော စစ်တက္ကသိုလ်မရှိ ဆိုသည့် ဆိုရိုးအတိုင်း စစ်မြေပြင်၌ စစ် ရေး ပါရဂူဘွဲ့ရထားကြသူများ ဖြစ်သည်။ ဟုတ် မဟုတ် ၎င်းတို့နှင့် တိုက်ခဲ့ဖူးသော မဆလ နှင့် နဝတ တပ်မမှူး၊ ဗျူဟာမှူးများဖြစ်ကြ သော ဗိုလ်မှူးကြီးမြသင်း၊ ဗိုလ်မှူးကြီးအေးသောင်၊ ဗိုလ်မှူးကြီးမြင့်အောင်၊ ဗိုလ်မှူးကြီး ခင်ညွန့် (ဗိုလ်ချုပ်ကြီးဟောင်း) တို့ကိုမေး ကြည့်နိုင်သည်။

တပ်ခွဲတိုင်း၌ ရန်သူ့ထံမှသိမ်းဆီးရရှိသော MG 42 စက်လက်တလက်စီရှိသည်။ ၅၇ နောက်ပွင့်ရိုင်ဖယ်ရှိသည်။ ဘရောင်နီ အမေရိ ကန်စက်လက် ရှိသည်။ ဘဇူကာ 3.5 ဒုံးပစ်လက်နက်ရှိသည်။ ၈၁ မမ စိန်ပြောင်းနှစ်လက်ရှိသည်။ မှောင်ခို ဈေးကွက်မှဝယ်ယူထား သော M 16 AK မောင်းပြန်ရိုင်ဖယ်များရှိသည်။ ၆ဝ မမ စိန်ပြောင်းတလက်ပါရှိသည်။ လက်နက် ကြီးငယ်မျိုးစုံရှိသည်သာမက မျိုး ချစ်စိတ်နှင့် ပေါင်းစပ်လိုက်ပါက စွမ်းအားကြီးမားသော တပ်ရင်းဖြစ်ကြောင်းသတ်မှတ်နိုင်ပါသည်။ မိမိ ဧရာဝတီမြစ်ဝကျွန်းပေါ်တိုင်း၊ KPLA- Karen People Liberation Army တပ်ရင်း (၂) ၌ နိုင်ငံရေးမှူးတာဝန်ယူခဲ့သည်။ ပြည်သူ့အကျိုးပြုကြ Serve the People ဆိုသည့် တပ်ရင်းဆောင်ပုဒ်ကို ကိုင်စွဲထားသည်။ ဆောင်ပုဒ်အတိုင်း ပြည်သူ့အကျိုးပြု လုပ်ငန်းကိုလုပ်သည်။

ထိုဆောင်ပုဒ်အတိုင်း မိမိတပ်ခွဲ (၄)၊ တပ်ခွဲမှူးတာဝန် ပေးအပ်ခြင်းခံရစဉ် အမြဲကျင့်သုံးသည်။ ဘာကြောင့် ပြည်သူ့အကျိုးပြု ကြရသ နည်း။ ပြည်သူသာအမိ၊ ပြည်သူသာ အဖ ဟု ခံယူထားသောကြောင့်ဖြစ်သည်။ ကျနော်တို့သည် ပြည်သူလူထုမှ ဖွားမြင်လာကြသော ပြည်သူ့ သားသမီးများဖြစ်ကြသည်။ ပြည်သူလူထုကို အခြေခံရမည်၊ အလုပ်အကျွေးပြုရမည်။ ပြည်သူ့ထောက်ခံမှုရမှ တော်လှန်ရေး အောင်မည်ဟု ယုံကြည်သည်။

မှတ်ချက်…
ပြည်သူ့ထံမှ ရိက္ခာ၊ စစ်သား၊ ငွေကြေး၊ သတင်း၊ မေတ္တာ၊ ရမည်ဖြစ်သည်။ လူထုမေတ္တာခြုံမှ ရန်အပေါင်းလုံမည်ဖြစ်သည်။ ကရင့်တော် လှန်ရေး နှစ်ပေါင်း ၆ဝ ကျော် တည်တန့်နေခြင်းသည် ကရင်ပြည်သူများ၏ မေတ္တာသာမက လူမျိုးစုံ ပြည်သူ့မေတ္တာ ခြုံထားနိုင်ခြင်း ကြောင့်ဖြစ်သည်။

တနေ့ မိမိတို့စစ်ကြောင်း ပိုင်ကျုံမြို့နယ်၊ ကြက်တူရွေးရွာ၌ ရန်သူ့စစ်ကြောင်း တပ်မ (၄၄) လက်အောက်ခံ တပ်ရင်းဖြစ်သော ခမရ (၆) အား တိုက်ရန်စောင့်နေကြသည်။ ဗိုလ်ကြီးအယ်ထူး၊ ယခု (၁ဝ၁) တပ်ရင်း ဒုတိယတပ်ရင်းမှူးဦးစီး (၁ဝ၁) စစ်ကြောင်းသည် ထီဖိုးတရေးရွာသစ်၌ တပ်ချထားသည်။ မိမိတို့ရန်သူနှင့် ထိတွေ့မှုဖြစ်ပါက နောက်ဗိုလ်ကြီးအယ်ထူး (၁ဝ၁) စစ်ကြောင်းမှူးပိုင်းမှ ပိတ် ဝိုင်းရန်ဖြစ်သည်။ ထိုစဉ်အခါ၌ မိမိတို့စစ်ကြောင်းသုံးဆက်သွယ်ရေးစက်မှာ ကျောပိုးလွယ်ရသော PRC စက်ကြီးဖြစ်သည်။ ဝန်ထမ်း တဦး သီးသန့်တာဝန်ယူရသည်။ ပုံမှန်တနာရီတကြိမ် စက်ဖွင့်နားထောင်သည်။ တိုက်ပွဲဖြစ်ပါက အချိန်ပြည့် စက်ဖွင့်ထားသည်။

မိမိတို့စစ်ကြောင်း ကြက်တူရွေးရွာ၌ရှိစဉ် ရန်သူ့စစ်ကြောင်းသည် ကော့မြတ်ကြီးရွာ၌ရှိနေသည်။ မိမိတို့နှင့် ဝေးသေးသဖြင့် ပြည်သူ့အ ကျိုးပြုရန်နှင့် မိမိတပ်ခွဲ နေရာယူမှုအား စီစစ်ရန်သွားကြည့်သည်။ ရန်သူ့ သတင်းကြားလို့ထင်သည် ရွာတွင်း၌ ရွာသားများမရှိ၊ လယ် ကွက်ကြီးတကွက်၊ လယ်ထွန်ထားပြီးနေပြီ၊ နှုတ်ပြီးသားစပါးပျိုးပင်များ အသင့်စုပုံထားသည်။ မိမိစဉ်းစားသည်။ ဒီအတိုင်းဆို ပျိုးပင် တွေ ပျက်စီးကုန်တော့မည်။ မဖြစ်ဘူး၊ တို့စိုက်ရမည်။ စစ်မဖြစ်လို့အားနေရင် “ပြည်သူ့အကျိုးဆောင်” ရမည်ဟု ဆုံးဖြတ်ပြီး “တပ်စိတ် တစိတ် ၃ ယောက်၊ လက်နက်ကြီးက ဝန်ထမ်းအားလုံး၊ ငါ့နောက်လိုက်ခဲ့” ရန် ညွှန်ကြားလိုက်သည်။

မှတ်ချက်…
မိမိတပ်ခွဲ (၄) စစ်သည်အင်အား ၈၅ ယောက်၊ ဝန်ထမ်း ၈၄ ယောက်ရှိသည်။ တပ်စု (၃) စု၊ တပ်စိတ် (၉) စိတ်ရှိသည်။ မိမိစစ်သည် တော်များသည် လယ်သမားသားသမီးများဖြစ်၍ ကောင်းစွာကောက်စိုက်တတ်သည်၊ မထူးဆန်း၊ ထို့ကြောင့် လယ်ကွင်းထဲ၌ စစ်သည် တော်များ၊ ဝန်ထမ်းများနှင့်ပြည့်နေတော့သည်။ သီချင်းတအေးအေးနှင့် လယ်ကွင်းတခုလုံး စိုပြေနေသည်၊ သာယာနေသည်၊ မိမိ လည်း ပျိုးစည်းများကိုထမ်း၍ ကောက်စိုက်နေသော စစ်သည်များဆီ ထမ်းပို့သည်။ တက်ညီလက်ညီ ပြည်သူ့အကျိုးဆောင်ကြသည်။ စစ်သည်နှင့် ဝန်ထမ်း ၅ဝ ကျော် ကောက်စိုက်လိုက်သဖြင့် လယ်ကွက်ကြီးတကွက်လုံး သုံးနာရီအတွင်း စိုက်ပြီးသွားသည်။ စစ်သည် နှင့် ဝန်ထမ်းများ မောရမှန်းပင်မသိ ပျော်နေကြသည်။

မိမိတို့တပ်စိတ်၊ တပ်စုရှိရာသို့ အသီးသီးနေရာပြန်ယူကြသည်။ မကြာလိုက်ပါ။ လယ်ပိုင်ရှင် မိမိထံရောက်လာပြီး ရဲဘော်စစ်သည် လေး၊ ငါးယောက်လာခေါ်သည်။ ဝက်ထီးကြီး တကောင်ပေးသည်။ ပြည်သူ့ မေတ္တာရရှိလိုက်သည်။ တပ်စုမှူးများဖြစ်ကြသော၊ ဗိုလ် ထူးဂေ၊ ဗိုလ်နယ်ကရာခိုနှင့် ဗိုလ်ရွှေငြိမ်း တို့ကိုခေါ်၍ … “တွေ့လား၊ တို့ရဲဘော်တွေပြည်သူ့ အကျိုးဆောင်လိုက်တာနဲ့ စေတနာရှိလို့ ဝက်တ ကောင်ပေးလာတယ်၊ တို့တောင်းဖို့မလိုဘူး”။ “လူထုက တော်လှန်ရေးတာဝန်ကြေတယ်။ တို့ကို စစ်သားပေးတယ်၊ စစ်ကြောင်းရိက္ခာ ပေးတယ်၊ ကင်းသမားပေးတယ်၊ ဝန်ထမ်း ပေးတယ်၊ ပညာရေးရံပုံငွေပေးတယ်။”

တို့တတွေ သူတို့လောက်တော်လှန်ရေး တာဝန်မကျေဘူး၊ တလတကြိမ်ရန်သူကို မတိုက်နိုင်ဘူး၊ တို့စစ်ကြောင်း ရောက်ပြီဆိုရင်ဆန် တင်းတရာဖြိုက်ကနဲ ကုန်သွားတာပဲ၊ ဒါကြောင့် စစ်မတိုက်တဲ့အချိန် ပြည်သူ့အကျိုးပြုနေတာဖြစ်တယ်။ ပြည်သူလူထုမပါရင် တို့စစ် တပ်ဟာ သွေးမရှိတဲ့လူဖြစ်သွားမယ်လို့ သြဝါဒပေးလိုက်သည်။ ရန်သူ ခမရ (၆) လည်း ပေါ်မလာသဖြင့် စစ်ကြောင်းမှူးမှ နိုလောပ လယ်သို့ နေရာပြန်ယူရန် ညွှန်ကြားသဖြင့် အစီအစဉ်အတိုင်း ထိုရွာသို့ ချီတက်လေတော့သည်။ စစ်မတိုက်ရတဲ့အချိန် လှည့်လည်သေ နတ်ထမ်း စားသောက်နေတာ မဟုတ်တော့၊ ပြည်သူ့အကျိုးဆောင်မှုလုပ်ငန်းတခု ပြီးသွားသောကြောင့် စိတ်ချမ်းသာ ကြည်နူးမှုတခု ရရှိလိုက်သည်။

ကရင့် လူ့အဖွဲ့အစည်းတွင် ဗုဒ္ဒဘာသာဦးရေ ၈ဝ ရာခိုင်နှုံးရှိသည်။ ရန်သူသည် ကရင်ဘုန်းကြီးတချို့ကိုစည်းရုံးသည်၊ ကရင် သံဃာ အဖွဲ့အစည်းကို ဖွဲ့စည်းထားသည်။ ရရှိထားသောသတင်းအရ ရွာသစ် ဆရာတော်သည် ရန်သူဖွဲ့စည်းပေးထားသော ကရင် သံဃာ့အဖွဲ့ အတွင်းရေးမှူးဖြစ်သည်။ ပြောက်ကျားဒေသများ၌ နှစ်ဘက်မျက်နှာကျင့်သုံးရမည်။ မိမိဘက်တခုတည်းနေ၍မရ၊ ရန်သူ့နှင့်ပါ ဆက်ဆံ ရမည်ဖြစ်သည်။ ဘက်နှစ်ဘက်ယှဉ်ပြိုင် တိုက်ခိုက်ကြရာ၌ စည်းရုံးရေးစွမ်းအင် ကောင်းသူသည်သာ အနိုင်ရမည်ဖြစ်သည်။ စည်းရုံး ရေးဆင်းရာတွင် ထိုင်လေအံနေ၍မရ၊ လူထုနားမလည်သည့် စကားကြီးစကားကျယ်များ ထိုင်ပြောနေ၍မရ။ လက်တွေ့လုပ်ပြရမည်။ အလုပ်နှင့်သက်သေပြရမည်။

ရွာသစ် ဆရာတော်အား စည်းရုံးရန်လိုသဖြင့်၊ အခြေအနေကို စောင့်ဆိုင်းနေသည်။ တပ်တွင်းမှ ရဲဘော်များအား စစ်ကြောင်းချီရာ၌ ဘုန်းကြီးကျောင်းကို ဖြတ်လျှောက်ရပါက စစ်ဖိနပ်မှလွဲ၍ ညှပ်ဖိနပ်စီးသူအားလုံး စစ်သည်၊ ဝန်ထမ်း ဖိနပ်ချွတ်ကြရန်ညွှန်ကြားလိုက် သည်။ ဝတ္တကမြေ ဖြစ်သောကြောင့်ဖြစ်သည်။ တနေ့ မိမိတို့စစ်ကြောင်း ပိုင်ကျုံမြို့နယ်သို့ပြန်ရောက်ပြီး တပ်နေရာချသည်။ ပေါင်၊ ပ အိုဝ့်ရွာ၊ ရွာသစ်၊ ရေပူ၊ ထီးဖိုးတရေး၊ စသည့်ရွာများတွင် တပ်ခွဲအသီးသီးနေရာချသည်။ မိမိတပ်ခွဲရေပူရွာ၌နေရာချသည်။ စေတီတည် ထားသည့် တောင်ကုန်းအမြင့်၌မိမိ တပ်စု (၂) ကိုနေရာချသည်။ တပ်စု (၂) တွင် ၅၇ မမ နောက်ပွင့်ရိုင်ဖယ်ရှိသည်။ တပ်စု (၁) ရွာ ရှေ့တောစပ်၊ တပ်စု(၃) ရွာနောက်တောစပ်၊ ခွဲရုံးအဖွဲ့ဘုန်းကြီးကျောင်း၌ အသီးသီးနေရာချသည်။ ခွဲရုံးအဖွဲ့တွင် ၈၁ မမ စိန်ပြောင်း ရှိသည်။

တပ်စုမှူးများကိုခေါ်၍ …
“ဒီမှာစောင့်ကြည့်၊ ကျောင်းထိုင်ဆရာတော်ဆီက တခုခုကျလာအောင်လုပ်ပြမယ်၊ တပ်စု (၁) က ဟိုးမှာ ကိုရင်တွေ ကုဋ္ဋေတူးနေကြ တယ်။ ဝင်တူးကြ။ တပ်စု (၂) က ဘုရားကုန်းဝန်းကျင်အားလုံးမြက်ရှင်း တပ်စု (၃) က ရွာစာသင်ကျောင်းပတ် လည်သန့်ရှင်းရေးလုပ်၊ ခွဲရုံးအဖွဲ့ကရဲဘော်တွေ ဘုန်းကြီးကျောင်းက သောက်ရေ သုံးရေ ချိုးရေ နှင့် ကုဋ္ဋေရေအကုန်ဖြည့်ထည့်ရန်နှင့် ဝန်ထမ်းများ ဘုန်းကြီး ကျောင်းဝင်းအတွင်းရှိ ရွက်ခြောက်များ အမိုက်သရိုက်များကို တံမြက်စီးလှည်း၊ နောက် မခွဲရသေးသော ထင်းတွေကိုခွဲ”
ဟု တာဝန်ပေးလိုပ်သည်။

မိမိလည်း ကျောင်းဝင်းအတွင်းရှိ သရက်ပင်အောက် မိုးကာခင်းပြီး ရန်သူ့လှုပ်ရှားမှုအခြေအနေသိနိုင်ရန် စက်ဖွင့်နားထောင်နေသည်။ စစ်ကြောင်းမှူး ညွှန်ကြားလာမည့် ညွှန်ကြားချက်များကို စောင့်နားထောင်နေသည်။ မကြာလိုက်ပါ၊ ကပ္ပိယ တယောက်မိမိထံရောက် လာပြီး “အုန်းပင် တက်တတ်သူရှိလား” တဲ့။ “ရှိကြောင်းပြောရာ၊” တပ်ခွဲမှ ရဲဘော်များ စားရန်အတွက် အုန်းသီးခူးခိုင်းသည်၊ ဆရာ တော်မှ ကောက်ညှင်း တတင်းပေးစားသည်။ ရဲဘော်များ ကောက်ညှင်းနှင့် အုန်းသီးခြစ် ပျော်ပျော်ရွှင်ရွှင် စားကြလေတော့သည်။

လူထုကို တကယ်အလုပ်အကြွေးပြုပါ၊ အလုပ်နှင့်သက်သေပြပါ၊ လူထုမေတ္တာအံထွက်လာလိမ်မည် မိမိကိုချစ်ကြည်လေးစားသော ရွာ သားများ မိမိစားရန်အတွက် ကြက်များယူလာသည်။ ၄ ကောင်ဖြစ်သည်၊ ကြက်တကောင်ကို ချက်စားပြီး၊ ကျန်ကြက် ၃ ကောင်အား ကပ္ပိယကို ဆရာတော်အတွက် ဆွန်းချက်ကြွေးရန် ပေးလိုက်သည်။

တညနေ မိမိကို ချစ်ကြည်လေးစားသော ကျေးရွာလူကြီးလာလည်သည်။ ကောက်ညှင်းအရက် ဦးရေတပုလင်း ယူလာသည်။ ဖြစ်ရှိ နေသောကျေးရွာ အခြေအနေများကိုတင်ပြသည်။ “မိုးခေါင်၍ ပိုးဖျက်သဖြင့် စပါးအထွက်နည်းကြောင်း၊” မိမိသဘောပေါက်ပါသည် မြို့နယ်ကော်မတီ မြေယာဌာနတာဝန်ခံမှ လယ်ခွန်များကို အကြေပေးခိုင်းမည်ဖြစ်သည်။ စပါးဈေးကမကောင်း၊ မိုးခေါင်ပိုးဖျက် သဖြင့် စပါးအထွက်နည်းသောကြောင့် လယ်ခွန် အကြေပေးနိုင်မည်မဟုတ်ပေ။ မြို့နယ်ကော်မတီ၊ လယ်ယာဌာနတာဝန်ခံများ လူထု အခြေ အနေကို နားလည်းကြဖို့လိုသည်။
“စည်းရုံးရေးဟာ အဓိကလား။ လယ်ခွန်ဟာ အဓိကလား”
လယ်ခွန်ကို ဦးစားပေးလိုက်ရင် စည်း ရုံးရေးထိခိုက်မည်ကို သိထားရန်လိုသည်။

တပ်ခွဲအားလုံးအသင့်ပြင်ရန် ညွှန်ကြားချက်ရောက်လာသည်။ ဖေါမေး ဘိုမေး စားချက် ထမင်းစားပြီး ချက်ထားရန်ဖြစ်သည်။ ခရီးရှည် ချီတက်ရတော့မည် ဖြစ်သည်။ တနေ့လုံးစစ်ချီသည်၊ နောက်တနေ့ စစ်ချီသည်၊ သံလွင်မြစ်ကို ဖြတ်သည်။ တောင်ကျော်သည်၊ တော တွင်း တနေရာတွင်တပ်ချသည်။ အခြားစစ်ကြောင်းများကိုတွေ့သည်။ ဗိုလ်ကြီးအယ်ထူးဦးစီး (၁ဝ၁) စစ်ကြောင်း၊ ဗိုလ်မှူးတူးတူးဦးစီး စစ်ကြောင်း (၂)၊ ဗိုလ်မှူး ( ) ဦးစီး စစ်ကြောင်း (၄)၊ ဗိုလ်မှူး ( ) ဦးစီး စစ်ကြောင်း (၅)၊ တပ်မဟာဌာနချုပ်၊ လက်နက် ကြီးအဖွဲ့ စစ်ကြောင်းစုံရောက်နေသည်၊ အင်အား ၁၅ဝဝ ကျော်မည်ဖြစ်သည်။ ဝန်ထမ်းအင်အား ၅ဝဝ ထက်မနည်းပေ။

တပ်ခွဲမှူးမှအထက် တပ်မှူးများကို တပ်မဟာမှူး ဗိုလ်မှူးကြီးထင်မောင်ခေါ်တွေ့သည်။ ထိုနေရာ၌ တပ်မှူးစုံကို တွေ့ရသည်။ “ဗိုလ်မှူး ဂျော်စစ်ကြောင်းက ကညှင်ဒုံ ရဲစခန်းကိုတိုက်၊ ကျန်စစ်ကြောင်းများ ကမမောင်းနဲ့ ကတိုင်တိက လာမဲ့စစ်ကူကိုတိုက်မယ်။ ကညှင်ဒုံ စခန်းကို ရောင်ပြတိုက်ပြီး စစ်ကူကို အဓိကတိုက်မယ်။ လိုအပ်မည့်လက်နက်ကြီး၊ လက်နက်ငယ် ကျည်မျိုးစုံဖြည့်ကြသည်။ စစ်ဆင် ရေး ၇ ရက်၊ (----) ရက်။ (န) နာရီ (----) ဟု သတ်မှတ်လိုက်သည်။

ကမမောင်းဘက်မှ လိုက်လာသောစစ်ကူကို တိုက်ရန် (၁ဝ၁) စစ်ကြောင်းနှင့် စစ်ကြောင်း (၂)၊ ကတိုင်တိဘက်မှ လိုက်လာသောစစ် ကူကိုတိုတ်ရန် စစ်ကြောင်း ၄ နှင့် ၅ တို့အသီးသီးတာဝန်ခွဲလိုက်သည်။ စစ်ကြောင်းအသီးသီး သတ်မှတ်နေရာများသို့ ထွက်ခွားကြပါ ပြီ။ မိမိတို့ စစ်ကြောင်းတကြောင်းလုံး တိုက်ရန်မလိုအပ်သေးသဖြင့် တပ်ရင်းမှူး နှင့် ရုံးအဖွဲ့၊ မိမိတပ်ခွဲ (၄) တို့ တပ်မဟာဌာနချုပ်နှင့် ခေတ္တတွဲထားပြီး လိုအပ်သလိုထုတ်သုံးရန် အရံအဖြစ်အသင့် နေထားရန်ဖြစ်သည်။

သတ်မှတ်ထားသည့်နေရာ၌ ပစ်ကျင်းများတူးကြသည်၊ မြေမာသဖြင့်တော်တော်နှင့်မပြီး၊ ညသန်းကောင်ကျော်သွားသည်။ စစ်ကြောင်း အားလုံး သတ်မှတ်နေရာ၌ တပ်ချပြီးသည်နှင့် အစီအစဉ်အတိုင်း စစ်ကြောင်း (၁) မှ ရန်သူကို စပစ်သည်နှင့် သေနတ်သံများပေါ်လာ သည်၊ စက်လက်သံနှင့် လက်နက်ငယ်သံများကြားနေရသည်။ တနေ့လုံး ရန်သူစစ်ကူမလာ၊ နောက်နေ့ဆက်ပစ်သည်၊ စစ်ကူတနေ့ လုံးမလာ၊ နောက်နေ့ မိမိတပ်ခွဲအားပြန်မှာသဖြင့် သူနှင့်ပြန်ပေါင်းလိုက်သည်။
“မထူးတော့ဘူး၊ ရဲစခန်းကိုပဲ အပြတ်တိုက်မယ်” ဟု
စစ်ကြောင်းမှူးဆုံးဖြတ်ပြီး လက်နက်ကြီးများအားလုံး စုပုံပစ်လိုက်သည်။ ရဲစခန်းတချို့မီးလောင်သည်။ နောက်ထပ်တလုံး၊ တလုံးပြီး တလုံး မီးလောင်နေသည်။
“ဟေ့ စစ်ကူပဲ ရှိတယ်၊ ရဲကူမရှိဘူးကွ၊ လက်မြောက်ဟေ့၊ မင်းတို့ကိုဘာမှမလုပ်ဘူး” ဟု အော်ပြောသည်။ အရာရှိနှင့်တူသူ စခန်း တွင်းမှထွက်လာသည်၊ လက်ထဲမှလည်းခြောက်လုံးပြူးတလက်နှင့် လက်မြောက်၍တံတားတဘက်မှ ထွက်လာ သည်။

သေနတ်သံများစဲသွားပါပြီ၊ စစ်ကြောင်းမှူးလည်း တံတားအခြားတဘက်မှတက်သွားပြီး တံတားအလယ်၌ခြောက်လုံးပြူးနှင့် ထွက်လာ သူအားနှုတ်ဆက်လိုက်သည်။ “ခင်ဗျားတို့ ကိုယ်ပိုင်ပစ္စည်းတွေအကုန်ယူ၊ စစ်ပစ္စည်းတွေထားခဲ့” ရန်ပြောပြီး မိမိအားသုံ့ပန်းများကိုကြီး ကြပ်ရန် တာဝန်ပေးအပ်သည်။ ရဲဘော်များစစ်ပစ္စည်းနှင့် လက်နက်များကိုသိမ်းနေသည်၊ သုံ့ပန်းများလည်း အထုပ်အပိုးများကို ယူ၍ ထွက်လာကြသည်။ တနေရာတွင်စုခိုင်းပြီး၊ “ကျနော်နာမည် အေးမောင်ပါ၊ စခန်းမှူး ဒုရဲအုပ်ပါ” တဲ့၊ ရဲများ၏ ငယ်ရွယ်သောဇနီးသည် ၃ ယောက်၊ ခလေး ၂ ယောက်၊ ခလရ (၁၉) မှ စစ်သည် ၂ ယောက်နှင့် ရဲ ၁၇ ယောက်ပေါင်း ၂၄ ယောက်အား စုရပ်တခုသို့ချီတက် ရန်ပြင်ဆင်ခိုင်းသည်။

စထွက်ခွာသည်နှင့် ရဲသားကိုဘချိုသည် အထုပ်အပိုးများကိုထမ်းလျက်၊ ၎င်း၏ ဇနီးသည်မှ သားငယ်လေးကို ပိုးထားသည်၊ အသက် ၄ ၅ နှစ် ခန့်ရှိ ကလေးမလေးမှာမူ ထမ်းပိုးမည့်သူမရှိ၊ လူလွတ်ရဲများလည်း ရဲဘော်စိတ်မရှိ၊ ကလေးမလေးကို မထမ်း၊ မိမိသည် လမ်း လျှောက်လျှက် ထမင်းမစားရသေးသဖြင့် ထမင်းထုပ်ဖြေစားသည်၊ သိုးနန့်ထွက်နေသည်၊ ထမင်းထုပ်၌ ဆားပင်မပါ။ ဆာဆာနှင့် စား လိုက်သည်။ ကိုဘချိုသည်လမ်းလျှောက်နှေးနေသော ၎င်း၏သမီးလေးအားမြန်မြန်လျှောက်ရန်ငေါက်ငန်းနေသည်၊ ဆူနေသည်၊ မြက် ထူနေသောလမ်းတွင် ၅ နှစ်အရွယ်ကလေးမလေး မြန်မြန်မလျှောက်နိုင်။ သတ်မှတ်ချိန် ရောက်ရန်လိုသည်။ ဒီလို လမ်းလျှောက်ပုံမျိုး နှင့်တော့ မရောက်နိုင်၊ ထို့ကြောင့် တခုခုလုပ်ရန် ဆုံးဖြတ်လိုက်သည်။ စားလက်စထမင်းထုပ်ကို ပစ်လိုက်သည်၊ ရေဘူးမှ ရေသောက် လိုက်ပြီး မိမိကာဘိုင်သေနတ်နှင့် စစ်ချပ်ဝတ်တန်ဆာများကို အကူရဲဘော်သို့ပေးလိုက်သည်၊ ဖါကမာကိုထုတ်ကာ…
“ဒီမှာကလေး၊ ဦး ဦးဆီလာ” ဟုဆိုကာ
သူမအားချီ၍ မိမိကျောကုန်းပေါ်တင်ကာ ဖါကမာနှင့် ချီပိုးလိုက်သည်။ လမ်းလျှောက်ရင်း၊ ချီပိုးရင်း …
“နာမည် ဘယ်လိုခေါ်လဲ” ဟုမေးရာ၊
“မိသီတာပါ၊ ဦးဦး” တဲ့၊ အိုးချစ်စရာကောင်းလိုက်တာ၊ မိသီတာလေးကိုချီပိုးနေရင်း မွေးစ မိမိ သမီးကို သတိရမိသည်။ တဆက်တည်း မိမိဖခင်၏ ဆုံးမသြဝါဒများကို ကြားယောင်လာသည်။

“ငါ့သား၊ စစ်တိုက်တယ်ဆိုတာ နိုင်ငံရေးနည်းနဲ့ဖြေရှင်းမရလို့ လက်နက်နဲ့ခုခံနေရတာ၊ စစ်ဖြစ်ရင် ပျက်စီးဆုံးရှုံးကြမယ်၊ သေကြေအ နာတရဖြစ်မယ်၊ အဖမ်းအဆီးတွေရှိမယ်၊ ဒါတွေဟာမရှိသင့်၊ မဖြစ်သင့်တဲ့အရာတွေဖြစ်တယ်။ ပြည်ထောင်စုဘွား ညီနောင်တွေကြား ညီရင်းအစ်ကိုစိတ်ဓါတ်နဲ့ နိုင်ငံရေးပြသနာကို ဖြေရှင်းလို့မရနိုင်ဘူးလား။ တယောက်နဲ့တယောက်လက်နက်နဲ့အနိုင်ကျင့် အပြုတ်တိုက် လို့ကောရနိုင်ပါ့မလား။ စစ်ပွဲရှည်ကြာလေ၊ တိုင်းပြည်နစ်နာလေ၊ အသေအပြောက်များလေပဲ”
“နောက် စစ်မြေပြင်မှာ ရန်သူကိုဖမ်းမိ မယ်၊ ဒဏ်ရာနဲ့ဖြစ်ချင်ဖြစ်မယ်၊ အကောင်းပကတိ ဖြစ်ချင်ဖြစ်မယ်၊ အမျိုးသမီးတွေပါချင်ပါမယ်၊ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ်၊ သုံ့ပန်းပေါ်လစီအတိုင်းကျင့်သုံးပါ။ ကိုယ်ချင်းစာပါ။ သုံ့ပန်းဖြစ်တာနဲ့ ရန်သူမဟုတ်တော့ဘူး၊ ဒီတော့ သခင်ခရစ်တော်ရဲ့ သွန်သင်မှုအတိုင်း မိမိရန်သူကို ချစ်ပါ Love your Enemy ကျင့်သုံးပါ။ အပစ်မဲ့ မှီခိုသူတွေကို ကျင်နာပါ။

မိသီတာလေး မိမိကျောကုန်းပေါ်တွင်အိပ်ပျော်လျှက်ပါလာသည်၊ မိမိအတွေးထဲ၌၊ “ဒီကလေးတွေ၊ အမျိုးသမီးတွေဟာ မှီခိုသူတွေ၊ အ ပစ်မဲ့တွေဖြစ်တယ်၊ အဖမ်းခံရတဲ့ရဲနဲ့စစ်သားတွေကလဲ လက်နက်မရှိတော့လို့ ဒို့ရန်သူတွေမဟုတ်တော့ဘူး၊ ပြည်ထောင်စုဖွားညီနောင် တွေဖြစ်တယ်ဟု ခံယူထားသည်။ မိမိအတွေးထဲ၌ ၁၉၅၈ ခုနှစ်တွင် မိမိမွေးမေမေနှင့် ညီလေး၊ ညီမလေးများအဖမ်းခံရသည်။ ၆ လ ကြာသည်၊ ဘာကြောင့်ဖမ်းကြတာလဲ။ မှီခိုသူနဲ့ကလေးတွေပဲ၊ တဖန် ၁၉၆၆ ခုနှစ်တွင် မွေးမေမေနှင့် ဆယ်တန်းကျောင်းသူ ညီမလေး ပိုးပိုးဇန်၊ အသက် ၇၈ နှစ်ရှိနေပြီးဖြစ်သော ဖိုးဖိုးတို့ အဖမ်းခံရပြန်သည်။ ထောင်ထဲ၌ နှိပ်စက်ညှင်းပန်းခံရသဖြင့် ကွယ်လွန်သွားသည်။ ၇ နှစ်ကြာသည်။ ဘာကြောင်းဖမ်းကြတာလဲဗျာ။ မှီခိုသူ အပစ်မဲ့သူတွေမဟုတ်ပါလား။

ရန်သူတွေဟာကရင်ပြည်ထဲကို ကျူးကျော်လာပြီးသတ်ချင်တိုင်းသတ်၊ ဖမ်းချင်တိုင်းဖမ်း၊ မုဒိန်းကျင့်ချင်တိုင်းကျင့်၊ အိမ်မီးရှို့ချင်သလို့ ရှို့၊ ပေါ်တာဆွဲချင်သလိုဆွဲနေကြပါလား။ ကျနော်တို့ကရင်တွေဟာ ပြည်ထောင်စုသားတွေမဟုတ်လား။ ညီကိုမောင်နှမတွေ မဟုတ် လား။ လူတွေမဟုတ်လား။ ကိုယ်ချင်း မစာတတ်ဘူးလား။ နှမချင်း မစာတတ်ဘူးလား။

ဘာပဲဖြစ်ဖြစ် ကိုယ့်သမိုင်း ကိုယ်ရေးနေကြတာဖြစ်သည်။ “ဦးဦး ရေဆာတယ်” ဟု ..
မိသီတာလေး အသံကြားတော့မှ မိမိအတွေးပြတ်သွားတော့သည်။
“အေးအေး” ဟု ပြောပြီး၊ မိမိအကူရဲဘော်၌ ရှိနေသောရေဘူးကိုယူ၍ တိုက်လိုက်သည်။ တောင်တက်တောင်ဆင်းကများ၊ ခရီးကဝေး ဆိုတော့ မိမိနဖူးမှ ချွေးများစီးကျလာသည်။ သို့သော်မိမိ မောရမှန်း ပန်းရမှန်းမသိ၊ မိမိဖခင် ပေးခဲ့သောတော်လှန်ရေး ဒဿနနှင့် သ ခင်ခရစ်တော်၏ ဆုံးမသြဝါဒတို့ကို လက်တွေ့အကောင်အထည် ဖေါ်ခွင့်ရသောကြောင့် ဝမ်းသာပီတိ ဂွမ်းဆီထိလို ဖြစ်ရပါသည်။

စုရပ်သို့ရောက်ပါပြီ။ ၎င်းတို့အားအနားပေးသည်။ ညဘက်လဘက်ရည် နှင့် မုန့်ဧည့်ခံပြီး မိမိတို့၏ကရင့်တော်လှန်ရေး လမ်းစဉ်လုပ် ငန်းစဉ်များကိုရှင်းပြသည်။ “သုံ့ပန်းတွေကို ကင်းစောင့်ရန်လိုသေးလား” ဟု ရဲဘော်များမေးရာ၊ “လက်နက်မှမရှိတော့ပဲ သူတို့ကိုစောင့် ဖို့မလိုတော့ဘူး” ဟုပြောလိုက်သည်။ နောက်နေ့မိမိတို့စစ်ကြောင်းမှူးပါဝင်သည့် ဘော်လီဘောအဖွဲ့နှင့် ရဲများ မိတ်ဖြစ်ဆွေဖြစ် ဘော် လီဘောပုတ်ကြသည်။ မိမိတို့ကိုမနိုင်ပါ။ သို့သော် မိမိရဲဘော်များနှင့် ရဲများပျော်ရွှင်ကြသည်၊ ရန်သူများမဟုတ်ကြတော့။ ထိုအချိန် လေးသည်ငြိမ်းချမ်းသော ကမ္ဘာငယ်လေးတခု ယာယီဖြစ်သွားသဖြင့်ကြည်နူးမိသည်။ နောက်နေ့၎င်းတို့ကို ရင်းပိုင်းရွာသို့ပို့ပြီး ဗဟိုကွန် မန်ဒိုများလက်သို့ အပ်လိုက်သည်။ ဗိုလ်ချုပ်မြမှ ၎င်းတို့အားတွေ့လိုသည်ဟု သိရသည်။ မိမိသည် စစ်မြေပြင်၌ လူသားဖြစ်သည့် မိသီ တာလေးကို လူသားဆန်ဆန်ပြုမူကျင့်သုံးလိုက်ရသဖြင့် လူ့ဘဝကိုပေးခဲ့သောမိဘနှစ်ပါးနှင့် သခင်ခရစ်တော်ကို ကျေးဇူးတင်မိသည်။ သမိုင်းပေးတာဝန်တခုနှင့် တိုက်ပွဲတပွဲတော့ပြီးသွားပါပြီ။ ရှေ့ဆက်ပြီးတိုက်ပွဲဘယ်နှစ်ပွဲ ဆက်တိုက်နေကြရဦးမှာလဲဗျာ။

မှတ်ချက်…
စစ်မြေပြင်၌ မိမိကိုင်ဆောင်ခဲ့သော ကာဘိုင်လက်နက်သည်၊ မိမိဖခင်ပေးခဲ့သော တော်လှန်ရေးအမွေ ပစ္စည်းဖြစ်သည်။ မိမိတို့ ညီအစ် ကို ၃ ယောက်စလုံးကို ထိုအမွေကိုသာပေးနိုင်ခဲ့သည်။ အကယ်၍ မိသီတာလေးတယောက် သက်ရှိထင်ရှားနေသေးပါက ပြည်ထောင် စုတဝန် ငြိမ်းချမ်းသာယာဝပြောရေး၊ တန်းတူရေး၊ ဒီမိုကရေစီရေး၊ တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေးကို တန်ဖိုးထားရေးအတွက် ထမ်းဆောင်နိုင်ပါစေ..

- မိသီတာလေးတယောက် သက်ရှိထင်ရှားနေသေးပါက ပြည်သူလူထုကလေးစား ချစ်မြတ်နိုးတဲ့ ဒုတိယ ဒေါ်စုဖြစ်လာပါစေ
- အကယ်၍ စခန်းမှူး ဒုတိယရဲအုပ် ဦးအေးမောင်တယောက် သက်ရှိထင်ရှားသေးပါက ပြည်သူလူထုကို အလုပ်အကြွေးပြုသည့် ပြည် ချစ်ရဲများဖြစ်လာပါစေ
- အကယ်၍ ကညှင်ဒုံ ရဲစခန်းမှ ရဲသုံ့ပန်းများသက်ရှိထင်ရှားသေးပါက၊ ပြည်သူ့အကျိုးစီးပွားများကို ကာကွယ်နိုင်ကြပါစေ ဟု ဆန္ဒပြု လိုက်ပါသည်။

မန်းရောဘတ် ဘဇန် ဖူးကီးဒို


၁၂ ၊ ၂၅ ၊ ၂ဝဝ၉။

Monday, 30 August 2010

ကရင့်အမျိုးသား လွတ်မြောက်ရေး ခရီးနှင့် … စောဘိုမြ၏ ဗိုလ်ချုပ်မြ (သို့မဟုတ်) စစ်သားစိတ်နှင့် နိုင်ငံရေးလုပ်သူ အပိုင်း(၁)


ဆောင်းပါး
မင်းဟန်
ကြာသပတေးနေ့၊ ဧပြီလ 09 2009 16:44 - မြန်မာစံတော်ချိန်


(ဝ)

`ထီးမူးခီး`ရွာက ကျောက်ကြီးမြို့နယ်နှင့် ဖာပွန်မြို့နယ်အကြားရှိသည့် တောင်ပေါ်ရွာလေးဖြစ်သည်။ မြန်မာလိုပြန်လျှင်မူ `ရေချောင်းဖျား`ရွာဟု ဆိုရမည်။ ရွာက အိမ်ခြေ ၃ဝ ထက်မပို…..။ ကရင်လူမျိုးများသာ နေထိုင်ကြသည့် တောင်ပေါ် ကရင်ရွာလေးဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေးက ခက်ခဲ၏။ တတောင်ဆင်း တတောင်တက် သွားရသည့် ခြေလျင်ခရီးသာ ရှိသည်။ စီးပွားရေးက မြေယာစီးပွားရေးသာ ရှိ၏။ တောင်ယာခုတ်၍ စပါးစိုက်မည်၊ နှမ်းစိုက်မည်။ ကုန်သွယ်ကူးသန်းရောင်းဝယ်မှု မရှိ…..။

ငါးပိ၊ ဆေး၊ ဆား ဝယ်လိုလျှင် …. မူသယ်-ဗျက်ကောမှတဆင့် ကျောက်ကြီးသို့ဆင်းပြီး တနှစ်စာ ဝယ်ထားကြရ၏။ စာသင်ကျောင်း မရှိ၊ ဆေးပေးခန်း မရှိ။ ကိုးကွယ်မှုကား ….. ရိုးရာနတ်ကိုးကွယ်မှုသာ ကိုးကွယ်ကြ၏။ ထိုရွာလေးတွင် … သူ့ကို ၁၉၂၇ ခုနှစ် ဇန်နဝါရီလ ၂ဝ ရက်နေ့က မွေးဖွားခဲ့သည်။ ဖခင်က ``စောဂယ်``….၊ မိခင်ကမူ ``နော်ဒါးဆဲ`` ဖြစ်သည်။ သူ့တွင် သူ အပါအဝင် မွေးချင်းညီနောင် ၁၂ ယောက် ရှိသည်။ သူကား ဆယ်ဦးမြောက် သားဖြစ်သည်။ သူ့အထက်တွင် အမ ၇ ယောက်ရှိသည်။ သူ့အောက်တွင်ကား ညီတယောက်နှင့် ညီမငယ်တယောက်ရှိ၏။

ထိုဒေသရှိ အိမ်များကို အမိုးမိုးရာတွင် ဖက်မသုံး။ ``ကျသောင်းဝါး`` များကို ခြမ်း၍ မှောက်ခုံ၊ ပက်လက် ယှက်၍ ထပ်ပြီး မိုးကြ၏။ လေကွယ်ရအောင် တံခါးများ ဖောက်၍ အခန်း ဖွဲ့ကြ၏။ ရာသီက အေး၏။ အိမ်အလယ်တွင် မီးဖိုကြီးအား ဖိုထားကြရ၏။ ညအိပ်လျှင် မီးဖိုဘေးကပ်၍ အိပ်ကြရသည်။ ထိုတောင်ပေါ်ရွာလေးတွင်ပင် သူ၏ ခလေးဘဝ ဖြတ်သန်းကြီးပြင်းခဲ့ရ၏။

(၁)

ထီးမူခီးတွင်က အတန်းကျောင်း မရှိ၊ ပညာသင်ချင်လျှင် ဖာပွန်သို့တက်၍ သင်ကြရသည်။ သူလည်း မူလတန်းပညာကို ဖာပွန်သို့တက်၍ သင်ကြားခဲ့ရ၏။ သူ ကျောင်းစနေသည့် နှစ်က ….. ၁၉၃၆ ခုနှစ် ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်တွင် ကိုနု၊ ကိုအောင်ဆန်းတို့ ဦးဆောင်ပြီး ကိုလိုနီပညာရေး သပိတ်မှောက်ကြသည့် နှစ်ဖြစ်သည်။ ကိုလိုနီပညာရေးကိုပင် သူသည် ဆုံးခန်းတိုင်အောင် မသင်ကြားခဲ့ရ….။ ဒုတိယကမ္ဘာစစ်ကြီးက ကျောင်းသင်္ခန်း၏ တံခါးများကို ပိတ်စေခဲ့၏။ ၁၉၄၂ တွင်ပင် သူသည် ကျောင်းပညာရေးနှင့် ဝေးခဲ့ရ၏။ ထိုစဉ်က သူ့အသက်သည် ၁၅ နှစ်ခန့် ရှိခဲ့လေပြီ။ ကျောင်းထွက်ပြီးနောက် သူသည် ထီးမူခီးသို့ မပြန်ဖြစ်။ ဖာပွန်တွင်ပင် ရှိနေ၏။

နေမျိုးနွယ်တပ်ကြီးက နယ်စပ်ကို ဖြတ်ကျော်ကာ မြန်မာပြည်ကို သိမ်း၏။ ဖာပွန်တွင် အုပ်ချုပ်ရေးအဖွဲ့သစ် ဖွဲ့၏။ ဘီအိုင်အေ အုပ်ချုပ်ရေး….။ ဖာပွန်မြို့ကာကွယ်ရေးအတွက် လက်နက်ကိုင် ပုလိပ်တပ်ဖွဲ့ ဖွဲ့သည်။ ထိုပုလိပ်တပ်ဖွဲ့သို့ သူ ဝင်လိုက်သည်။ ပုလိပ်တပ်သားအဖြစ် ``ဖွဂေါ်``တွင် တာဝန်ကျ၏။ ဗြိတိသျှတပ်သားအချို့က အိန္ဒိယသို့ ဆုတ်ခွာရာတွင် ပါမသွားဘဲ ဖာပွန်တောင်တန်းများအတွင်း ခိုအောင်း၍ ကျန်နေခဲ့ကြသည်။ ထိုသူတို့နှင့် သူသည် အဆက်အသွယ်ရှိ၏။ မကြာခဏ တွေ့၏။ ဖက်ဆစ်ဂျပန် တော်လှန်ရေးအတွက် ပြင်ဆင်ကြ၏။

မကြာ ….. ဗြိတိသျှစစ်တပ်မှ ဗိုလ်မှူးကြီး နီးမိုးနှင့် ဗိုလ်အဲရယ်တို့ နှစ်ဦး လေထီးနှင့် ဆင်းလာကြသည်။ သူတို့နှင့်အတူ အချက်ပြဆက်သွယ်ရေး စက်လည်း ပါလာသည်။ နောက်ပိုင်းတွင်မူ မကြာ …မကြာ အိန္ဒိယမှ လေထီးတပ်သားတို့ ဖာပွန်ဒေသ၌ ဆင်းကြ၏။ Force – 136 မှ တပ်သားများ ဖြစ်သည်။ ထိုလေထီးဆင်း တပ်သားများတွင် မြန်မာလူမျိုးများလည်း ပါ၏။ ဖတပလနှင့် Force – 136 အစီအစဉ်နှင့် ဆင်းလာကြသော ဖက်ဆစ်တော်လှန်ရေး ရဲဘော်များ ဖြစ်သည်။

(၂)

၁၉၄၅ ခုနှစ်။

နွေဦး…။

ဖက်ဆစ်တော်လှန်ရေးက ရင့်မှည့်၍ နေလေပြီ။ Force – 136မှ တပ်မှူး ``ကာနယ်ဖီးကော့``သည် အင်အား ၃ဝဝ ခန့်နှင့် ဖာပွန်ဒေသတွင် အခြေပြုပြီး ဂျပန်တော်လှန်ရေးအတွက် ပြင်ဆင်လျက်ရှိသည်။ ထိုနွေဦးတွင်ပင် သူနှင့်အတူ ``ဖွဂေါ်``တွင် တာဝန်ကျသည့် ကရင်လူမျိုး ပုလိပ်တပ်သား အားလုံးသည် Force – 136 သို့ သွားရောက်၍ ပူးပေါင်းလိုက်ကြသည်။ Force – 136 မှ သူတို့အား စစ်သင်တန်းပေး၏။ ယူနီဖောင်းများ ထုတ်ပေး၏။ လက်နက်များက အသစ်များ …. အိန္ဒိယမှ လေယာဉ်နှင့် ချပေးသည့် လက်နက်ခဲယမ်းများ ဖြစ်သည်။ သင်တန်းဆင်းပြီးနောက် သူတို့အား Force – 136 ၏ ဦးဆောင်မှုအောက်ရှိ ကရင်ပြောက်ကျား တပ်အဖြစ် လှုပ်ရှားစေ၏။ သူတို့၏ တပ်ဖွဲ့သည် အင်အား ၅ဝဝ ခန့် ရှိသည်။ ခေပူ၊ သောသီခို၊ မော်ခီး၊ တောင်ငူ၊ ဇရပ်ကြီး နယ်မြေအတွင်း Force – 136 နှင့်အတူ… သူတို့ ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့ရ၏။

(၃)

ဖက်ဆစ်တော်လှန်ရေး ပြီးသည့်နောက် သူသည် UMP ဟု ခေါ်သည့် ပြည်ထောင်စု စစ်ရဲတပ်သို့ ဝင်ရောက်ခဲ့သည်။ ထိုစဉ်က …. မြန်မာပြည်ရှိ လက်နက်ကိုင်တပ်များတွင် … ကန္ဒီဆွေးနွေးပွဲအရ ဖွဲ့စည်းခဲ့သည့် တပ်မတော်တပ်ရင်းများ ရှိ၏။ ပြည်သူ့ ရဲဘော်တပ်ဖွဲ့များ … သောင်းကျန်းမှု နှိမ်နှင်ရေး တပ်ဖွဲ့များ … နှင့် KNDO ၊ MNDO တပ်ဖွဲ့များ ရှိသည်။

ပြီးလျှင် ….. ရှမ်းပုလိပ်တပ်များနှင့် ပြည်ထောင်စု စစ်ရဲတပ်တို့ ရှိကြ၏။ သခင်အောင်ဆန်း ဦးဆောင်သည့် ဖဆပလ သည် တမျိုးသားလုံး လွတ်မြောက်ရေးအတွက် နည်းလမ်းပေါင်းစုံနှင့် လုပ်ကိုင်ဆောင်ရွက်လျက် ရှိသည်။ သခင်အောင်ဆန်းသည် လန်ဒန်သို့သွားပြီး ဗြိတိသျှနန်းရင်းဝန် အက်တလီနှင့် ဆွေးနွေး၏။ အောင်ဆန်း-အက်တလီ စာချုပ် ချုပ်ဆို၏။

အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုများက အရှိန်အဟုန်နှင့် မြင့်တက်နေသည်။

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်တွင် ရန်ကုန်မြို့ရှိ `ဗင်တန်` ခန်းမ၌ ကရင်အမျိုးသား ကွန်ကရက် ကျင်းပ၏။ ကရင်အမျိုးသား ကိုယ်စားလှယ် ၇ဝဝ ခန့် တက်ရောက်ကြ၏။ ထိုကွန်ကရက်၌ ကရင်ဗဟိုအစည်းအရုံး KCO နှင့် ကရင်လူငယ်များ အစည်းအရုံး KYO ပေါင်း၍ ကရင့်အမျိုးသား အစည်းအရုံး KNU ဖွဲ့စည်းခဲ့သည်။ ၁၉၄၇ ခုနှစ် အောက်တိုဘာလ ၃ ရက်နှင့် ၄ ရက်နေ့များတွင် KNU မှ မော်လမြိုင်မြို့၌ ညီလာခံတရပ် ခေါ်ယူခဲ့၏။ မော်လမြိုင်ညီလာခံမှ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံကြောင်း ထုတ်ပြန်ခဲ့၏။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ကရင်အမျိုးသားများအတွက် ကျေနပ်လုံလောက်သည့် ကရင်ပြည်နယ်နှင့် ကရင်အစိုးရ ဖွဲ့စည်းရေး မပါရှိဟု ဆိုကြသည်။

၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံသည် ဗြိတိသျှ ကိုလိုနီတံပိုးအောက်က လွတ်မြောက်ကြောင်း လွတ်လပ်ရေး ကြေညာခဲ့၏။ ဖဆပလ ဦးဆောင်သည့် လွတ်လပ်ရေး အစိုးရအဖွဲ့ ဖွဲ့စည်းခဲ့၏။

၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကရင်အမျိုးသား ခေါင်းဆောင် စောဘဦးကြီးနှင့် သရာသာထိုက သထုံမြို့နယ် အင်းဝိုင်းရွာ လူထုအစည်းအဝေးတွင် ကရင်ပြည်နယ် သီးခြားရရှိရေး တရားများ ဟောကြ၏။ KNDO ကလည်း ၃ ရက်နေ့ နေ့စွဲနှင့် ကရင်ပြန်နယ် သီးခြား ဖွဲ့စည်းပေးရန် ထုတ်ပြန်ကြေညာချက် ထုတ်၏။ ဆန္ဒပြ တောင်းဆိုမှုများက ကရင်အမျိုးသားများ နေထိုင်သည့် နေရာဒေသတိုင်း၌ ထုတ်ဖော်ပြသ၍ လှုပ်ရှားလာကြ၏။

`ကရင်ပြည်နယ် ချက်ချင်းပေး`

`ကရင်တကျပ် ဗမာတကျပ် ချက်ချင်းပြ`

`လူမျိုးရေး အဓိကရုဏ်း အလိုမရှိ`

` ပြည်တွင်းစစ် အလိုမရှိ`

(၄)

၁၉၄၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့….။

အင်းစိန်စစ်မျက်နှာမှ စ၍ လက်နက်ကိုင် ကရင့်တော်လှန်ရေးသည် တရားဝင် စတင်ခဲ့၏။ ထိုမတိုင်မီကမူ …. အချို့ဒေသများတွင် KNDO နှင့် ကရင် စစ်ရဲတပ်ဖွဲ့များ၏ လက်နက်ကိုင်တိုက်ပွဲ ဆင်နွှဲခဲ့သည်များ ရှိခဲ့၏။ KNU နှင့် KNDO တခုလုံးအနေနှင့် မဟုတ် …..။ စောဘဦးကြီး၊ မန်းဘဇံ၊ သရာသာထို စသည့် ကရင်ခေါင်းဆောင်များက ဖြစ်ပေါ်နေသည့် ကရင့်လက်နက်ကိုင် တော်လှန်ရေးများ ထိန်းသိမ်းနိုင်ရန် ဖဆပလ နှင့် ညှိနှိုင်းဆောင်ရွက်နေကြသေး၏။ မရ….။

သမိုင်းက ငြိမ်းချမ်းရေးတေး မရေးဖွဲ့….။ လက်နက်၊ ပြာပုံ၊ ယမ်းငွေ့နှင့် သွေးပင်လယ် ရေးထိုး၏။

(၅)

တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး မင်းမောင် (နောင် KNU ဗိုလ်ချုပ်မင်းမောင်) ဦးစီးသည့် ကရင့်သေနတ်ကိုင် တပ်ရင်း (၁) သည် တောင်ငူကို သိမ်း၏။ ပြီးလျှင် … သံတောင်၊ ဒိုက်ဦး၊ ညောင်လေးပင်၊ ပဲခူးရှိ KNDO တပ်များနှင့် ပူးပေါင်း၍ အင်းစိန် စစ်မျက်နှာသို့ ဆင်းလာ၏။ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီးမြမောင် (နောင် KNU ဗိုလ်ချုပ်မြမောင်) ဦးစီးသည့် ကရင့်သေနတ်ကိုင် တပ်ရင်း (၂) သည်လည်း ပြည်ကို သိမ်းပိုက်ပြီး ရန်ကုန်-ပြည်လမ်းအတိုင်း အင်းစိန် စစ်မျက်နှာသို့ ချီလာ၏။

ဦးနု၏ ဖဆပလ အစိုးရကား … ရန်ကုန် ၇ မိုင်ပတ်လည်တွင်သာ ရုံးစိုက်၍ အာဏာစစ်ကို ဖြန့်ထားနိုင်တော့၏။

သူသည် ကရင့်လက်နက်ကိုင် တော်လှန်ရေး စတင်သည်နှင့် ပြည်ထောင်စု စစ်ရဲတပ် (UMP) မှ ထွက်၍ ကရင့်လက်နက်ကိုင် တော်လှန်ရေးသို့ ဝင်ခဲ့၏။ ကရင့်လက်နက်ကိုင်တပ်ဖွဲ့ `သံလွင်` တပ်ရင်းကို ဖွဲ့၏။ သံလွင်တပ်ရင်းတွင် သူသည် တပ်ကြပ်ကြီး အဆင့်နှင့် တာဝန်ထမ်းဆောင်၏။ သံလွင်တပ်ရင်းက ညောင်လေးပင်၊ ဒိုက်ဦးနယ်များတွင် တိုက်ပွဲများ ဆင်နွှဲရသည်။ ၁၉၅ဝ ခုနှစ် နွေဦးအထိ ဖြစ်သည်။ ၁၉၅ဝ ခုနှစ် သင်္ကြန်မကျမီတွင် သူတို့၏ သံလွင်တပ်ရင်းကို ညောင်လေးပင်မှ ဘီးလင်း၊ ကျိုက်ထိုဘက်သို့ ပြောင်းရွှေ့ရန် တာဝန်ပေး၏။ ထိုအချိန်၌ သူသည် သံလွင်တပ်ရင်းတွင် တပ်ခွဲမှူး တယောက်အဖြစ် တာဝန်ထမ်းဆောင်နေသည်။

ကိုးကား …

- စောဘိုမြ၏ ကျနော်တင်ပြလိုသည့် ကျနော့ ဖြတ်သန်းမှု အစစ်အမှန်

- ကရင်သမိုင်း သုတေသနအဖွဲ့မှ ထုတ်ဝေသည့် နိုင်ငံသစ်စာစောင် (အမှတ် ၁ မှ ၇ အထိ)

- ဖူးကီးဒို၏ မန်းဘဇံနှင့် ကရင့်တော်လှန်ရေး

- ဆရာကြီး ဖူးစကောလယ်တော၏ ကရင်တော်လှန်ရေး သမိုင်းမှတ်စုများ

- အောင်စောဦး၏ ပြည်တွင်းစစ် နှစ် (၅ဝ)

- ဝင်းတင့်ထွန်း၏ အမှောင်ကြားက ဗမာပြည်

- သခင်တင်မြ၏ ဘုံဘဝမှာဖြင့် (အတွဲ - ၅)

- BLC သင်တန်းကျောင်းတွင် ပြောကြားခဲ့သည့် ဗိုလ်ချုပ်မြ၏ မိန့်ခွန်း စီဒီချပ်

- သနူထူး ဂျာနယ်များ

- ကရင့်သတင်းစဉ်

- KNU နှင့် နဝတကြား တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်၍ KNU ၏ ရှင်းလင်း ချက်စာတမ်း



--------------------------------------------။----------------------------------------------

ကရင့်အမျိုးသား လွတ်မြောက်ရေး ခရီးနှင့် … စောဘိုမြ၏ ဗိုလ်ချုပ်မြ (သို့မဟုတ်) စစ်သားစိတ်နှင့် နိုင်ငံရေး လုပ်သူ အပိုင်း (၂)


ဆောင်းပါး
မင်းဟန်
သောကြာနေ့၊ ဧပြီလ 10 2009 14:57 - မြန်မာစံတော်ချိန်


(၆)

၁၉၅ဝ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကရင်အမျိုးသား ကွန်ကရက်ကို ဖာပွန်တွင် ကျင်းပ၏။ စောဘဦးကြီးကိုယ်တိုင် ကွန်ကရက်ကို ဦးဆောင်၏။ တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်၊ သထုံခရိုင်၊ မော်လမြိုင်ခရိုင်၊ မြိတ်-ထားဝယ်ခရိုင်နှင့် မြစ်ဝကျွန်းပေါ်တိုင်းတို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ စောဘဦးကြီးက သဘာပတိ အဖွင့်မိန့်ခွန်း ချွေသည်။

``ကရင့်တော်လှန်ရေးသမားများအားလုံး ရန်ကုန်သို့ ဆင်းပြီး၊ လည်စင်းမခံသရွေ့ တော်လှန်ရေးဟာ မကျဆုံးဘူး …. ကရင်ပြည် ရဖို့အတွက်က နည်းလမ်း ၃ ခု ရှိတယ်။

တစ်က … ရသင့်ရထိုက်တာကို အုပ်စိုးသူက ရိုးရိုးသားသားနဲ့ ပေးလို့ရတာ ဖြစ်တယ်။ ဒါကလည်း ဘယ်တော့မှ အုပ်စိုးသူဟာ ပေးမှာမဟုတ်ဘူး။

နှစ်က …. တိုက်ယူလို့ ရတာဖြစ်တယ်။

သုံးက … ပတ်ဝန်းကျင်အခြေအနေကြောင့် ရတာဖြစ်တယ်။

ဒီအတွက် ကျနော်တို့က တမျိုးသားလုံးက ဒီမူ ၄ ချက်ကို လိုက်နာကြဖို့ လိုမယ်``

``လက်နက်ချစကား မပြောရ``

``ကရင်ပြည်ကြီး ပြည့်စုံရမည်``

``ကရင့်လက်နက် ကရင့်လက်ထဲမှာ ရှိရမည်``

``ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့် ရှိရမည်``

(၇)

၁၉၅ဝ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့တွင် စောဘဦးကြီးနှင့် ဗိုလ်ချုပ်စိုင်းကေတို့ တိုက်ပွဲအတွင်း ကျဆုံးခဲ့ကြ၏။ စောဘဦးကြီး ကျဆုံးပြီးနောက် ကရင့်တော်လှန်ရေးအတွင်း ခေါင်းဆောင်အခက်အခဲ ရှိလာ၏။ မန်းဘဇံနှင့် စောဟံတာသာမွှေးတို့က မြစ်ဝကျွန်းပေါ်တွင် ကရင့်တော်လှန်ရေးကို ဦးဆောင်နေကြရပြီး အရှေ့တိုင်းသို့ မလာနိုင်ကြသေး….။ ထို့အတွက် … အရှေ့တိုင်းတွင် Kaw Thoo Lei Government Body (K.G.B) ဖွဲ့ပြီး ဦးဆောင်မှု တည်ဆောက်ရ၏။

၁၉၅၄ ခုနှစ်တွင် အရှေ့တိုင်းသို့ မြစ်ဝကျွန်းပေါ်တိုင်းမှ စောဟန်တာသာမွှေး ရောက်ရှိလာပြီး (KGB) ကို ဖျက်သိမ်းခဲ့သည်။ ထို့နောက် …. ကရင့်တော်လှန်ရေးကောင်စီ (KRC) ဖွဲ့၏။ (KRC) တွင် ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်၏။ ကရင့်လက်နက်ကိုင် တပ်ဖွဲ့ (KAF) ကို ဖျက်သိမ်းပြီး၊ ကရင့် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (KPLA) နှင့် ကရင့် ပြည်သူ့ပြောက်ကျား တပ်ဖွဲ့ (KPGF) တို့ကို ဖွဲ့စည်းပြန်သည်။

သူသည် စောဟန်တာသာမွှေး အသစ်ဖွဲ့စည်းလိုက်သည့် (KPLA) တပ်ရင်း (၁) တွင် တပ်ရင်းမှူးအဖြစ် တာဝန်ပေးအပ်ခြင်း ခံရ၏။ ကရင့်လက်နက်ကိုင် တပ်များ၏ ဦးစီးချုပ်မှာ ဗိုလ်ချုပ်မင်းမောင် ဖြစ်သည်။

(၈)

တပ်မဟာ (၆) ကြာအင်းဆိပ်ကြီးဘက်တွင် တာဝန်ကျသည့် တပ်ရင်းမှူး ထွန်းငြိမ်း ရန်သူ့ထံသို့ လက်နက်ချ ဝင်ရောက်သွား၏။ ဖားအံဘက်မှလည်း Light Brigade မှ တပ်ရင်းမှူး စံဘော် လက်နက်ချပြန်သည်။ အခြား တပ်ရင်းများမှလည်း ၁ဝ ယောက် ….အယောက် ၂ဝ စသည်ဖြင့် လက်နက်ချကြ၏။ ထိုအချိန်၌ … သူ၏ တပ်ရင်းသည် ဖားအံခရိုင် ပိုင်ကျုံဘက်တွင် အခြေပြုလှုပ်ရှားလျက် ရှိသည်။ ရန်သူတပ်မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ယဉ်အေးသည် သူ့ထံသို့ စာရေး၏။

``အခု ကရင်ပြည်နယ်ကို ပေးလိုက်ပြီဖြစ်တယ်။ ဒါပေမဲ့ ပြည်နယ်ကို စောင့်ရှောက်မယ့်တပ် မရှိပါ။ ဒါကြောင့် ခင်ဗျားတို့ ကျုပ်တို့ဆီ ပြန်လာပြီး ပူးပေါင်းလိုက်ပါ။ ပြည်နယ်လုံခြုံရေးတာဝန်ကို ခင်ဗျားတို့လက်ထဲ အပ်မယ်။ ဒါပြီးရင် ကျနော်တို့ ဗမာတပ်တွေဟာ ရန်ကုန်မှာပဲ ပြန်နေမယ်။ ခင်ဗျားတို့က ဗမာတပ်ကို တွေ့ချင်ရင် ရန်ကုန်ကို သွားမှ တွေ့ရလိမ့်မယ်``

ယဉ်အေး၏ စာကို ရလျှင် သူနှင့် သူ့တပ်မှူးများ တိုင်ပင်ကြသည်။ နောက်ဆုံး …. ရန်သူ၏ ပြောကြားချက် ဟုတ်၊ မဟုတ်… ။ မှန်၊ မမှန် … သိစေရန်အတွက် လက်တွေ့စမ်းသပ်ရန် ဆုံးဖြတ်လိုက်ကြ၏။

ရန်သူကမ်းလှမ်းသကဲ့သို့ သူတို့ သွားကြမည်။ အခြေအနေ မမှန်ပါက ပြန်၍ ရန်သူကို ဆက်တိုက်မည်။ သို့နှင့် ….. သူ အစီအစဉ် ဆွဲ၏။ သူ့တပ်မှ အိမ်ထောင်သည် မိသားစုများကို စု၍ ``ကျော့ကေခို``ရွာတွင် ထား၏။ အိမ်ထောင်သည် မိသားစုများကို စောင့်ရှောက်ရန် ဗိုလ်ကြီး ကွယ်လားကို တာဝန်ပေး၏။ တိုက်ရေခိုက်ရေ ပြည့်ဝသည့် တပ်သား ၄ဝ ရွေးထုတ်ပြီး လက်နက်အပြည့်အစုံနှင့် ``ပိတခ``ရွာတွင် နေရစ်စေ၏။ ပြီးလျှင် …. သူနှင့် ရဲဘော် ၁၅ဝ တို့သည် ရန်သူ၏ ကမ်းလှမ်းချက်အတိုင်း ရန်သူဗိုလ်မှူးနှင့် တွေ့ရန် ``မောကို``ရွာသို့ ထွက်ခဲ့ကြ၏။ ``မောကို`` ရွာတွင် ရန်သူတပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီးယဉ်အေးနှင့် တွေ့၏။

ပထမ …. ဗိုလ်ယဉ်အေးသည် သူတို့ကို မောကိုတွင် တညအိပ်စေပြီးမှ ဖားအံသို့သွားရန် ဖြစ်သည်။ သို့သော် သူတို့တပ်အင်အားကို ကြည့်ပြီး စိုးရိမ်လာသည်နှင့် တူ၏။ မောကိုတွင် ညမအိပ်တော့ဘဲ ….. ဖားအံသို့ ညတွင်းချင်းသွားရန် စီစဉ်တော့သည်။ ဖားအံသို့ သူတို့အဖွဲ့ ည ၈ နာရီခန့်တွင် ရောက်၏။ သူတို့ကို …. ရေတပ်မှ စစ်သင်္ဘောတစီးနှင့်အပြည့် ရန်သူ့ စစ်သားတို့က ဝိုင်းထားလိုက်ကြသည်။

နောက်တနေ့ နံနက်မှာပင် ဒု-ဗိုလ်မှူးကြီးယဉ်အေး၏ ကိုယ်ရေးအရာရှိ စစ်ဗိုလ်တယောက် သူနှင့် လာတွေ့၏။ သူတို့ကို လက်နက်ချရန် လာပြောခြင်း ဖြစ်သည်။ သူက …… ``ခင်ဗျားတို့ စာရေးတုန်းကတော့ တမျိုး၊ လာပူးပေါင်းရင် ကရင်ပြည်နယ် ပြန်အပ်မယ်ဆို။ အခုတော့ လက်နက်ချခိုင်းနေတယ်။ ဒါ …. ဘာသဘောလဲ``

ရန်သူ့စစ်ဗိုလ်က …. ``မပူပါနဲ့၊ ခဏလေးပါ။ လူထုအမြင်ကောင်းအောင် လက်နက်ချပြီး ဓာတ်ပုံရိုက်မယ်။ ပြီးရင် လက်နက်တွေ ပြန်ပေးမယ်`` ဟု ပြော၏။ ဤသို့နှင့် …. သူတို့၏ လက်နက်ချပွဲ အခမ်းအနားကို ဖားအံတွင် ပြုလုပ်၏။ အခမ်းအနားတွင် သူ့ကို မိန့်ခွန်းပြောစေသည်။

``ကျနော်တို့ဟာ အစိုးရကို တော်လှန်ခဲ့တာ ဖြစ်တယ်။ အခု ကျနော် ဒီကိုရောက်လာတော့ ဗမာ့တပ်မတော် တပ်မှူးကြီးတွေက ကျနော်တို့ကို တကယ့် ညီအကိုရင်းလို ဆက်ဆံတာကို တွေ့ရလို့ များစွာ ကျေနပ်အားရမိတယ်။ ကျနော်တို့ အခု ဖြစ်ပွားနေတဲ့ ပြဿနာဟာ ပြည်တွင်းရေးပြဿနာပဲ ဖြစ်တယ်။ ဒီပြဿနာကို ညီအကိုအချင်းချင်း တွေ့ဆုံဖြေရှင်းရင် ရပါတယ်။ တွေ့ဆုံဖြေရှင်းကြဖို့ပဲ။ ဒါပေမဲ့ ကျနော်တို့ခေါင်းဆောင်တွေဟာ ဒီလိုမလုပ်ဘဲ တရုတ်ဖြူတွေကို ခေါ်လာတယ်။ ဒါကို ကျနော်တို့ သဘောမတူနိုင်ပါ။ တိုင်းရင်းသားအချင်းချင်း ဖြစ်တဲ့ပြဿနာဟာ အချင်းချင်းပဲ ဖြေရှင်းသင့်ပါတယ်။ ဒါကြောင့် ကျနော်တို့ အခုလို ဒီကိုရောက်လာတာ ဖြစ်တယ်။ ကျနော် ကော်သူးလေနဲ့အတူ နေခဲ့တုန်းက ကျရောက်တဲ့ တာဝန်ကို တိတိကျကျ လုပ်ဆောင်ခဲ့တယ်။ အစိုးရတပ်ကို ရဲရဲပဲ တိုက်ခဲ့တယ်။ အခုတော့ အစိုးဘက်ကို ရောက်လာခဲ့ပြီး အစိုးရကို ပြန်ပြီး အကျိုးပြုသွားမှာပဲ။ ကျရောက်တဲ့ တာဝန်ကို အကောင်းဆုံး လုပ်သွားပါ့မယ်``

သူ၏ မိန့်ခွန်းထဲတွင် ဤသို့ ထည့်ပြောလိုက်သဖြင့် ရန်သူစစ်ဗိုလ်သည် သဘောကျ၏။ လက်နက်ချပွဲ အခမ်းအနားပြီးပြီ။ သူတို့၏ လက်နက်များကိုမူ ရန်သူက ပြန်မပေးသေး….။ ပြဿနာတော့ ရှိလာပြီ။ သူက …. တပ်ရင်းမှူး ဗိုလ်ယဉ်အေးနှင့် တွေ့ပြီး သူ၏ လက်နက်များ ပြန်တောင်း၏။

ဗိုလ်ယဉ်အေးက …. ``ကျနော်တို့ ဋ္ဌာနချုပ်မှာ အမိန့်ရှိထားတယ်။ လက်နက်ချတွေကို အော်တိုမတ်တစ် သေနတ်တွေ ပြန်မပေးရဘူး။ ရိုင်ဖယ်သေနတ်ပဲ တပ်ဆင်ရမယ်`` ဟူ၍ ရှင်းပြ၏။

သူက …. ``အခု ကော်သူးလေတွေဟာ လက်နက်ကောင်းတယ်။ ကျနော်တို့ကတော့ အစိုးရကို ကောင်းကောင်း အကျိုးပြုချင်တာပဲ။ ဒီလိုအကျိုးပြုနိုင်ဖို့ ခင်ဗျားတို့က သဘောမတူဘူး။ အားမပေးဘူးဆိုရင်လည်း လက်နက်ကို ပြန်မပေးပါနဲ့။ ကျနော်တို့လည်း စစ်သားမလုပ်ဘူး။ အရပ်သားရိုးရိုးပဲ လုပ်တာကောင်းပါတယ်``

သူ့စကားကြောင့် ရန်သူ့စစ်ဗိုလ်သည် အကျပ်တွေ့သွား၏။ သူ မဖြေရှင်းနိုင်။ ဋ္ဌာနချုပ်သို့ မေးမြန်းပြီး အကြောင်းပြန်ပါမည်ဟူ၍ သူ့ကို စကားပြန်၏။ ၂ ရက်ခန့် ကြာသည့်အခါ၌ ရန်သူတပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ယဉ်အေးသည် သူ့ထံသို့ လာပြီး၊ ဋ္ဌာနချုပ်မှ အကြောင်းပြန်ကြားချက်ကို ပြောပြ၏။

``ဌာနချုပ်က ခင်ဗျားကို လက်နက်အားလုံး ပြန်ပေးဖို့ အမိန့်ရပြီ။ ဌာနချုပ်က ပြောပါသေးတယ်၊ ဘိုမြဟာ အရှေ့တိုင်းက ကရင်ဖြစ်တယ်၊ ရိုးသားတယ်။ အရှေ့တိုင်းကို ပျက်စီးအောင်လာလုပ်တာက မြစ်ဝကျွန်းပေါ်က ကရင်တွေ ဖြစ်တယ်``

ရန်သူသည် သူတို့အပေါ် ယုံကြည်မှုရှိလာသည်ဟု ထင်၏။ ပိုမို ယုံကြည်မှု ရှိလာစေရန် သူက သူနှင့် သူ့ရဲဘော်များ မော်လမြိုင်သို့ သွားရောက်လည်ပတ် ကြည့်ရှုလိုကြောင်း ပြောသည်။ ရန်သူသည် သူတို့ကို နောက်နေ့တွင်ပင် မော်လမြိုင်သို့ ပို့ပေး၏။ မော်လမြိုင်တွင် အထူးဧည့်သည်အဖြစ် ထား၏။ သူတို့၏ စက်ယန္တရားများကို လိုက်ပြ၏။ စစ်သင်္ဘောများ၊ သံချပ်ကာကားများနှင့် လက်နက်ကြီးအမျိုးမျိုး ပြ၏။ မသိမသာ ခြိမ်းခြောက်ခြင်း ဖြစ်သည်။ မော်လမြိုင်မှာ သူတို့ ရှိနေစဉ်မှာပင် … ရန်သူ ဗဟိုစစ်ဋ္ဌာနချုပ်မှ မော်လမြိုင်ရှိ ရန်သူတပ်မဟာမှူးထံသို့ ကြေးနန်းဝင်လာ၏။

``ဘိုမြအား နေရပ်သို့ အမြန်ပြန်ပို့ရန် ``

``ဘိုမြ မရှိခိုက် ယင်းဒေသတွင် ဓားပြများ သောင်းကျန်းနေသည်``

ရန်သူ့တပ်မဟာမှူးက သူတို့ကို ရေတပ်သင်္ဘောနှင့်ပင် ``ကရှုတူး`` သို့ လိုက်ပို့၏။ ``ကရှုတူး``မှ ``မြပတဲ``သို့ ခြေလျင်ခရီး ဆက်၏။ ရန်သူ့တပ်မဟာမှူးက သူနှင့် ခွဲခါနီးတွင် ….

``ခင်ဗျားဟာ သူပုန်ဖြစ်ပေမယ့် သမိုင်းကောင်းတယ်။ ကျနော်တို့ ခင်ဗျားနဲ့ပတ်သတ်ပြီး ထောက်လှမ်းရေး သတင်းတွေ ရတယ်။ ပုလိပ်ရုံးမှာလည်း ကောင်းတဲ့မှတ်တမ်း ရှိတယ်`` ဟူ၍ ပြောသွားခဲ့သေး၏။

နောက်နေ့တွင်ပင် သူသည် KPLA တပ်မှူး ဗိုလ်မှူးချုပ် ``တာကပေါ်`` ထံသို့ ပြန်သွားခဲ့၏။ သူပုန်တပ်သား ပြန်ဖြစ်သွား၏။ စုစုပေါင်း ၁၅ ရက်ကြာ လက်နက်ချခဲ့ခြင်း….။


ကိုးကား…

- စောဘိုမြ၏ ကျနော် တင်ပြလိုသည့် ကျနော့ဖြတ်သန်းမှု အစစ်အမှန်

- ကရင်သမိုင်း သုတေသနအဖွဲ့မှ ထုတ်ဝေသည့် နိုင်ငံသစ်စာစောင် (အမှတ် ၁ မှ ၇ အထိ)

- ဖူးကီးဒို၏ မန်းဘဇံနှင့် ကရင့်တော်လှန်ရေး

- ဆရာကြီး ဖူးစကောလယ်တော၏ ကရင်တော်လှန်ရေး သမိုင်းမှတ်စုများ

- အောင်စောဦး၏ ပြည်တွင်းစစ် နှစ် (၅ဝ)

- ဝင်းတင့်ထွန်း၏ အမှောင်ကြားက ဗမာပြည်

- သခင်တင်မြ၏ ဘုံဘဝမှာဖြင့် (အတွဲ - ၅)

- BLC သင်တန်းကျောင်းတွင် ပြောကြားခဲ့သည့် ဗိုလ်ချုပ်မြ၏ မိန့်ခွန်း စီဒီချပ်

- သနူထူး ဂျာနယ်များ

- ကရင့်သတင်းစဉ်

- KNU နှင့် နဝတကြား တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်၍ KNU၏ ရှင်းလင်းချက် စာတမ်း



-------------------------------------------။-----------------------------------------------


ကရင့်အမျိုးသား လွတ်မြောက်ရေးခရီးနှင့် … စောဘိုမြ၏ ဗိုလ်ချုပ်မြ (သို့မဟုတ်) စစ်သားစိတ်နှင့် နိုင်ငံရေးလုပ်သူ - အပိုင်း (၃)


ဆောင်းပါး
မင်းဟန်
တနင်္လာနေ့၊ ဧပြီလ 20 2009 14:30 - မြန်မာစံတော်ချိန်


(၉)

၁၉၅၆ ခုနှစ် ဇွန်လတွင် ကော်သူ့လေ ပြည်လုံးဆိုင်ရာ ကွန်ကရက်အား ရွှေကျင်မြို့နယ် ``မောကို``တွင် ကျင်းပ၏။ ကွန်ကရက်ကိုယ်စားလှယ် တဦးအဖြစ် သူလည်း တတ်ရောက်ရ၏။ စောဟန်တာသာမွှေး၊ မန်းဘဇံတို့က ဦးဆောင်၍ ကွန်ကရက်အား ကျင်းပခြင်းဖြစ်သည်။ ကွန်ကရက်တွင် ကရင့်တော်လှန်ရေးအတွက် လမ်းစဉ်သစ်တရပ် မန်းဘဇံမှ တင်၏။ ``ဒုတိယလမ်းစဉ်``ဟု အမည်ပေး၏။

၁၉၄၉ ခုနှစ်တွင် စတင်ခဲ့သည့် လက်နက်ကိုင် ကရင့်တော်လှန်ရေးကား …. ကရင်ပြည် ရရှိရေးနှင့် ကရင့်အမျိုးသား လွတ်မြောက်ရေး ဟူ၍သာ ဦးတည်ချက် ရှိခဲ့၏။ လမ်းစဉ်၊ လုပ်ငန်းစဉ်ဟူ၍ မရှိခဲ့….။ ဦးတည်ချက်တွင်သာ ရပ်နေခဲ့၏။

ဒုတိယလမ်းစဉ်နှင့် ပတ်သက်၍ ကွန်ကရက်တွင် အကြီးအကျယ် ဆွေးနွေးကြ၏။ လည်ပင်းကြောကြီးများ ထောင်၍ ငြင်းခုန်ကြသည်။ အရှေ့တိုင်းရှိ တော်လှန်ရေး အင်အားစုများက …. လက်ဝဲယိမ်းသော လမ်းစဉ်ဟူ၍ လက်မခံချင်ကြ….။ စောဟန်တာသာမွှေးကမူ လက်ယာနိုင်ငံများ၏ အကူအညီအထောက်အပံ့များ မျှော်ကိုး၍ ကွန်ကရက်တွင် ဒုတိယလမ်းစဉ်ကို ငြင်းဆိုနေခြင်းဖြစ်၏။ ယခင်မြစ်ဝကျွန်းပေါ်တွင် ရှိခဲ့စဉ်ကမူ …. မန်းဘဇံနှင့် အတူတွဲ၍ ဤလမ်းစဉ်ကို ဆွေးနွေးခဲ့၊ တိုင်ပင်ခဲ့၊ နည်းလမ်းရှာခဲ့ …. ရေးဆွဲခဲ့ကြခြင်းဖြစ်၏။ ``ဝိတ်ထောင်`` ကွန်ဖရင့်တွင်ပင် အဆိုပြုတင်သွင်းခဲ့ကြသေး၏။

ကွန်ကရက်သည် တရက်ပြီးတရက် ကြာမြင့်လာ၏။ တနေ့၊ တနေ့… စာတမ်းများ ဆွေးနွေးရာ၏ ``ဝါကျ``တကြောင်း၊ ``ဝေါဟာရ``တလုံး ငြင်းခုံရင်းနှင့် တနေ့ကုန်၏။ ငြင်းခုံရင်းနှင့်ပင် ပြီး၏။ ဆုံးဖြတ်ချက် ချ၍မရ….။

နောက်ဆုံး…. မန်းဘဇံက ဒီလမ်းစဉ်ကို မြစ်ဝကျွန်းပေါ်တွင် စမ်းသပ်ကျင့်သုံးခဲ့ပြီးဖြစ်သည်။ အောင်မြင်သည်ဟု ဆိုရမည်။ ဤအတွက် အရှေ့တိုင်းတွင်လည်း ဒီလမ်းစဉ်ကို ၃-နှစ် စမ်းသပ်လုပ်ဆောင်ပါ။ မအောင်မြင်ရင် ပြင်နိုင်ပါသည်ဟူ၍ တင်ပြဆွေးနွေးမှ လမ်းစဉ်ကို စမ်းသပ်လုပ်ဆောင်ရန်ဟူ၍ ကွန်ကရက်က အတည်ပြုလိုက်၏။

(၁ဝ)

၁၉၆၃ ခုနှစ်တွင် ``ကဆောဝါး``၌ ကရင့်အမျိုးသား ကွန်ကရက် ကျင်းပ၏။ ``မောကို`` ကွန်ကရက်မှစ၍ အပ်ရာထင်ခဲ့သော KRC နှင့် KNUP သည် ``ကဆောဝါး``တွင်မူ သိသိသာသာပင် ကွဲတော့၏။ စောဟန်တာသာမွှေးသည် သူကိုယ်တိုင် ပါဝင်ချမှတ်ခဲ့သည့် `` ဒုတိယလမ်းစဉ်``ကို ဆန့်ကျင်ဝေဖန်သည်။ ကွန်ကရက်တွင် အများစု၏ သဘောထားကိုပင် မလေးစားဘဲ …ခွဲထွက်၏။ စောဟန်တာသာမွှေးနှင့်အတူ ပဒိုဝေသော၊ ပဒိုဖိုးညော၊ ပဒိုဝေရီကျော်စသည့် နိုင်ငံရေးခေါင်းဆောင်များပါပြီး တပ်ဖက်ကမူ …..ဗိုလ်လင်းထင်၊ ဗိုလ်မိုးဇက်တို့၏ တပ်မဟာ (၅)နှင့် ဗိုလ်ထရှုးမင်း၏ တပ်မဟာ (၃) တို့ ပါသွားကြ၏။

ထိုသို့ ….ကွန်ကရက်အတွင်း ကွဲပြဲသည့်အချိန်၌ သူသည် Zone Commander တာဝန်နှင့် တပ်မဟာ (၆) တပ်မဟာ (၇) နှင့် တပ်ရင်း (၂ဝ) နယ်မြေများအတွင်း ကွပ်ကဲ၍ စစ်ရေးဆင်နွှဲနေသည့် အချိန်ဖြစ်သည်။ သူ့အား…. ကြေးနန်းနှင့် လှမ်းခေါ်ကြ၏။ မန်းဘဇံကလည်း ခေါ်သည်။ စောဟန်တာသာမွှေးမှလည်း ခေါ်၏။ သူသည်နှစ်ယောက်စလုံးနှင့် တွေ့ရန် တက်လာခဲ့၏။

စောဟန်တာသာမွှေးက ``နော်ယိုထာ``ရွာတွင် ရှိနေ၏။ သူ ``နော်ယိုထာ`` သို့ တက်လာပြီး စောဟန်တာသာမွှေးနှင့် အရင်တွေ့၏။ စောဟန်တာသာမွှေးက သူ့ကို တွေ့လျှင် ….

``ဟေ့ ….ဗိုလ်မြ၊ မင်း ဘယ်ဘက်ကနေမလဲ….`` ဟု တိုတိုပင် မေး၏။

သူကလည်း … `` မပြောတတ်သေးဘူးလေ။ ကျနော် မန်းဘဇံဆီ သွားကြည့်အုံးမယ်။ ပြီးမှ … ခင်ဗျားကို ပြန်လာပြောမယ်``

သူနှင့် စောဟန်တာသာမွှေးတို့ တွေ့ဆုံခြင်းက ဤမျှပင်…။ ပြီးလျှင်…သူသည် မန်းဘဇံနှင့် တွေ့ရန်``ဆောမီးလူး``ရွာသို့ ထွက်ခွာခဲ့၏။ မန်းဘဇံက ``ဆောမီးလူး``ရွာတွင် ရှိနေ၏။ ``ဆောမီးလူး``ရွာတွင် မန်းဘဇံနှင့် သူ တွေ့၏။ သူနှင့် မန်းဘဇံတို့ တွေ့ဆုံဆွေးနွေးသည်က တိုတိုရှင်းရှင်းနှင့် ဘွင်းဘွင်းပင် …..။

``မူးဆိုးက ပြောတယ်။ ခင်ဗျားဟာ ကွန်မြူနစ်ပဲ။ ခင်ဗျား ကွန်မြူနစ်ဖြစ်ရင် ခင်ဗျားနောက် ကျနော် မလိုက်ဘူး။ ခင်ဗျား ကွန်မြူနစ်မဟုတ်ဘူးဆိုရင် ကျနော် လိုက်မယ်….``

သူကား မန်းဘဇံကို ပွင့်ပွင့်လင်းလင်းပင် ပြော၏။ ``မူးဆိုး`` ဟူသည်က စောဟန်တာသာမွှေးကို ပြောခြင်းဖြစ်သည်။

မန်းဘဇံက ….. ``အားကွာ ….မူးဆိုးက ငါ့ကို သက်သက်ပျက်စီးအောင် ပြောတာပဲ။ ငါ ကွန်မြူနစ် မဟုတ်ပါဘူး။ အမြဲတမ်း ဘုရားရှိခိုးတာပဲ``

``အေး….ကောင်းပါပြီ။ ခင်ဗျား ကွန်မြူနစ်မဟုတ်ရင်တော့ ခင်ဗျားနောက် ကျနော် လိုက်မယ်။ ခင်ဗျား ကွန်မြူနစ်ဖြစ်လာတဲ့ တနေ့မှာ ခင်ဗျားကို ကျနော် ဆန့်ကျင်မှာပဲ``

သူတို့၏ တွေ့ဆုံမှုက ဤမျှသာ ….။ ပြီးပြီ။ မန်းဘဇံနှင့် တွေ့ပြီးနောက် သူသည် စောဟန်တာသာမွှေးထံ ပြန်လာ၏။ စောဟန်တာသာမွှေးနှင့် တွေ့၏။ ပြီးလျှင် စောဟန်တာသာမွှေးကို ပြော၏။

``ကျနော် မန်းဘဇံနဲ့ တွေ့ခဲ့တယ်။ မန်းဘဇံက သူ ကွန်မြူနစ်မဟုတ်ဘူးလို့ ပြောတယ်။ သူ ဘုရားရှိခိုးသားပဲ။ ဒါကြောင့် အခု ကျနော် သူ့နောက်လိုက်မယ်``

``ခင်းဗျားကို မထောက်ခံရတာက …. ခင်ဗျား အလုပ်လုပ်တာ လင်းထင်လို လူတွေသုံးတယ်။ သူတို့က လိုက်ပြီး ဓားပြတိုက်တယ်။ ပြန်ပေးလည်း ဆွဲတယ်။ ဒီလုပ်ရပ်တွေဟာ ပြည်သူတွေကို ဒုက္ခပေးတာသာ ဖြစ်တယ်။ ဒါ့ကြောင့် ကျနော် မကြိုက်ပါ။ တခါက ခင်ဗျားအသံလွှင့်စက် ဝယ်မယ်လို့ ဆိုတယ်။ အောက်ခြေမှာ ငွေရှာခိုင်းတယ်။ ညွှန်ကြားချက်က လူထုထံ အကူအညီတောင်းပါ။ တောင်းလို့ မရရင်ချေး။ ဒါမှမရရင် ဓားပြတိုက်ပြီး လုယူလို့ ညွှန်ကြားတယ်။ ဒါတွေဟာ မမှန်ဘူးလို့ ထင်တယ်။ ဒါကြောင့် ခင်ဗျားကို ကျနော် မထောက်ခံနိုင်ပါ``

သူ့စကားဆုံးလျှင် ….စောဟန်တာသာမွှေးက …. ``အဲဒီအလုပ်တွေ ငါ မလုပ်ပါဘူး။ အဲ့ဒါကို လုပ်တာ ဝေသောပဲ``

``ဝေသောလုပ်တာ မမှန်လည်း ခင်ဗျား ဘာမှမပြောဘူး။ ဒါကို ကျနော် မကြိုက်ပါ။ မန်းဘဇံကို ကွန်မြူနစ်လို့ စွပ်စွဲကြတယ်။ ဒါလည်း ကျနော် မကြိုက်ပါ။ ဒါပေမဲ့ သူက ဓားပြတိုက်ဖို့ ခွင့်မပြုဘူး။ သူ့ကို ထောက်ခံတာ ဒါကြောင့်ပဲ။ ခင်ဗျားကို ကျနော် မကြိုက်တာ တခြားအကြောင်း ရှိပါသေးတယ်။ လူတွေကို ဓားပြတိုက်ခိုင်းတယ်။ လူသတ်ခိုင်းတယ်။ အရင်က ခင်ဗျား ပြောခဲ့တယ်။ ဗမာဟာ မင်းတို့ယောက်ဖ မဟုတ်ဘူး။ အားလုံးသတ်။ ကျနော်တို့ ဒီအတိုင်းသာ လိုက်သတ်နေမယ်ဆိုရင် ကျနော်တို့ လူမျိုးကို ကာကွယ်လို့ ရတော့မှာ မဟုတ်ဘူး။ ကျနော်တို့ လူတွေကို ဒီလိုမသတ်သင့်ပါ။ ကျနော်တို့ ဒီအတိုင်း သတ်နေကြရင် ကရင်က ဗမာကိုသတ်၊ ဗမာကလည်း ကရင်ကိုသတ် လုပ်နေကြရင် နောက်ဆုံး ကျနော်တို့ ရှုံးမှာပဲ။ ဒါ့ကြောင့် ဒါကိုတော့ မလုပ်သင့်ပါ။ ကျနော်တို့က လူကောင်းနဲ့ လူဆိုး ခွဲခြားရမယ်။ ဗမာပြည်သူထဲမှာလည်း ဗမာလူထုနဲ့ ရန်သူကို ခွဲခြားရမယ်``

(၁၁)

``ကဆောဝါး`` ကွန်ကရက် ပြီးသည့်နောက် ….စောဟန်တာသာမွှေး ဦးဆောင်သည့် KRC သည် ဗိုလ်နေဝင်းထံသို့ လက်နက်ချသွားခဲ့၏။ စောဟန်တာသာမွှေးနှင့် KRC မရှိတော့သည့်နောက်တွင် ….မန်းဘဇံ ဦးဆောင်သည့် KNUP သည် ကရင်အမျိုးသား လွတ်မြောက်ရေးခရီးကို `` ဒုတိယလမ်းစဉ်``နှင့် အပြင်းချီတက် ပါတီတည်ဆောက်ရေး….။

တပ်ပေါင်းစုတည်ဆောက်ရေး….။

တပ်မတော် တည်ဆောက်ရေး…။

တော်လှန်ရေး ဦးဆောင်မှုပေးရာတွင် လူထုထက် ရှေ့ရောက်လွန်းနေ၍လည်း မဖြစ်။ ရှေ့ရောက်လွန်းပါက လူထုနှင့် ကင်းကွာနိုင်၏။ လူထုထက် နောက်ကျန်နေခဲ့ပါကလည်း …လူထုနောက်မြီးဆွဲအဖြစ် ကျန်နေရစ်မည်။ မဟာအောက်တိုဘာ တော်လှန်ရေး၏ ခေါင်းဆောင်ကြီး ``လီနင်`` မိန့်မှာသလိုပင် ….ဦးဆောင်သူတို့ကား …လူထုထက် ရှေ့လည်း မရောက်လွန်း၊ နောက်ကျ၍လည်း မကျန်ရစ်စေဘဲ လူထုကို ဦးဆောင်ချီတက်နိုင်ရမည်။

သူသည် ထိုစဉ်က…. စစ်ဇုံနယ်မှူးတာဝန်နှင့် ဖာပွန်ဒေသ၊ ဖားအံခရိုင်၊ ဒူးပလာယာခရိုင်တွင် စစ်ရေးတာဝန် ထမ်းဆောင်လျက်ရှိသည်။ ၁၉၆၄-၆၅ နှစ်များအတွင်း ရန်သူ၏ ပိတ်ဆို့ထိုးစစ်ဆင်မှုက ပြင်းထန်သည်။ ဇုံနယ်စစ်ဋ္ဌာနချုပ်ကို တနေရာရာတွင် အတည်တကျ မထိုင်နိုင်။ နေ့စဉ်လိုလိုပင် ရွှေ့ပြောင်းနေရသည်။ ရှောင်ရင်း၊ တိမ်းရင်းနှင့် ပြောက်ကျားစစ် ဆင်ရ၏။ လူထုအကြား သွားလာရင်း သူသည် လူထုထံမှ ညဉ်းတွားသံအချို့ ကြားလာရ၏။

``ကရင်ခေါင်းဆောင်များသည် ကွန်မြူနစ်များဖြစ်ကုန်ပြီ…။ဘုရား၊ တရား မရှိတော့ဘူး…``

ထို…ထိုသော အသံတို့ လူထုကြားတွင် ဟိုမှ….သည်မှ ကြားလာရ၏။ ဤသို့သော အသံများ ကြားရဖန် များလာသည့်အခါတွင် သူသည် ဗဟိုသို့ တက်၍ တင်ပြရန် ဆုံးဖြတ်လိုက်၏။ ဗဟိုသို့ နှစ်ကြိမ်မျှတက်၍ သူ တင်ပြခဲ့သည်။

သူက ….ခင်ဗျားတို့ နိုင်ငံရေးလုပ်ရာတွင် ပြင်းထန်လွန်းသည်။ ပြည်သူများက လက်မခံနိုင်သေး။ ပြန်ပြင်သင့်သည်။ လမ်းစဉ်ကို အနည်းငယ် လျှော့ချမှသာ ပြည်သူများက ခင်ဗျားတို့ကို ထောက်ခံလိမ့်မည်။ ဤသို့…. သူ တင်ပြ၏။ ဗဟိုခေါင်းဆောင်များက သူ့တင်ပြချက်ကို အလေးမထား…..။ ပို၍ပင် နီလာသည်ဟု သူ ထင်လာ၏။ သူနှင့် ဗဟိုခေါင်းဆောင်များအကြား အမြင်မတူမှုများ ရှိလာ၏။

ဗဟိုခေါင်းဆောင်များက ပါတီတည်ဆောက်ရေး…. တပ်ပေါင်းစု တည်ဆောက်ရေးတို့ကို တိုး၍ … ၊ မြှင့်၍ တည်ဆောက်ကြ၏။

ထိုစဉ်က …. ကရင့်လက်နက်ကိုင်တပ်များ၏ စစ်ဦးစီးချုပ်မှာ ဗိုလ်တင်ဦး (ဖူးတာအဲ့၊ ယခုကွယ်လွန်၊ ဒူးပလာယာခရိုင် ဥက္ကဋ္ဌ) ဖြစ်သည်။ စစ်ဦးစီးချုပ်ဗိုလ်တင်ဦးမှ တိုင်းစည်းရုံးရေးမှူး ဖဒိုဘသင် (ယခု ကွယ်လွန် ၊ KNU ဥက္ကဋ္ဌဟောင်း) ထံသို့ အမိန့်ညွှန်ကြားစာတစောင် ပေးပို့၏။ ညွှန်ကြားစာက ….

``KNU ၏ ပါတီကလပ်စည်းများ နေရာတိုင်းတွင် ဖွဲ့စည်းထားရှိရန် ``

``ပါတီကို ပိုမို၍ ကျစ်လျစ်ခိုင်မာအောင် တည်ဆောက်သွားရန် ``

``ပါတီတောင့်တင်း ခိုင်မာလာသည့်အခါတွင် စစ်ဖက်၊ နယ်ဖက် ရာထူးတာဝန်များကို ပါတီဝင်များကိုသာ ခန့်အပ်တာဝန်ပေးသွားရန် … ပါတီဝင်မဟုတ်သူများ ဖယ်ရှားသွားရန်`` ဖြစ်သည်။

ဤညွှန်ကြားချက် အမိန့်စာကို သူလည်း ဖတ်ရ၏။ ထိုအချိန်တွင် သူသည် စစ်ဖက်၌ စစ်တိုင်းမှူး ဗိုလ်မှူးချုပ် ဖြစ်နေပြီး၊ KNUP တွင်မူ ဗဟိုကော်မတီဝင် ဖြစ်သည်။ သို့သော်…. သူကား KNUP တွင် ပါတီဝင်တဦး မဟုတ်….။ ပါတီဝင်ရန်လည်း သူ့တွင် ဆန္ဒစိတ်ကူးမရှိ။ သူကဲ့သို့ ပါတီဝင်မဟုတ်သည့် လက်နက်ကိုင် ကရင့်တော်လှန်ရေးသမားများက အများအပြားပင်ရှိ၏။ ဗဟို ညွှန်ကြားချက်အပေါ် သူ …. သဘောမကျ။ စိတ်မကောင်းလည်း ဖြစ်မိ၏။ နှစ်ပေါင်းများစွာ မျိုးချစ်စိတ်နှင့် တော်လှန်ရေးတွင် ပါဝင်လုပ်ကိုင်ခဲ့ကြပြီး ယခုကဲ့သို့ ဗဟိုခေါင်းဆောင်များမှ သဘောထားခြင်းသည်`မသင့်` ဟုလည်း သူ တွေးထင်မိ၏။

သူ စဉ်းစားရပြီ။ ဘာလုပ်မလဲ….။ ဤအတိုင်းဆိုလျှင် …. ဗဟိုခေါင်းဆောင်များ၏ နောက်သို့ မလိုက်သင့်တော့….။ သူ ဆုံးဖြတ်ချက် ချလိုက်၏။ KNUP မှ သူ ခွဲထွက်လိုက်၏။ သူနှင့်အတူ ဗိုလ်ချုပ်ရွှေဆိုင်း (ယခုကွယ်လွန် ဗိုလ်ချုပ်ရွှေဆိုင်း) ၊ ဗိုလ်ကစယ်ဒို (ယခု ဗိုလ်ချုပ် ကစယ်ဒို) နှင့် ဖဒိုသာပြည့်တို့လည်း အတူပါလာခဲ့၏။ သူ KNUP မှ ခွဲထွက်ကြောင်းအား ထုတ်ပြန်ကြေညာချက်ထုတ်ပြန်၍ ပြည်သူသို့ ရှင်းပြခဲ့၏။

ပြီးလျှင် …..``ကရင့်အမျိုးသား လွတ်မြောက်ရေးကောင်စီ`` KNLC ဖွဲ့သည်။ ခွဲထွက်ခဲ့သည့် လက်နက်ကိုင် တပ်များကိုမူ ``ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော်`` KNLA ဟူ၍ ဖွဲ့စည်းထူထောင်ခဲ့၏။

သူကား…. အသစ်ဖွဲ့စည်းလိုက်သည့် KNLC တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူရပြီး KNLA တွင်လည်း စစ်ဦးစီးချုပ်….အဖြစ် စစ်ရေးတာဝန် ထမ်းဆောင်ရပြန်သည်။

၁၉၆၆ ခုနှစ် နွေဦး…..။

(၁၂)

KNUP မှ သူ ခွဲထွက်ခဲ့ပြီးနောက် KNUP အတွင်း၌ အယူအဆရေး ပဋိပက္ခသည် ကြီးမားလာသည်။ KNUP ကို အမျိုးသားတိုးတတ်ရေးပါတီမှ အလုပ်သမားပါတီအဖြစ် ပြောင်းလဲဖွဲ့စည်းရန် ပါတီကလပ်စည်းများမှ ကြိုးပမ်းလာကြသည်။ ထိပ်ပိုင်းခေါင်းဆောင်များ အကြား၌လည်း အယူဝါဒရေးရာ ကွဲပြားမှုများ ရှိလာကြ၏။ ပါတီအတွင်း လက်ဝဲစွန်းကျမှုကို ဝေဖန်တိုက်ခိုက်ရင်း….လက်နက်ကိုင်ပဋိပက္ခ အဆင့်သို့ပင် ရောက်ခဲ့ရသည်။

ထိုစဉ်ကာလ ….ကရင့်တော်လှန်ရေးကား… သူဦးဆောင်သည့် ကရင့်အမျိုးသား လွတ်မြောက်ရေးကောင်စီ (KNLC) က အရှေ့တိုင်းတွင် တသီးတခြား….။ KNUP အတွင်း၌ကား ….အယူအဆရေး တိုက်ပွဲကြောင့် အချင်းချင်း လက်နက်ကိုင်ပဋိပက္ခ အဆင့်သို့ ရောက်ရှိနေလေ၏။ ကရင့်တော်လှန်ရေးအတွင်း ညီညွှတ်မှုသည် ပြိုကွဲနေ၏။ မဖြစ်…..။ ဤသို့ ညီညွှတ်မှု ပြိုကွဲနေသ၍ ကရင့်တော်လှန်ရေး အောင်မြင်မှုပန်းတိုင်သို့ မည်သို့မှ ချီတက်နိုင်မည် မဟုတ်။ ဤသို့…. သူ တွေးမိ၏။ ဆင်ခြင်မိ၏။

(၁၃)

၁၉၆၈ ….။

သူ KNUP မှ ခွဲထွက်ခဲ့ပြီး ၂ နှစ်အကြာတွင် KNUP ဥက္ကဋ္ဌ မန်းဘဇံနှင့် သူ တွေ့ဆုံရန် ဆုံးဖြတ်၏။ မန်းဘဇံနှင့်သူ တွေ့ပြီး ညီညွှတ်ရေး တည်ဆောက်မည်။ ``ခိုမူဒဲ``တွင် သူနှင့် မန်းဘဇံ တွေ့ဆုံကြ၏။ ဆွေးနွေးကြ၏။ ညီညွှတ်ရေးအတွက် အဖြေမရသေး….။ ထပ်၍ ….ထပ်၍ တွေ့ကြ၏။ ဆွေးနွေးကြ၏။ အဖြေရှာကြ၏။ ``မူသယ်`` ``သွေးဘိုးထာ````ပယ်ကောခီး``တို့တွင် တွေ့ကြ၏။ သူနှင့် မန်းဘဇံ ညီညွှတ်ရေးအတွက် ဆွေးနွေးကြသည်ကို KNUP ထဲမှ အချို့က ``ကျား-သမင်`` ညီညွှတ်ရေးဟူ၍ ဝိဂြိုဟ်ပြုကြ၏။

``ထိုဒိုပလော``ဆွေးနွေးပွဲတွင်မူ သူတို့ ညီညွှတ်ရေးအတွက် သဘောတူညီမှု ရရှိခဲ့၏။ အစည်းအဝေးသို့ KNUP ဘက်မှ မန်းဘဇံ၊ ပဒိုစောသန်းအောင် (KNU၊ ဒု-ဥက္ကဋ္ဌဟောင်း၊ ကွယ်လွန်) ၊ ဗိုလ်မောင်မောင် (ဗိုလ်ချုပ်မောင်မောင်၊ KNU အတွင်းရေးမှူး -၁၊ ကွယ်လွန်) ၊ ပဒိုဘသင် (KNU ဥက္ကဋ္ဌဟောင်း၊ ကွယ်လွန်)၊ ပဒိုဂေဒွဲ။ ပဒိုဘောယူဖောတို့ တက်ရောက်ကြ၏။

သဘောတူညီမှုကား….ကရင့်အမျိုးသား လွတ်မြောက်ရေးကောင်စီ KNLC ကို ဖျက်သိမ်းမည်။ မန်းဘဇံ၊ ပဒိုစောဘသင်၊ ပဒိုစောသန်းအောင်၊ ဗိုလ်မောင်မောင်၊ ပဒိုဂေဒွဲနှင့် ပဒိုဘောယူဖော က KNUP မှ နုတ်ထွက်မည်။ ပြီးလျှင် …. အတူပူးပေါင်း၍ ``ကရင့်အမျိုးသား ညီညွှတ်ရေးတပ်ဦး`` KNUF ဖွဲ့မည်။

ဆွေးနွေးပွဲ သဘောတူညီချက်အတိုင်း KNUF ဖွဲ့စည်းရန် ညီလာခံတရပ် ခေါ်ယူကြ၏။ ညီလာခံမှ ``ကရင်အမျိုးသား စည်းလုံးညီညွှတ်ရေးတပ်ဦး`` KNUF ဖွဲ့စည်းလိုက်၏။ ဥက္ကဋ္ဌအဖြစ် မန်းဘဇံအား ရွေးချယ်တင်မြှောက်ပြီး ဒု-ဥက္ကဋ္ဌအဖြစ် သူ့ကို ရွေးချယ်၏။ စစ်ဦးစီးချုပ်အဖြစ်လည်း သူ့ကို တာဝန်ပေး၏။ KNUF ဖွဲ့စည်းပြီး၊ ၁ နှစ်ကြာသည့် အချိန်တွင်မူ KNUF မှ ကရင့်အမျိုးသား အစည်းအရုံး KNU ဟူ၍ အမည်ပြောင်းလဲ ဖွဲ့စည်းခဲ့၏။

(၁၄)

ဗိုလ်နေဝင်း၏ တပ်မတော်သည် မြစ်ဝကျွန်းပေါ်ရှိ KNUP ပြောက်ကျားများကို ဝိုင်းပတ်ပိတ်ဆို့၍ စစ်ရေးအရ ထိုးစစ်ဆင်၏။ KNUP သည် မြစ်ဝကျွန်းပေါ်ရှိ အခြေစိုက်စခန်းများ စွန့်ခွာခဲ့ရသည်။ ပဲခူးရိုးမတွင်လည်း ဗမာပြည်ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်များဖြစ်သည့် သခင်သန်းထွန်း၊ သခင်ဇင်၊ သခင်ချစ်၊ ဗိုလ်ဇေယျ (ရဲဘော်သုံးကျိပ်ဝင်) တို့သည် တိုက်ပွဲအတွင်း တဦးပြီးတဦး ကျဆုံးကုန်ကြ၏။ ရန်သူသည် ပဲခူးရိုးမ တောင်ပေါ်ရှိ တိုင်းရင်းသားကျေးရွာများ အဓမ္မ ပြောင်းရွှေ့၏။ တော်လှန်ရေးအင်အားစုများကို ဖြတ် ၄ ဖြတ် ဖြတ်၏။ ပဲခူးရိုးမတွင် တော်လှန်ရေး အခြေစိုက်စခန်းများ ထားရှိရန်မလွယ်…..။ ခက်ခဲလာ၏။ အကျအဆုံးများ၏။ ပဲခူးရိုးမတွင် ရပ်တည်လှုပ်ရှားရန် မဖြစ်နိုင်တော့….။ KNUP သည် ပဲခူးရိုးမကို စွန့်ခွာရတော့၏။

(၁၅)

၁၉၇၅ …ခုနှစ်။

မိုးနှောင်း….။

ဗိုလ်ချုပ်မြမောင် ဦးဆောင်သည့် KNUP တပ်ဖွဲ့သည် ပဲခူးရိုးမမှ အရှေ့တိုင်းသို့ ဆုတ်ခွာခဲ့ကြ၏။ KNUP မှ မြောက်ပိုင်းချီ တပ်ဖွဲ့သည်လည်း ပဲခူးရိုးမသို့ ပြန်ရောက်ရှိပြီး အားလုံးစုပေါင်း၍ ဖာပွန်အနီးရှိ ``ဒူးဒါးဂေး``တွင် KNUP ကွန်ကရက် ကျင်းပ၏။ ဤကွန်ကရက်က KNUP ၏ ဆဋ္ဌမမြောက် ကွန်ကရက် ဖြစ်၏။ ပြီးလျှင် ….နောက်ဆုံးသော ကွန်ကရက်လည်း ဖြစ်၏။ ကွန်ကရက်ကား… KNUP ကို ဖျက်သိမ်း၍ KNU နှင့် ပူးပေါင်းရန် ဆုံးဖြတ်လိုက်၏။ KNUP မှ ခေါင်းဆောင်များသည်လည်း KNU ဗဟိုအဆင့် ခေါင်းဆောင်များအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ကြ၏။

KNU သည် ကရင့်အမျိုးသား လွတ်မြောက်ရေး တော်လှန်ရေးတွင် တခုတည်းသော အမျိုးသားအဖွဲ့အစည်းအဖြစ် တည်ရှိလာတော့၏။

(၁၆)

၁၉၇၆ ခုနှစ်…။

မာနယ်ပလောတွင် KNU ၏ အရေးပေါ် ဗဟိုကော်မတီ အစည်းအဝေး ခေါ်၏။ ဖြစ်ပေါ်တိုးတက်နေသော စစ်ရေး၊ နိုင်ငံရေး အခြေအနေများအရ….ခေါင်းဆောင်မှု အပြောင်းအလဲ ပြုလုပ်၏။ ဥက္ကဋ္ဌ မန်းဘဇံကို KNU ၏ နာယကအဖြစ် ခန့်အပ်၏။

သူ့ကို KNU ဥက္ကဋ္ဌအဖြစ် ဗဟိုကော်မတီက ရွေးချယ်လိုက်သည်။ အရှေ့တိုင်း၌ ထွက်ပြူစ နေဝန်းနီနီအောက်၌ ဖားစည်သံသည် ဝေစည်၍ လွှင့်ပျံနေတော့၏။


ကိုးကား…

- စောဘိုမြ၏ ကျနော်တင်ပြလိုသည့် ကျနော့် ဖြတ်သန်းမှု အစစ်အမှန်

- ကရင်သမိုင်းသုတေသနအဖွဲ့မှ ထုတ်ဝေသည့် နိုင်ငံသစ်စာစောင် (အမှတ် ၁ မှ ၇ အထိ)

- ဖူးကီးဒို၏ မန်းဘဇံနှင့် ကရင့်တော်လှန်ရေး

- ဆရာကြီး ဖူးစကောလယ်တော၏ ကရင်တော်လှန်ရေး သမိုင်းမှတ်စုများ

- အောင်စောဦး၏ ပြည်တွင်းစစ် နှစ် (၅ဝ)

- ဝင်းတင့်ထွန်း၏ အမှောင်ကြားက ဗမာပြည်

- သခင်တင်မြ၏ ဘုံဘဝမှာဖြင့် (အတွဲ -၅)

- BLC သင်တန်းကျောင်းတွင် ပြောကြားခဲ့သည့် ဗိုလ်ချုပ်မြ၏ မိန့်ခွန်း စီဒီချပ်

- သနူထူး ဂျာနယ်များ

- ကရင့်သတင်းစဉ်

- KNU နှင့် နဝတကြား တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်၍ KNU ၏ ရှင်းလင်းချက် စာတမ်း




----------------------------------။-------------------------------------------------------

ကရင့်အမျိုးသား လွတ်မြောက်ရေး ခရီးနှင့် … စောဘိုမြ၏ ဗိုလ်ချုပ်မြ (သို့မဟုတ်) စစ်သားစိတ်နှင့် နိုင်ငံရေးလုပ်သူ - အပိုင်း(၄)


ဆောင်းပါး
မင်းဟန်
အင်္ဂါနေ့၊ ဧပြီလ 21 2009 16:31 - မြန်မာစံတော်ချိန်


(၁၇)

KNU ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး ၁၉ နှစ်ကြာသည့် အချိန်တွင် သူ့အတွက် အကြီးမားဆုံး စိန်ခေါ်မှုကြီးကို ရင်ဆိုင်ရ၏။ သူ့အတွက်တွင်မဟုတ် …. KNU အတွက်လည်း ကြီးမားသော စိန်ခေါ်မှုတရပ်ဟု ဆိုရမည်။

စိန်ခေါ်မှုက ``သုမွဲထ`` မြစ်ဆုံတွင် ဗဟိုပြုဖြစ်ပေါ်ခဲ့သည့်အတွက် ``သုမွဲထ`` စိန်ခေါ်မှုဟု ဝိဂြိုဟ်ပြုရမည်။ သုမွဲထက သံလွင်နှင့် သောင်းရင်းဆုံရာ သံလွင်မြစ်၏ အနောက်ဘက်ကမ်းတွင် ရှိ၏။ မာနယ်ပလော ခုခံရေးစစ်တွင် စစ်ရေးအရ အရေးပါသော အရပ်ဖြစ်သည်။

၁၉၈၉ ခုနှစ် နှစ်ဦးတွင် မြိုင်ကြီးငူဆရာတော် အရှင်သုဇနသည် မာနယ်ပလောသို့ကြွပြီး သူနှင့် တွေ့၏။ ပြီးလျှင် ….. သုမွဲထမြစ်ဆုံ၌ ဘုရားတည်၊ ကျောင်းဆောက်၍ သာသနာပြုလုပ်ငန်းများ ဆောင်ရွက်လိုကြောင်း မြွက်ကြား၏။ သူကလည်း KNU ၏ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် မူဝါဒအရ ခွင့်ပြု၏။ သို့သော် ….ခြွင်းချက်တော့ပါသည်။ ခြွင်းချက်က ….စစ်ရေးအရ အချက်အချာကျသော နေရာဖြစ်၍ ကန့်သတ်ချက် ထည့်ရခြင်းဖြစ်သည်။

``စေတီကို ထုံးသင်္ကန်း ကပ်လှူခြင်း မပြုရန်``

``ကျောင်း၊ ဇရပ်တို့ကို သွပ်မိုးခြင်း မပြုရန်``

``မအေးချမ်းသေးသော ဒေသဖြစ်၍ တဖက်နိုင်ငံမှတဆင့် ဒကာ၊ ဒါယိကာမများ လာရောက်ပူဇော်ခြင်း မပြုရန်`` ဟူ၍ဖြစ်သည်။

သွပ်မိုးနှင့် ထုံးဖြူဖြူစေတီတို့က ရန်သူစစ်တပ်များ လက်နက်ကြီး ပစ်မှတ်များအတွက် အထောက်အကူပြုရာ ရောက်စေမည်ဟု KNU က ယူဆ၍ မပြုလုပ်ရန်၊ ကန့်သတ်ခြင်းဖြစ်သည်။ မြိုင်ကြီးငူဆရာတော် အရှင်သုဇနက မကျေနပ်…..။ တည်လိုက်၊ နားလိုက်နှင့်ပင် ….၊ မြစ်ဆုံစေတီ ထီးတင်မည့် အခြေသို့ ရောက်လာ၏။

ဤအတွင်း မြိုင်ကြီးငူဆရာတော်၏ အခြေအနေက KNU အဖို့ သံသယပွားစရာများနှင့် ဖြစ်လာသည်။ သုမွဲထတွင် ဘုရားတည်ရင်း မြိုင်ကြီးငူဆရာတော်ထံတွင် မှီတင်းခိုလှုံနေကြသည့်လူများက လူပေါင်း ၈ဝဝ၊ တထောင်ခန့် ရှိမည်။ ရွာငယ်လေးတရွာမျှ ဖြစ်သည်။ ဤသူတို့ကို ရှင်သုဇနသည် နေ့စဉ် ထမင်း၊ ဆေး၊ ကွမ်း ကျွေးမွေး၏။ ဤမျှသော ဒကာတို့ကို ရှင်သုဇန ကျွေးမွေးနိုင်အောင် မည်သည့် ဒကာက လှူဒါန်းနေပါသနည်း…..။ KNU အဖို့ တွေးစရာဖြစ်လာ၏။

သုမွဲထရှိ မြိုင်ကြီးငူဆရာတော်ရှင် သုဇနထံ ခိုလှုံနေထိုင်ကြသည့် ဒကာ၊ ဒယိကာမများကို စစ်မှုထမ်းရွက်ခြင်း၊ တော်လှန်ရေးတွင် ပါဝင်ဆောင်ရွက်ခြင်းမှ ကင်းလွတ်ခွင့်ပေးရန် အရှင်သုဇနက တောင်းဆိုလာ၏။

အချို့သော KNLA မှ ရဲဘော်တပ်သားအချို့ပင် တပ်မှ စွန့်ခွာ၍ သုမွဲထတွင် ခိုလှုံသွားကြ၏။ ခက်ပြီ…..။

သုမွဲထတွင် ခိုလှုံလာကြသည့်သူများကို မြိုင်ကြီးငူဆရာတော် အရှင်သုဇနက မြိုင်ကြီးငူတံဆိပ်တုံး နှိပ်ထားသည့် လက်မှတ်ကဒ်ပြားများ ထုတ်ပေး၏။ ဤလက်မှတ်က ခရီးသွားလျှင် နိုင်ငံသားစိစစ်ရေး ကဒ်ပြားထက် တန်ခိုးထက်၍ နဝတစစ်တပ်များက တွေ့လျှင် စစ်ဆေးမေးမြန်းခြင်း မရှိ။ လွတ်လွတ်လပ်လပ် သွားလာခွင့် ရှိ၏။ လိုအပ်လျှင် ….အကူအညီတောင်း၍ ရသေး၏။ ဤတွင် …..KNLA တပ်တွင်းမှ စည်းကမ်းချိုးဖောက်ကြသူများ၊ အပြစ်ကျူးလွန်ကြသူများနှင့် ရန်သူ၏ သူလျှိုလုပ်ငန်းလုပ်ရန် လာကြသူများသည် သုမွဲထသို့ လာ၍ခိုလှုံကြ၏။ မြိုင်ကြီးငူဆရာတော် အရှင်သုဇနဂိုဏ်းသို့ ဝင်ကြ၏။ အချို့က သင်္ကန်းစီး၍ပင် နေကြ၏။ ခက်ပြီ…..။

(၁၈)

ပြဿနာက အရှင်သုဇနသည် ဘာသာရေးကို ခုတုံးလုပ်၍ KNU နှင့် မာနယ်ပလောကို လည်မျိုညှစ်ရန်အတွက် လည်တိုင်ပေါ်သို့ လက်တင်လာခြင်းဖြစ်သည်။

KNU ဥက္ကဋ္ဌ တယောက်အနေနှင့် သူ ဤသို့ တွေးမြင်မိ၏။ လည်တိုင်ဆီသို့ တင်လာသော လက်ကို မည်သို့ ဖယ်ရှားမည်နည်း….။ သူ နည်းလမ်းရှာရ၏။ ဘာသာအရေး၊ သာသနာ့အရေး၊ သံဃအရေးဖြစ်၍၊ သံဃာတော် အရှင်မြတ်တို့သာ ဖြေရှင်းကြလျှင် သင့်မြတ်မည်။ ဤသို့ သူ စဉ်းစားမိ၏။ ကော်သူလေ ပြည်နယ်အတွင်းရှိ ကရင့်သံဃာတော်များ အစည်းအရုံး၏ အရေးပေါ် သံဃာအစည်းအဝေး ခေါ်ယူရန် သူ ဆုံးဖြတ်၏။

(၁၉)

၁၉၉၄ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နှင့် ၂၄ ရက်နေ့များတွင် မာနယ်ပလော၌ပင် ကရင့်သံဃာတော်များ အစည်းအရုံး၏ အရေးပေါ် အစည်းအဝေး ကျင်းပ၏။ သံဃာတော် အရှင်သူမြတ် ၁ဝ၂ ပါး တတ်ရောက်ကြသည်။ မြိုင်ကြီးငူဆရာတော် ရှင်သုဇနကိုလည်း ပင့်ဖိတ်၏။ ရှင်သုဇနနှင့် မြိုင်ကြီးငူ နန်းဦးဘေးမဲ့ ကျောင်းမှ သံဃာတော်များက ကြွရောက်ကြခြင်း မရှိ…..။ သပိတ်မှောက်သကဲ့သို့ ဖြစ်နေ၏။ ၂ ရက်ကြာ သံဃာအစည်းအဝေးကြီးမှ ဆုံးဖြတ်ချက် ၇ ချက် ချမှတ်ခဲ့ကြ၏။

(၁) သာသနာပြု လုပ်ငန်းများကို လုပ်ဆောင်ရာတွင် လည်းကောင်း၊ ဘာသာရေးကိစ္စများကို လုပ်ဆောင်ရာတွင် လည်းကောင်း၊ နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး လုပ်ငန်းများကို ထိခိုက်ပတ်သက်မှု မရှိစေရန်။

(၂) လူပုဂ္ဂိုလ်များကို ရဟန်းဘောင်သို့ သွတ်သွင်းရာတွင် ဗုဒ္ဓ၏ ဝိနည်းတော်နှင့်အညီ ဆန်းစစ်သွတ်သွင်းမှု ပြုကြရန်။

(၃) စစ်မက်ဖြစ်ပွားနေသော ဒေသများအတွင်း သာသနာပြုခြင်း၊ ဘုရားကျောင်းကန် တည်ဆောက်ခြင်းများ ရပ်ဆိုင်းထားရန်။

(၄) ဘာသာရေးမှတဆင့် လူထုအတွင်း၊ ရဟန်းသံဃာများအတွင်း၊ ဘာသာအယူဝါဒ အမျိုးမျိုးအတွင်း၊ စည်းလုံးညီညွှတ်မှု ပျက်ပြားစေမည့် လုပ်ဆောင်မှုများ ရှောင်ရှားရန်။

(၅) ဗုဒ္ဓဘာသာဝင်များအတွင်း၊ ရဟန်းသံဃာများအတွင်း၊ ရဟန်းသံဃာများနှင့် ဒေသဆိုင်ရာ အာဏာပိုင်များအတွင်း၊ ပြဿနာကြီးငယ် ရှိပါက ကော်သူးလေ သံဃအဖွဲ့အစည်းများ၏ ဆုံးဖြတ်ဆောင်ရွက်မှုများကို လိုက်နာဆောင်ရွက်သွားကြရန်။

(၆) သံဃာတော်များအတွင်း မသမာသူများ ဝင်ရောက်ခြင်း၊ ဘာသာရေး ခုတုံးလုပ်ခြင်းများကို ဆန့်ကျင်ကြရန်။

(၇) ဘုရားတည် ကျောင်းဆောက်သည့် လုပ်ငန်းများကို လုပ်ဆောင်ရာတွင် ဒကာ၊ ဒယိကာမများ ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ညှိနှိုင်းဆောင်ရွက်သွားကြရန် - ဟူ၍ ဖြစ်သည်။

အစည်းအဝေး ဒုတိယနေ့တွင်မူ မြိုင်ကြီးငူဆရာတော် အရှင်သုဇနမှ သံဃာအစည်းအဝေး သဘာပတိ ဆရာတော်ထံသို့ ပေးစာတစောင်ကို လျှောက်ထားပေးပို့ခဲ့၏။

…. မိမိအနေနှင့် ဘုရားတည်၊ ကျောင်းဆောက်သည့် အလုပ်များ စွန့်လွှတ်လိုက်ပြီးဖြစ်ကြောင်း….၊ ဆောက်လုပ်ပြီးခဲ့သည့် ဘုရားစေတီနှင့် ကျောင်းဇရပ်တို့ကိုလည်း သံဃနာယက သဘာပတိ ဆရာတော်ထံ အပ်နှံပါကြောင်း …. ယခုမှစ၍ ၄၉ လတိုင်တိုင် အဓိဋ္ဌာန်ဝင်မည်ဖြစ်၍ ကျောင်းသို့လည်း ပြန်လာတော့မည် မဟုတ်ကြောင်း ….. ပါရှိလေ၏။

သံဃာအစည်းအဝေးကား ပြီးလေ၏။ ဆုံးဖြတ်ချက် ၇ ချက်ကိုလည်း ချမှတ်နိုင်ခဲ့လေပြီ။ လည်မျိုပေါ်မှ လက်ကို ညင်သာစွာနှင့် ဖယ်ရှားနိုင်ရန်မှာ မခက်ခဲတော့ ….။ သို့သော်…..။ သံဃာအစည်းအဝေးသို့ မြိုင်ကြီးငူဆရာတော် မတက်ရောက်သည့် အကြောင်းနှင့် ၄၉ လ အဓိဋ္ဌာန်ဝင်သွားသည့် ဂယက်တို့ကား ဗုဒ္ဓဘာသာဝင် KNLA ရဲဘော်များအကြား ကောလာဟလ အမျိုးမျိုးနှင့် ရိုက်ခတ်နေပြန်၏။

``KNU က မြိုင်ကြီးငူ ဆရာတော်ကို KNU နယ်မြေအတွင်းမှ နှင်ထုတ်လိုက်ပြီ``

သတင်းများက …. အစွန်းရောက်လိုသော ဗုဒ္ဓဘာသာဝင် KNLA ရဲဘော်များအတွက် သွေးဆူစေရာများ……။

(၂ဝ)

၁၉၉၄ ခုနှစ်။

ဟေမာန်ဦး…။

KNDO တပ်ခွဲတခွဲသည် ``မယ်ညောပလိုး`` ခံစစ်စည်းမှ မိမိသဘောအတိုင်း စစ်မြေပြင်မှ ဆုတ်ခွာပြီး သုမွဲထသို့ ပြောင်းရွှေ့နေရာယူခဲ့၏။ KNDO မှ အရာခံဗိုလ် ကျော်သန်းနှင့် တပ်ကြပ်ကြီး ဖားမီးတို့တပ်ဖွဲ့က သုမွဲထသို့ ချီရာတွင် လမ်း၌ တာဝန်ယူ တပ်စွဲထားကြသည့် KNLA တပ်များကို သူတို့နှင့် လိုက်ရန် စည်းရုံး၏။ မလိုက်သည့် ရဲဘော်များမှ လက်နက်များ သိမ်းပြီး သုမွဲထသို့ သွား၏။ ပြီးလျှင် …. သုမွဲထ မြစ်ဆုံကို ထိန်းသိမ်းထားလိုက်တော့၏။

ရှေ့တန်းတပ်မ ၃၃ မှ ``ကရင်သောင်းကျန်းသူများက မြိုင်ကြီးငူ ဆရာတော် အရှင်သုဇန၏ သာသနာပြု လုပ်ငန်းများအား ဖိနှိပ်ချုပ်ချယ်ကြောင်း`` သတင်းများ ရေးသား၍ ကရင်-မြန်မာ နှစ်ဘာသာနှင့် ကျေးရွာများ၌ ဖြန့်ဝေ၏။ ဤအရေး၌ ….. နဝတတို့ လက်ပါလေပြီ။ အောက်တွင်မူ ``ဗုဒ္ဓဘာသာဝင်များ``ဟူ၍ အမည်တပ်၏။

ရန်သူ၏ ဒေသခံ လှုပ်ရှားစစ်ကြောင်းများကလည်း ဖာပွန်နယ်ရှိ ရဟန်သံဃာများနှင့် ဗုဒ္ဓဘာသာဝင်တို့ကို သုမွဲထသို့ သွားရောက်စုရုံးကြရန် ခိုင်းစေ၏။

သွေးဖည်လမ်းလွှဲသည့် ပုန်ကန်မှုသည် စနစ်မကျစွာနှင့် ပီပြင်လာပြီဖြစ်သည်။ KNLA တပ်ရင်း ၁ဝ၂ စစ်ကြောင်းသည် စစ်ကြောင်းမှူး ဗိုလ်မှူးကျော်မှူးကို ထိန်းသိမ်းလိုက်ပြီး သုမွဲထတွင် ပူးပေါင်းသွား၏။ KNLA တပ်ရင်း ၁ဝ၄ မှ အချို့….. တပ်မဟာ ၇၊ တပ်မဟာ ၁ နှင့် ရင်း ၂ဝ မှ ရဲဘော်အချို့ ….။ အချို့သည် သုမွဲထသို့ လာရောက်၍ ပူးပေါင်းလိုက်ကြ၏။

(၂၁)

မာနယ်ပလောရှိ KNU ခေါင်းဆောင်များမှာ ဖြစ်ရှိနေသည့် အခြေအနေများအပေါ်တွင် စိတ်သောက ရောက်ကြရ၏။ ကရင်အမျိုးသားအချင်းချင်း သွေးထွက်သံယို ပဋိပက္ခဖြစ်ရမည့် အရေး မလိုလားကြ။ တော်လှန်ရေး လမ်းကြောင်းမှ သွေဖည်ခွဲထွက်သွားကြသည့် သူများကို ပျော့ပြောင်း ညင်သာစွာနှင့် စည်းရုံးရမည်ဟု သူတို့ ခံယူထားကြ၏။ ဤအတွက် …. စစ်ဦးစီးချုပ်အနေဖြင့် သူ အမိန့်ထုတ်ပြန်၏။

``KNLA တပ်များမှ ခွဲထွက်သွားကြသည့် သူများကို လုံးဝပစ်ခတ်ခြင်း မပြုရ…``ပြီးလျှင် …. သူကိုယ်တိုင် ခွဲထွက်သွားကြသည့် သုမွဲထရှိ ရဲဘော်များထံ စာရေးပို့၏။ ကရင်လို ရေးသားခဲ့ခြင်း ဖြစ်၏။

သို့

သား၊ မြေး၊ တပ်မှူးတပ်သားအပေါင်းတို့….

ရဲဘော်စစ်သည်များအနေဖြင့် ကိုယ့်လုပ်ရပ်ကို ကိုယ်သေသေချာချာ စဉ်းစား၍ လုပ်ကိုင်ကြစေလိုတယ်။ မစဉ်းစားမဆင်ခြင်ဘဲ ပြုလုပ်ပါက အမှားတွေ့မည် ဖြစ်တတ်တယ်။ မသိသည့်ကိစ္စကို သေချာစွာ မေးမြန်းကြစေလိုတယ်။ ခေါတောဘုန်းကြီး (မြိုင်ကြီးငူဆရာတော် အရှင်သုဇန) ကို မိမိတို့ နှင်ထုတ်လိုက်ခြင်း မဟုတ်ပါ။ အဓိဋ္ဌာန် ၄၉ လ ဝင်မည်ဆိုပြီး မိမိတို့ကို စာရေးပေးခဲ့တယ်။ ထိုကိစ္စအပေါ် အမြင်မမှားစေလိုပါ။ မိမိအဖွဲ့အစည်းမှာ ဘာသာတိုင်းကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုထားတယ်။

သား၊ မြေး၊ ရဲဘော်အပေါင်းတို့အနေနဲ့ မဆင်မခြင် မလုပ်ကြစေလိုပါ။ တော်လှန်ရေးနဲ့ အမျိုးသားထုအရေးကို ထိခိုက်နိုင်ပါတယ်။ ရဲဘော်များက မသိ၍ မေးမြန်းလာမည်ဆိုလျှင် မိမိတို့အနေနဲ့ ရဲဘော်များ နားလည်သဘောပေါက်အောင် ပြောပြမည် ဖြစ်တယ်။ မကျေနပ်တဲ့ အရေးကိစ္စများကို တင်ပြရင်လည်း မိမိတို့ စီစဉ်ပေးမည် ဖြစ်တယ်။ တမျိုးသားလုံးရဲ့ ရေရှည်အကျိုးကို ကြည့်ပြီး စဉ်းစားချင့်ချိန်ကာ လုပ်ကြစေလိုတယ်။

မင်းတို့ကိုချစ်သော…

ဗိုလ်ချုပ်

၅.၁၂.၉၄

-------------

သူကိုယ်တိုင် လက်မှတ်ထိုးထားသည့် ၁၉၉၄ ခုနှစ် ဒီဇင်ဘာလ ၅ ရက် နေ့စွဲနှင့်စာကို သုမွဲထသို့ ပေးပို့ခဲ့ပြီး တရက်အကြာတွင် သူသည် ၇ ရက်နေ့…၊ နေ့စွဲနှင့် ဒုတိယ စာတစောင် ရေးပို့ပြန်၏။

သို့

သား၊ မြေး၊ တပ်မှူးတပ်သားအပေါင်းတို့….

အဘိုး မင်းတို့ကို ပြောချင်တယ်။ ကောင်းကင်ဟာ မိုးတိမ်နဲ့ မကင်းသလို လူတွေဟာလည်း အပြစ်နဲ့ မကင်းပါဘူး။ ငါ့သား ငါ့မြေး…. မင်းတို့ တယောက်ကိုမှ ငါ အပြစ်မဆိုပါဘူး။ ငါ မင်းတို့ကို ချစ်တယ်။ ငါ့လူမျိုးကို ချစ်တယ်။ ငါ တော်လှန်ရေးလုပ်တာ ၄၆ နှစ်ကျော် ကြာခဲ့ပြီ။ ငါတို့ အမျိုးသားတွေ ကောင်းမွန်အေးချမ်းစွာ နေရတာကို ငါ မြင်လိုတယ်။ မင်းတို့ကို ငါ့အပြစ် ချည်နှောင်ထားလိမ့်မယ်လို့ ထင်ပြီး မကြောက်ကြပါနဲ့။ ငါ လုံးဝ အပြစ်မမြင်ပါဘူး။ မင်းတို့တွေ တိုင်းပြည်အတွက် အလုပ်လုပ်နေကြတာကို ငါ သိပါတယ်။ တပ်မှူးတပ်သားအပေါင်းတို့ …. အဘိုးပြောတာကို နားထောင်ကြပါ။ မင်းတို့ နားမထောင်ရင် ရန်သူကို ကောင်းကျိုးပြုသလို ဖြစ်သွားမယ်။ ပြီးတော့ ဒို့ ကရင်တမျိုးသားလုံး ရန်သူ့ကျွန်တွေ ဖြစ်ကုန်မယ်။ ဒို့ ပြောတာကို နားထောင်ကြပါ။ ဒို့ ကရင်တမျိုးသားလုံး စည်းလုံးညီညွှတ်မှု ရှိဖို့လိုတယ်။ ချစ်ခြင်းမေတ္တာ ရှိစွာနဲ့ ဒို့များ စည်းစည်းလုံးလုံး၊ နေကြပါစို့…။

သုခအပေါင်းနဲ့ ခညောင်းပါစေ။

မင်းတို့ကို ချစ်သော…

ဗိုလ်ချုပ်

၇၊ ၁၂၊ ၉၄။

သုမွဲထရှိ ခွဲထွက်သွားကြသည့် KNU တပ်ဖွဲ့များထံသို့ ဒုတိယမြောက်စာကို သူ ရေးပို့ခဲ့သည့်နေ့၌ပင် သုမွဲထ သွေးမြေကျခဲ့ရ၏။

(၂၂)

တပ်ကြပ်ကြီး ဖားမီးသည် အစွန်းရောက် ခွဲထွက်အုပ်စုတစုမှ ခေါင်းဆောင်တယောက် ဖြစ်သည်။ ယခင်ကမူ KNU တပ်မဟာ ၇ မှ ဖြစ်၏။ ဖားမီးက ရက်စက်ကြမ်းကြုတ်သော လက်နက်ကိုင်တယောက် ဖြစ်သည်။

``ကရင့်သွေး ဖမ်းလို့မိရင် သတ်ပစ်လိုက်`` သူ၏ မျက်လုံးနှစ်လုံးအောက်၌ မျက်နှာကို ကန့်လန့်ဖြတ်၍ စာတမ်းကို ဆေးမင်ကြောင်ထိုးထား၏။

ဖားမီးသည် မြေတိုက်ခန်းအတွင်း ဖမ်းဆီးထားသည့် KNDO မှ ဗိုလ်ကြီးကျော်အေး၊ မယ်လဲ့ထဂိတ်မှ စောကီးဒိုနှင့် သော်လဲထမှ ဖဒိုစောနယ်ကော်တို့ကို လက်ပြန်ကြိုးများ တုတ်ပြီး အပြင်သို့ ခေါ်ထုတ်ခဲ့၏။ သံလွင်မြစ်ကမ်းဘေးသို့ ခေါ်လာ၏။ လပြည့်ကျော် တရက်နေ့ - လသည် ဝင်းဝင်းပပ။ သံလွင်မြစ်ပြင်ကို ဖြတ်တိုက်လာသော လေတွင် နှင်းငွေ့တို့ ယှက်၍ပါလာ၏။ ကောင်းကင်သည် ကြည်လင်၍ တောက်ပနေသည်။ ဖားမီး၏ တပ်ဖွဲ့က သူတို့ ၃ ဦးကို စီ၍ ရပ်နေစေ၏။ အခြေအနေကို ဗိုလ်ကြီးကျော်အေး သိလိုက်ပြီ။

``မင်းတို့က ဒို့ကို သတ်တော့မယ်ဆိုရင် ….. ကျေးဇူးပြုပြီးတော့ ပထမဦးဆုံး ဒို့အားလုံး ဆုတောင်းလိုက်ကြရအောင်`` သူတို့ ၃ ယောက်လုံးက ခရစ်ယာန်ဘာသာဝင်များ ဖြစ်သည်။ နောက်ဆုံး ဆုတောင်းခွင့်ပြုရန် ဗိုလ်ကြီးကျော်အေးက ဖားမီးကို ပြော၏။ ဖားမီးက အင်းမလှုပ်၊ အဲမလှုပ်…..။ ဘာမှ ပြန်မပြော…..။ ဗိုလ်ကြီးကျော်အေးက -

``ကဲ ဆုတောင်းကြစို့….`` ဟုဆိုလျှင် ဝတ်ပြုရန် ဒူးထောက်လိုက်၏။ ဖားမီးသည် သူ၏ လက်တွင်းမှ မောင်းပြန်ရိုင်ဖယ်နှင့် ဗိုလ်ကြီးကျော်အေးကို ပစ်၏။ နေရာတွင်ပင် လဲကျသေဆုံးသွားသည်။ မဲလဲ့ထဂိတ်မှူး စောကီးဒိုသည် ရုတ်တရက် လှည့်၍ ထွက်ပြေး၏။ ဖားမီးတို့အုပ်စုမှ စောကီးဒိုကို လှည့်၍ပစ်သည်။ စောကီးဒိုသည် လက်မောင်းတွင်ထိ၏။ ထိသည့်အရှိန်နှင့် လည်ပြီး သံလွင်မြစ်အတွင်းသို့ ကျသည်။ ရေစီးက သူ့ကို မြစ်လယ်သို့ ဆွဲခေါ်သွားသည်။ ဖဒိုစောနယ်ကောသည်လည်း ထိုနေရာတွင်ပင် ဖားမီးတို့၏ သတ်ဖြတ်ခြင်း ခံလိုက်ရ၏။

သံလွင်မြစ်အတွင်း သေနတ်ဒဏ်ရာနှင့် မျောနေသော မဲ့လဲ့ထဂိတ်မှူး စောကီးဒိုကို KNU အပေါ် သစ္စာစောင့်သိသည့် KNLA ရဲဘော်များက ကယ်လိုက်နိုင်၏။ ဒဏ်ရာက မပြင်းထန်…..။ စောကီးဒိုမှတဆင့် သုမွဲထမှ လူသတ်ပွဲကို မာနယ်ပလောက သိကြရ၏။ နောက်တနေ့တွင်ပင် သူသည် KNU ဥက္ကဋ္ဌအနေဖြင့် မြိုင်ကြီးငူဆရာတော် အရှင်သုဇနထံသို့ စာရေးပို့၏။

စာတွင် ….``ဆရာတော်နှင့် အေးအေးဆေးဆေး ညှိနှိုင်းဆွေးနွေးလိုကြောင်း လျှောက်ထားပြီး KNU အဖွဲ့အစည်းသည် ကရင်အမျိုးသားများ လွတ်မြောက်ရေးအတွက် ဆောင်ရွက်နေသည်မှာ ၄၆ နှစ် ရှိပြီဖြစ်ကြောင်း ဆရာတော်အနေနှင့် …. အဖိနှိပ်ခံ ကရင်များဘက်မှ ရပ်တည်မည်လား…။ ဒါမှမဟုတ် ဖိနှိပ်သည့် အုပ်စိုးသူ အာဏာရှင်များဘက်က ပါမည်လား…..`` ဟူ၍ မေးခွန်းထုတ်ထား၏။ မြိုင်ကြီးငူ ဆရာတော်က သူ၏ စာကို ဖတ်၍ပင် မကြည့်ဟု သိရ၏။ မြိုင်ကြီးငူ၏ သဘောထားက ရှင်း၍နေ၏။

သုမွဲထမှ ခွဲထွက်ပုန်ကန်သူ အုပ်စုများသည် စေ့စပ်ဆွေးနွေးရန် သုမွဲထသို့ ရောက်ရှိနေသည့် ဗိုလ်ချုပ်မောင်မောင်၊ ပဒိုမန်းရှာလားဖန်း၊ ပဒိုစံလှိုင်၊ ဗိုလ်မှူးကြီး တူးတူးလေးနှင့် ဒုဗိုလ်မှူးကြီး ဂျော်နီကို မာနယ်ပလောသို့ ပြန်ခွင့်မပြုတော့ဘဲ သုမွဲထ၌ပင် ထိန်းသိမ်းထားလိုက်ပြန်၏။ သုမွဲထတွင် ဗိုလ်ကြီးကျော်အေးကို သတ်ဖြတ်ခဲ့ပြီး ၄ ရက်မြောက်တွင် ဖားမီးသည် အစွန်းရောက် ခွဲထွက်တပ်သား ၆ဝ ခန့်ကို စုစည်းကာ သံလွင်ကို ဖြတ်ကူး၍ မာနယ်ပလောသို့ ချီတက်ရန် ပြင်ဆင်၏။ သင်္ကန်းစများကို နဖူးတွင် စည်း၏။ လက်တွင် ပတ်ကြ၏။ ဤသင်္ကန်းစများက သူတို့ကို အရာရာကာကွယ်ပေးမည့်၊ ``အဆောင်လက်ဖွဲ့`` များအလား…..။ သံဃာတော်အချို့က ဖားမီးတို့ကို မသွားရန် တားကြ၏။ မရ….။ သွေးကြွနေသော ဖားမီးနှင့် အဖွဲ့သည် သံဃာတော်များ၏ အနူးအညွတ်တားမြစ်နေသည်ကို ဂရုမပြုကြ။

သံလွင်သည် လွှမ်းခြုံထားသော မြူပုဝါကို ဖယ်ရှား၍ လူးလွန့်လာလေပြီ။ မြစ်ပြင်သည် ကြည်ကြည်လင်လင်….။ သဲသဲကွဲကွဲ….။ အရာရာသည် ရှင်းနေ၏။ ထင်း၍နေ၏။ ညိုညစ်သော မြစ်ရေသည် နေရောင်အောက်၌ ပြိုးပြက်….ရွှန်းလက်နေသည်။ စက်လှေ ၂ စီးနှင့် ဖားမီးတို့တပ်ဖွဲ့ သံလွင်ကို ကူး၏။ တဖက်ကမ်းသို့ ရောက်၏။ မာနယ်ပလောသည် ဤမှာဘက်ကမ်း၌ ရှိ၏။ မာနယ်ပလော လုံခြုံရေးအတွက် KNLA တပ်များဖြင့် စစ်ဆေးရေးဂိတ်များ အထပ်ထပ်ချထား၏။ ဖားမီးတို့အဖွဲ့သည် ပထမအဆင့် လုံခြုံရေးဂိတ်သို့ ရောက်လာကြ၏။ ဂိတ်တွင် လုံခြုံရေးအတွက် KNLA မှ တပ်စိတ်တစိတ် ချထား၏။ ရဲဘော် ၉ ယောက်ရှိ၏။ သူတို့က ဖားမီးတို့ကို ဆက်၍ တက်မလာရန် တား၏။ ပြန်ဆုတ်ရန် ပြော၏။ မရ….။ ဖားမီးတို့က ဆက်တက်လာကြပြီး လုံခြုံရေးဂိတ်ကို ဝိုင်းလိုက်ကြသည်။ လုံခြုံရေးတပ်သားများအဖို့ အကျပ်တွေ့၏။ ဗဟိုက ခွဲထွက်သူတို့ကို မပစ်ခတ်ရန် အမိန့်က ညွှန်ကြားထားဆဲဖြစ်၏။ နောက်ဆုံး…. လုံခြုံရေးဂိတ်မှ ရဲဘော်များ ဆုတ်ခွာပေးရန် ဆုံးဖြတ်လိုက်ကြ၏။ ရဲဘော် ၅ ယောက်က ကိုယ်လွတ်ဆုတ်ခွာ နိုင်ခဲ့ကြပြီး ၄ ယောက်ကိုမူ ဖားမီးတို့က ဖမ်းဆီးလိုက်ကြ၏။ ဖားမီးတို့က ပထမကင်းစခန်းကို သိမ်းပိုက်ရမိပြီးနောက် …. ရှေ့သို့ ဆက်တက်လာကြ၏။

(၂၃)

သုမွဲထကို အခြေပြုပြီး ပုန်ကန်နေသည့် အရေးက KNU ဥက္ကဋ္ဌအနေနှင့် သူ အလေးအနက် စဉ်းစားရလေပြီ။ အခြေအနေများက စက္ကန့်နှင့်အမျှ ပိုင်းဆစ်၍ ဆုံးဖြတ်ချက် ချရမည့်အရေး ဖြစ်လာပြီ။ ပြဿနာက အပ်နှင့် ထွင်ရတော့မည့် အရေးဟု သူ ဆုံးဖြတ်လိုက်၏။

သုမွဲထကို တိုက်ရန် စစ်ဆင်ရေးမှူး ဗိုလ်မှူးကြီး လောဝါဒီကို သူ အမိန့်ပေးလိုက်၏။ လောကွားလူမှ သုမွဲထကို လက်နက်ကြီးများနှင့် ပစ်တိုက်၏။ ပြီးလျှင် ….. ပြီးလျှင် ….။ သူကား လောဝါဒီကို အမိန့်များ ပေး၏။ ညွှန်ကြားချက်များ ပေး၏။ သို့သော် …. သူ၏ အမိန့်နှင့် ညွှန်ကြားချက်များက ``လက်ယာသွေဖည်သော `` ဗဟိုကော်မတီ ခေါင်းဆောင် အချို့အကြား၌ လက်တွေ့ ဖြစ်မလာခဲ့…….။

ကိုးကား…

- စောဘိုမြ၏ ကျနော်တင်ပြလိုသည့် ကျနော့်ဖြတ်သန်းမှု အစစ်အမှန်

- ကရင်သမိုင်း သုတေသနအဖွဲ့မှ ထုတ်ဝေသည့် နိုင်ငံသစ်စာစောင် (အမှတ် ၁ မှ ၇ အထိ)

- ဖူးကီးဒို၏ မန်းဘဇံနှင့် ကရင့်တော်လှန်ရေး

- ဆရာကြီး ဖူးစကောလယ်တော၏ ကရင်တော်လှန်ရေး သမိုင်းမှတ်စုများ

- အောင်စောဦး၏ ပြည်တွင်းစစ် နှစ် ၅ဝ

- ဝင်းတင့်ထွန်း၏ အမှောင်ကြားက ဗမာပြည်

- သခင်တင်မြ၏ ဘုံဘဝမှာဖြင့် (အတွဲ - ၅)

- BLC သင်တန်းကျောင်းတွင် ပြောကြားခဲ့သည့် ဗိုလ်ချုပ်မြ၏ မိန့်ခွန်း စီဒီချပ်

- သနူထူး ဂျာနယ်များ

- ကရင့်သတင်းစဉ်

- KNU နှင့် နဝတကြား တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်၍ KNU ၏ ရှင်းလင်းချက် စာတမ်း

---------------------------------။--------------------------------------------------


ကရင့်အမျိုးသား လွတ်မြောက်ရေး ခရီးနှင့် … စောဘိုမြ၏ ဗိုလ်ချုပ်မြ (သို့မဟုတ်) စစ်သားစိတ်နှင့် နိုင်ငံရေးလုပ်သူ - အပိုင်း(၅)


ဆောင်းပါး
မင်းဟန်
ဗုဒ္ဓဟူးနေ့၊ ဧပြီလ 22 2009 12:35 - မြန်မာစံတော်ချိန်


(၂၄ )

KNU ဥက္ကဋ္ဌတဦးအဖြစ် သူ တာဝန်မယူမီ ကာလများအတွင်း အုပ်စိုးသူအာဏာရှင် အစိုးရအဖွဲ့များနှင့် ၃ ကြိမ်တိုင်တိုင် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့၏။

၁၉၄၉ …..

၁၉၆ဝ …..

၁၉၆၃ ….. နှစ်များတွင် ဖြစ်၏။

ပထမအကြိမ် ဆွေးနွေးပွဲကား .. ကရင့်အမျိုးသား လက်နက်ကိုင်တော်လှန်ရေး စတင်ခဲ့ပြီး ၆၄ ရက် အကြာတွင် ဖြစ်သည်။ ကရင့်လက်နက်ကိုင် တော်လှန်ရေးအင်အားစုများက အင်းစိန်ကို သိမ်းထား၏။ ဦးနု၏ ဖဆပလအစိုးရကား … ရန်ကုန်အစိုးရဟူ၍ ဝိဂြိုဟ်ပြုခံနေရသည့် အချိန်ဖြစ်သည်။ ၁၉၄၉ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် ဦးနုက စောဘဦးကြီးထံသို့ စာပို့၏။ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန် ဖိတ်ခေါ်သည့် စာဖြစ်သည်။ ရန်ကုန်ရှိ ဗြိတိန်သံအမတ် Mr .Broke ၊ အိန္ဒိယသံအမတ် Dr. Rauf ၊ ပါကစ္စတန် သံအမတ် Mr. M.D Ali နှင့် ခရစ်ယာန် ဘုန်းတော်ကြီး ဘီးရှော့ West တို့က အကျိုးဆောင်များကဲ့သို့ ပါကြ၏။

ဧပြီလ ၅ ရက်နေ့တွင် စောဘဦးကြီး၊ မန်းဂျိန်း(စ်) ထွန်းအောင်နှင့် စောဘဲလေတို့ ရန်ကုန်အစိုးရနှင့် တွေ့၏။ ရန်ကုန်အစိုးရအဖွဲ့မှ ဦးနု၊ ဗိုလ်ခင်မောင်လေး၊ ဗိုလ်နေဝင်းနှင့် ဦးချန်ထွန်းတို့ ဆွေးနွေးပွဲ တက်ရောက်သည်။

ဆွေးနွေးပွဲက …..

၁။ ကရင်အမျိုးသားများအရေးနှင့် ပတ်သက်၍ ဆာဘဦး၏ ``ကို့မစ်ရှင်``က စီစဉ်ဆောင်ရွက်သွားမည်။

၂။ အပစ်အခတ်ရပ်စဲ၍ လက်နက်အပ်ရန်၊… ဟူ၍ (ဖ.ဆ.ပ.လ) အစိုးရက ဆွေးနွေး၏။

ဦးနု၏ အဆိုပြုချက် ၂ ရပ်ကို စောဘဦးကြီးသည် သဘောတူလက်မှတ် ရေးထိုးခဲ့၏။ ဆွေးနွေးပွဲပြီးနောက် စောဘဦးကြီးက အင်းစိန်တွင် ဆွေးနွေးပွဲနှင့်ပတ်သက်၍ ကရင်ခေါင်းဆောင်များကို ပြန်လည်၍ ရှင်းပြသည်။

ဖဆပလ၏ တောင်းဆိုချက်က ``လက်နက်ချရေး`` ဖြစ်၍ အင်းစိန်ရှိ ကရင်ခေါင်းဆောင်များက သဘောမတူကြ။ နောက်တနေ့တွင် မန်းဘဇံကို ဦးနုနှင့် ထပ်မံ၍ တွေ့ဆုံဆွေးနွေးရန် စေလွှတ်၏။ မန်းဘဇံသည် ထိုစဉ်က KNDO ၏ ခေါင်းဆောင်တဦးဖြစ်ပြီး ပဆပလက KNDO ကို မတရားအသင်း ကြေညာထား၏။

ဧပြီလ ၆ ရက်နေ့တွင် မန်းဘဇံ ဦးဆောင်သော ကရင်ကိုယ်စားလှယ်အဖွဲ့နှင့် ဦးနုတို့ တွေ့ဆုံကြပြန်၏။ ``ကရင်အမျိုးသားများ၏ အဓိကလိုအပ်ချက်မှာ ကရင်ပြည်သာ ဖြစ်၏။ အပစ်အခတ်ရပ်စဲစဉ် ကရင်ပြည် ရရှိရေးကိစ္စကိုသာ ဆွေးနွေးသွားရန်`` မန်းဘဇံက ဦးနုထံ တင်ပြသည်။ ဖဆပလ ခေါင်းဆောင်များက မန်းဘဇံ၏ ဆွေးနွေးချက်ကို လက်မခံ….။ အပစ်ရပ်ပြီး လက်နက်ချရေးကိုသာ တောင်းဆို၏။ ကော်သူးလေက လက်မခံနိုင်…..။ ဆွေးနွေးပွဲက ပျက်လေ၏။

(၂၅)

၁၉၆ဝ၊ ၁၉၆၃ ခုနှစ် ဆွေးနွေးပွဲများက ဗိုလ်နေဝင်းနှင့် တွေ့ဆုံဆွေးနွေးကြခြင်း ဖြစ်သည်။

၁၉၆ဝ တွင် ဗိုလ်နေဝင်း ဦးဆောင်သည့် စစ်တပ်သည် အိမ်စောင့်အစိုးရ အာဏာ ရယူထား၏။ ၁၉၆ဝ ခုနှစ် ဖေဖော်ဝါရီလအတွင်း၌ ဗိုလ်အောင်ကြီးက အိမ်စောင့်အစိုးရကိုယ်စား KNUP သို့ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်း၏။ KNUP မှ အိမ်စောင့်အစိုးရ၏ ကမ်းလှမ်းချက်ကို လက်ခံခဲ့ပြီး ဗိုလ်ချုပ်ကော်ထူး၊ (ဗိုလ်ချုပ်ကျော်မြသန်း) စကောလယ်တော၊ ပဒိုဖိုညော၊ ဗိုလ်ကျင်ဖေနှင့် ဗိုလ်မြစိန်တို့ ရန်ကုန်သို့ သွားခဲ့၏။ အိမ်စောင့်အစိုးရမှ ဗိုလ်အောင်ကြီး၊ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ရွှေနှင့် လေ့လာသူများအဖြစ် ဗိုလ်ဘဖြူ၊ ဗိုလ်စံကြည်၊ ဗိုလ်စိန်လွင်တို့ ဆွေးနွေးပွဲသို့ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ဗိုလ်ချုပ်ကော်ထူး (ဗိုလ်ချုပ်ကျော်မြသန်း) တို့က တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် ကရင်ပြည်နယ်ပေးရန် တောင်းဆို၏။ အိမ်စောင့်အစိုးရက ….. ကရင်ပြည်နယ်အရေးသည် ဖွဲ့စည်းပုံ အခြေခံဥပဒေရေးရာ ကိစ္စဖြစ်၍ အိမ်စောင့်အစိုးရအနေနှင့် ကျော်လုပ်၍ မရ….။ မိမိတို့ မတတ်နိုင်….။ ကိစ္စက ပြတ်ပြီ။ အိမ်စောင့်အစိုးရနှင့် နိုင်ငံရေးပြဿနာကို ဆွေးနွေး၍ မရ….။ ထားတော့….။ လက်နက်ကိုင်တပ် ကိစ္စ ဆွေးနွေးကြပြန်၏။ အိမ်စောင့်အစိုးရက….

`စတိ` လက်နက်ချရမည်။ ပြီးလျှင် …. အရည်အချင်း ပြည့်မီသူများကို တပ်မတော်ထဲတွင် (S.P.R) ကဲ့သို့၊ (Karen Rifle) ကဲ့သို့ တပ်များ ဖွဲ့ပေးမည်။ နိုင်ငံရေးအရ ဆွေးနွေးမှုမရှိသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲက အနှစ်သာရ မရှိ။ ၄ ကြိမ်မျှ နှစ်ဖက် တွေ့ဆုံပြီးသည့်တိုင် တိုးတက်မှုက မရှိ…..။ ဆွေးနွေးပွဲက ပျက်သွားခဲ့၏။

(၂၆)

၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ဗိုလ်နေဝင်း ဦးဆောင်သည့် စစ်တပ်သည် ဖဆပလအစိုးရထံမှ အာဏာ သိမ်းပိုက်ယူ၏။ အာဏာသိမ်း တော်လှန်ရေးကောင်စီသည် ၁၉၆၃ ခုနှစ် ဇွန်လ ၁ဝ ရက်နေ့တွင် ပြည်တွင်းငြိမ်းချမ်းရေးအတွက် လက်နက်ကိုင် အင်အားစုများအားလုံးနှင့် တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်း၏။

ထိုစဉ်က …. ကရင့်တော်လှန်ရေး အင်အားစုများအတွင်း၌ စောဟန်တာသာမွှေး ဦးဆောင်သည့် ကရင့်တော်လှန်ရေး ကောင်စီ (KRC) နှင့် မန်းဘဇံ ခေါင်းဆောင်သည့် KNUP ဟူ၍ ၂ ဖွဲ့ ကွဲနေ၏။ KNUP သည် ၁၉၆၃ ခုနှစ် ဆွေးနွေးပွဲကို အမျိုးသားဒီမိုကရေစီ ညီညွတ်ရေးတပ်ပေါင်းစု (မဒညတ) အနေဖြင့် ဆွေးနွေးခဲ့၏။ (မဒညတ) ၌ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ချင်းဦးစီးအဖွဲ့၊ KNUP ၊ NMSP နှင့် KNPP ပါဝင်သည်။

တော်လှန်ရေး ကောင်စီနှင့် ဆွေးနွေးမည့် (မဒညတ) ကိုယ်စားလှယ်အဖွဲ့တွင် မန်းဘဇံက ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး သခင်တင်ထွန်း (ဗမာပြည်ကွန်မြူနစ်ပါတီ) က အတွင်းရေးမှူးအဖြစ် တာဝန်ယူသည်။ တော်လှန်ရေး ကောင်စီဘက်မှ …. ဗိုလ်နေဝင်း၊ ဗိုလ်စောမြင့်၊ ဗိုလ်ကျော်စိုး၊ ဗိုလ်လှဟန်၊ ဗိုလ်သောင်းဒန်၊ ဗိုလ်ချစ်ခင် ပါဝင်သည်။ ရန်ကုန်မြို့တွင်ပင် ဆွေးနွေးပွဲ ပြုလုပ်၏။ ၁၉၆၃ ခုနှစ် အောက်တိုဘာ ၂ ရက်နေ့မှ နိုဝင်ဘာလ ၁၄ အတွင်း နှစ်ဖက်ကိုယ်စားလှယ်များ ၆ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့သည်။ တော်လှန်ရေး ကောင်စီက….အချက် ၅ ချက် တောင်းဆို၏။

(၁) တော်လှန်ရေးလက်နက်ကိုင် အဖွဲ့ဝင်အားလုံးသည် စစ်အစိုးရက သတ်မှတ်ထားသော နေရာတွင် လာရောက်စုစည်း နေထိုင်ရန်၊ ၎င်းတို့ကို နေရာထိုင်ခင်း၊ စားရေးသောက်ရေးနှင့် လုံခြုံရေး တာဝန်ယူမည်။

(၂) တွေ့ဆုံဆွေးနွေးစဉ် ကာလတွင် တော်လှန်ရေးအဖွဲ့များသည် စည်းရုံးရေးလုပ်ငန်းများ မလုပ်ရ။

(၃) တွေ့ဆုံဆွေးနွေးစဉ် ကာလတွင် တော်လှန်ရေးအဖွဲ့များသည် အုပ်ချုပ်ရေးလုပ်ငန်းများ မလုပ်ရ။

(၄) အပြင်ထွက်လိုပါက ခွင့်တောင်းရမည်။

(၅) လက်နက်ကိုင် တပ်ဖွဲ့ဝင်အားလုံး စခန်း၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်။

တောင်းဆိုချက်များက တဖက်သတ်နိုင်လွန်းလှ၏။ (မဒညတ) အနေနှင့် လက်ခံ၍ မရ….။ အလျှော့အတင်း၊ အပေးအယူ ရှိမှသာ ဆွေးနွေးပွဲက ရလဒ်ကောင်းရရန် ရှိမည်။ ယခုမူ….။ တော်လှန်ရေး ကောင်စီသည် တဖက်သတ် တောင်းဆိုမှုများကို တောင်းဆိုပြီး ဆွေးနွေးပွဲကိုလည်း တဖက်သတ်ပင် ရပ်စဲပစ်လိုက်၏။

၁၉၆၃ ခု၊ နိုဝင်ဘာလ ၁၄ ရက်၊ ည ၉ နာရီတွင် တော်လှန်ရေးကောင်စီမှ တွေ့ဆုံဆွေးနွေးပွဲ ဖျက်သိမ်းကြောင်း ကြေညာ၏။

(၂၇)

ထိုသို့သော ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြသည့် အချိန်၌ သူသည် တပ်မှူးတဦးမျှသာ ဖြစ်သည်။ နိုင်ငံရေးခေါင်းဆောင် တယောက်၏ တာဝန်များ သူ့၌ မရှိသေး…။ ယခုမူ …. သူသည် KNU ၌ ဥက္ကဋ္ဌ တာဝန် ယူထားရ၏။ ကရင့်အမျိုးသားများ အရေးကို ဆောင်ရွက်ရာတွင် သူ့တွင် တာဝန်အရှိဆုံး….။ အဖိနှိပ်ခံ ကရင်အမျိုးသားများ လွတ်မြောက်ရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး။

ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်သည့် ကော်သူးလေပြည်သစ်ကို ထူထောင်နိုင်ရေးအတွက် … ၄၅ နှစ်တိုင်တိုင် သူ စစ်တိုက်ခဲ့၏။ ငြိမ်းချမ်းရေးအတွက် စစ်ပွဲများတပွဲပြီးတပွဲ သူ ဆင်နွှဲခဲ့၏။ ပြီးလျှင် …. ထိုထိုသော ငြိမ်းချမ်းရေးအတွက်ပင် သူသည် ရန်သူနှင့် စကားပြောရမည်။ စစ်မြေပြင်တွင် စီးချင်းထိုး၍ ငြိမ်းချမ်းရေး ရှာသကဲ့သို့၊ စားပွဲဝိုင်းတွင် ဆွေးနွေးခြင်းဖြင့်လည်း ငြိမ်းချမ်းရေး ရှာရမည်ကို သူ သဘောပေါက်၏။ သို့သော် …. ဖြစ်သန်းမှုအသိအရ …. ရန်သူစစ်အုပ်စုကို လက္ခဏာပိုင်းဖြတ်ပြီးသား ဖြစ်၏။ သို့သော် …. တွေ့ဆုံဆွေးနွေးရေး တံခါးကိုမူ သူ မပိတ်ထားခဲ့ ….။

၈၈ …. အာဏာသိမ်း စစ်အုပ်စုသည် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရာတွင် တရားဝင် ကြေညာချက် ထုတ်ပြန်ပြီး ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲများ ခေါ်သည့်နည်းနှင့် တွေ့ဆုံမှုများ မပြုလုပ် ……။ တဖွဲ့ချင်းဆီသို့ ``အောင်သွယ်တော်`` များ လွှတ်၍ ``နားသွင်း``သည့်နည်းနှင့် တိုးတိုးတိတ်တိတ် `စ`၏။

၁၉၉၄ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ နေ့စွဲနှင့် နဝတဥက္ကဋ္ဌထံသို့ သူ လက်မှတ်ထိုးပြီး စာတစောင်ပေးပို့ခဲ့၏။ စာတွင် အချက် ၄ ချက် ပါ၏။

(၁) တွေ့ဆုံဆွေးနွေးရေးကို တဖွဲ့ချင်း ခွဲခြားမပြုလုပ်ဘဲ တပ်ပေါင်းစုနှင့် ပြုလုပ်ရန် အတိအကျအားဖြင့် တခုလုံးဆိုင်ရာ ဆွေးနွေးအဖြေရှာမှု ဖြစ်စေရန်အတွက် မဟာမိတ် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ်နှင့် နဝတအကြား တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ရန်။

(၂) တွေ့ဆုံဆွေးနွေးရေးကို နှစ်ဦးနှစ်ဖက် လက်ခံနိုင်သည့် ပြည်ပနိုင်ငံတခုခုတွင် ပြုလုပ်ကြရန်။

(၃) တွေ့ဆုံဆွေးနွေးပွဲကို ကုလသမဂ္ဂ၏ ကြီးကြပ်မှုတခုခုတွင် ပြုလုပ်ရန်။

(၄) ထိုတွေ့ဆုံဆွေးနွေးပွဲကို သတင်းနှင့် စာနယ်ဇင်းလောကမှ ပုဂ္ဂိုလ်များနှင့် လွတ်လပ်စွာ ထိတွေ့နိုင်သည့် အခြေအနေတွင် လွတ်လပ်ပွင့်လင်းစွာ ပြုလုပ်ကြရန် ဟူ၍ ဖြစ်သည်။

နဝတမှ မည်သို့မျှ အကြောင်းမပြန်။ နှာစေး၍ နေ၏။ ၁၉၉၅ ခုနှစ် ဒီဇင်ဘာလတွင် ခွန်မြတ်၊ ပါမောက္ခဟောင်း စောထွန်းအောင်ချိန်တို့အဖွဲ့ သူနှင့် လာတွေ့၏။ ထိုသူတို့ကား နဝတမှ လွှတ်လိုက်သည့် အကျိုးဆောင်များဖြစ်၏။

နဝတနှင့် KNU တွေ့ဆုံဆွေးနွေးရေးအတွက် ပြင်ဆင်ရန် ပဏာမပြင်ဆင်ရေး ကိုယ်စားလှယ်အဖွဲ့ကို KNU မှ စေလွှတ်သည်။ ပဒိုခလိစေး ခေါင်းဆောင်သည့် ပြင်ဆင်ရေး ကိုယ်စားလှယ်အဖွဲ့တွင် ပဒိုစတိလ၊ စောနေစိုး၊ စောဗစ်တယ်၊ စောတီးထူ၊ စောမင်းထူးနှင့် မန်းချစ်ဝင်း ပါဝင်၏။

KNU ၏ ပဏာမပြင်ဆင်ရေး ကိုယ်စားလှယ်အဖွဲ့သည် ၁၉၉၅ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် အရှေ့တောင်တိုင်း စစ်ဌာချုပ်၌ နဝတကိုယ်စားလှယ်အဖွဲ့နှင့် ဆွေးနွေးကြ၏။ KNU မှ ပြင်ဆင်မှုဆိုင်ရာ အချက် ၁၁ ချက် တင်ပြ၏။

(၁) ကိုယ်စားလှယ်များ၏ အဆင့်အတန်းနှင့် ဦးရေကို သတ်မှတ်ရန်

(၂) အချိန်နှင့် နေရာ

(၃) အကြိုနေ့တွင် တွေ့ဆုံမည့်အကြောင်း သတင်းထုတ်ပြန်ချက်

(၄) အကျိုးဆောင်များ တက်ရောက်ခွင့် ပြုရန်

(၅) ဗီဒီယို၊ ကင်မရာ၊ အသံဖမ်းခြင်းကို ခွင့်ပြုရန်

(၆) တွေ့ဆုံပြီးစီးသည့် အချိန်တိုင်း သတင်းစာရှင်းလင်းခွင့် ပြုရန်

(၇) KNU ကိုယ်စားလှယ်နှင့် ဗဟို (က/န) ဆက်သွယ်ခွင့် ပြုရန်

(၈) လုံခြုံရေးကို နဝတမှ တာဝန်ယူရန်

(၉) ဆွေးနွေးပွဲ အတွင်း၊ အပြင် ခြိမ်းခြောက်မှု သဘောဆောင်သော လုပ်ရပ်များ မရှိစေရန် စီမံဆောင်ရွက်ရန်

(၁ဝ) တွေ့ဆုံဆွေးနွေးသည့် ကာလအတွင်း KNU ကိုယ်စားလှယ်များ တွေ့ဆုံလိုသည့် ပုဂ္ဂိုလ်များနှင့် လွတ်လပ်စွာ တွေ့ဆုံရန်၊ ဘာသာရေးဆိုင်ရာ ခေါင်းဆောင်များနှင့် လွတ်လပ်စွာ တွေ့ဆုံရန်

(၁၁) တွေ့ဆုံပြီးသည့်အခါ၊ အစမှ အဆုံးအထိ မှတ်တမ်းများကို တိုင်းပြည်သို့ ရုပ်သံလွှင့်ဌာနမှ အသံလွှင့် ကြေညာရန်

KNU ကိုယ်စားလှယ်အဖွဲ့မှ တင်ပြညှိနှိုင်းသည့် အချက် ၁၁ ချက်မှ နဝတ သည် ၂၊ ၃၊ ၆၊ ၁ဝ အချက်များကို ငြင်းပယ်၏။ အထူးသဖြင့် အချက် ၁ဝ တွင် တောင်းဆိုထားသည့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်တွင်းရှိ နိုင်ငံရေးခေါင်းဆောင်များနှင့် တွေ့ဆုံမည့်အရေး ခါးခါးသီးသီး ငြင်းဆန် ပယ်ချခဲ့၏။

စစ်မှန်သည့် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံမှု၏ အစပျိုးမှုက ……`စ` ကတည်းက ယဉ်သကို….ဟူ၍ ဆိုရလေပြီ။ မတတ်နိုင်။

(၂၈)

KNU အနေဖြင့် ``လွတ်လပ်စွာ လုပ်ဆောင်နိုင်သည့် သီးခြားသော အခြေအနေများတွင် လုပ်ဆောင်သွားရန်`` ဟူ၍ သဘောထားချပြီး အဆင့်မြင့် တွေ့ဆုံနိုင်ရေးအတွက် ပြင်ဆင်လုပ်ဆောင်ခဲ့၏။ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို မော်လမြိုင်တွင်ပင် ပြုလုပ်၏။ KNU ဘက်မှ ပဒိုမန်းရှာ လားဖန်း ခေါင်းဆောင်ပြီး နဝတ ဘက်မှ ဗိုလ်မှူးကြီးကျော်သိန်း ဦးဆောင်၏။ အကျိုးဆောင်များဖြစ်သည့် ခွန်မြတ်၊ အေးစိုးမြင့်၊ ပါမောက္ခဟောင်း ဦးထွန်းအောင်ချိန်တို့လည်း တက်ရောက်ကြသည်။

KNU မှ အချက် ၁၂ ချက်ကို တင်ပြ၏။

(၁) တပြည်လုံး အပစ်အခတ် ရပ်ဆိုင်းထားရေးကို နဝတ ဘက်မှ တိုင်းသိပြည်သိ ထုတ်ပြန်ကြေညာရန်

(၂) နဝတ ၏ ထိုးစစ်ဆင်တပ်များကို ဖြည့်ပေးနေမှု၊ လက်နက်ကြီးများ ရှေ့တန်းသို့ ပို့ဆောင်မှုများကို ရပ်ဆိုင်းထားရန်

(၃) ထိုးစစ်အတွက် အသုံးပြုသည့် လမ်းများ ဆက်လက်ဖောက်လုပ်ခြင်း၊ ပြုပြင်ခြင်းများကို ရပ်ဆိုင်းထားရန်

(၄) တပ်သားသစ်များ ခေါ်ယူခြင်း၊ ပေါ်တာဆွဲခြင်း၊ ကင်းသမား ခေါ်ယူခြင်း၊ လုပ်အားပေး ခေါ်ယူခြင်းများ ရပ်ဆိုင်းထားရန်

(၅) လူထုအပေါ် ပေါ်တာကြေး တောင်းခံမှုမျိုးစုံနှင့် လူထု၏ ရိက္ခာပစ္စည်းများ တောင်းခံမှုမျိုးစုံ ရပ်ဆိုင်းပစ်ရန်

(၆) လူထုကို အဓမ္မရွှေ့ပြောင်းခြင်း မပြုရေးနှင့် ရွှေ့ပြောင်းခံရသည့် လူထုများ ထွက်ပြေးတိမ်းရှောင်နေရသည့် လူထုများ မိမိကျေးရွာသို့ လုံခြုံစွာ ပြန်လည်နေထိုင်စေခြင်းများ ပြုလုပ်ရန်

(၇) လိုအပ်သည့် သွားလာမှုများကို ပြုလုပ်သည့်အခါတွင် တဖက်နှင့် တဖက် သတင်းပို့ကြရန်

(၈) နှစ်ဖက် အပစ်အခတ်ရပ်ဆိုင်းထားသည့် ကာလအတွင်း KNU အနေနှင့် မိမိအမျိုးသားများနှင့် လွတ်လပ်စွာ ဆက်သွယ်နိုင်ရမည်။

(၉) အပစ်အခတ် ရပ်ဆိုင်းထားသည့် ကာလအတွင်း ပေါ်ပေါက်လာသည့် ပြဿနာများကို ညှိနှိုင်းဖြေရှင်းရန်အတွက် နှစ်ဖက်ကိုယ်စားလှယ်များ ပါဝင်သည့် ညှိနှိုင်းဆောင်ရွက်ရေး ကော်မတီများ ဖွဲ့စည်းထားရမည်။

(၁ဝ) နှစ်ဖက် အပစ်အခတ်ရပ်ဆိုင်းထားခြင်းကို စောင့်ကြည့်လေ့လာရန်အတွက် နှစ်ဦးနှစ်ဖက် လက်ခံနိုင်သည့် ကုလသမဂ္ဂ အဖွဲ့ချုပ်မှ စောင့်ကြည့်လေ့လာရေးအဖွဲ့များ ထားရှိရမည်။

(၁၁) အပစ်အခတ် ရပ်ဆိုင်းထားပြီး တွေ့ဆုံဆွေးနွေးသည့် ကာလတွင် နဝတတို့ ဖမ်းဆီးထားသည့် မန်းရင်စိန်နှင့် KNU အဖွဲ့ဝင်များ ကရင်အမျိုးသားများ ပြန်လွှတ်ပေးရန် လိုအပ်သည်။

(၁၂) တွေ့ဆုံဆွေးနွေးသည့် ကာလအတွင်း နှစ်ဦးနှစ်ဖက် အပစ်အခတ် ရပ်ဆိုင်းထားရေး သဘောတူညီချက်ကို နှစ်ဦးနှစ်ဖက် ထုတ်ပြန်ကြေညာပြီး ပြည်တွင်းငြိမ်ချမ်းရေးဆိုင်ရာ အခြေခံပြဿနာများကို စတင်ရန်

KNU ၏ တင်ပြချက်များမှ အချက် ….. ၁၊ ၃၊ ၈၊ ၁ဝ နှင့် ၁၂ ကို လက်မခံနိုင်ကြောင်း နဝတ က ငြင်း၏။ ပြီးလျှင် …… အချက်အမှတ် ၂၊ ၄၊ ၅၊ ၆၊ ၇၊ ၉၊ ၁၁ နှင့် ပတ်သက်၍မူ KNU အနေနှင့် လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်ပြီးမှသာ ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း ဆွေးနွေး၏။

ဤပုံစံမှာ အပစ်အခတ် ရပ်စဲပြီးဖြစ်သည့် လူမျိုးစုအဖွဲ့များနှင့် လုပ်ဆောင်ခဲ့သည့် MODEL ဖြစ်ကြောင်းလည်း နဝတက ဆိုသည်။

(၂၉)

KNU နှင့် နဝတ အကြား ကွာဟသည့် သဘောထားများကို ထပ်၍ ဆွေးနွေးရန်အတွက် နောက်တပတ်တွေ့ရန် သဘောတူကြ၏။ နဝတ နှင့် KNU တတိယအကြိမ် ထပ်မံ၍ တွေ့ဆုံကြပြန်သည်။ တတိယအကြိမ် တွေ့ဆုံရာ၌ …. KNU ၏ ကိုယ်စားလှယ်အဖွဲ့ဘက်မှ -

ဗိုလ်ချုပ်ကြီး တာမလာဘော အဖွဲ့ခေါင်းဆောင်

ပဒိုဒေးဗစ်ထော ဒု - အဖွဲ့ခေါင်းဆောင်

ပဒိုမန်းရှာ လားဖန်း ။

စောသမိန်ထွန်း အဖွဲ့ဝင်

မန်းအောင်တင်မြင့် ။ ပါဝင်ကြပြီး နဝတ ၏ ကိုယ်စားလှယ်အဖွဲ့မှ …..

ဗိုလ်မှူးကြီး ကျော်ဝင်း

ဗိုလ်မှူးကြီး ကျော်သိန်း

ဗိုလ်မှူးချုပ် အောင်သိန်း

ဒု-ဗိုလ်မှူးကြီး စန်းပွင့်

ဒု-ဗိုလ်မှူးကြီး မျိုးမြင့် တက်ရောက်ကြ၏။

ထုံးစံအတိုင်း အကျိုးဆောင်တို့သည်လည်း ပါဝင်တက်ရောက်ကြသည်။ ၁၉၉၆ ခုနှစ် ဇွန်လ ၂၆ ရက်မှ ဇူလိုင်လ ၂ ရက်နေ့အထိ ဆွေးနွေးကြသည်။ KNU မှ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲ၌ တင်ပြခဲ့သည့်အချက် ၁၂ ချက်နှင့် ပတ်သက်၍ မရှင်းသည်ကို ထပ်၍ မေးမြန်း၏။

နှစ်ဖက် အပစ်အခတ် ရပ်ပြီးနောက် …. တိုင်းပြည်၏ အခြေခံ နိုင်ငံရေးပြဿနာများကို ဆွေးနွေးကြရာတွင် အချိန်နှင့် နေရာကို KNU မှ တိတိကျကျ သိလို၏။ အမျိုးသားညီလာခံနှင့် ပတ်သက်၍ အမျိုးသားညီလာခံသည် တိုင်းပြည်၏ အခြေခံ နိုင်ငံရေးပြဿနာများကို ဖြေရှင်းနေခြင်းလား ….. ဟူ၍ မေးခွန်းများ ထုတ်၏။

KNU ၏ ဆွေးနွေးချက်များကို နဝတ က …. နိုင်ငံရေးပြဿနာကို နောက်လာမည့် အစိုးရကသာ ဖြေရှင်းသွားမည်ဖြစ်၏။ အမျိုးသား ညီလာခံသည် နိုင်ငံရေးပြဿနာများကို ဖြေရှင်းနေခြင်းမဟုတ်၊ အနာဂတ် နိုင်ငံရေး အခြေခံအုတ်မြစ်ကို ချနေခြင်းသာ ဖြစ်၏။ KNU အနေနှင့် ``လက်နက်ကိုင်လမ်းစဉ်ကို စွန့်၍ ဥပဒေဘောင်အတွင်း ဝင်ရောက်ခြင်း`` ဟူသည့် ဝေါဟာရအသုံအနှုန်းကို မကြိုက်လျှင် …. စကားလုံး အသုံးအနှုန်း ပြောင်းနိုင်သည်။ အနှစ်သာရကမူ ``လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ဝင်ရောက်ခြင်း`` အတိုင်း ရှိစေရမည် ဟူ၍ ပြည်လည်ရှင်းလင်းဖြေကြား၏။ နှစ်ဖက် ဆွေးနွေးပွဲက ရှေ့မတိုး…..။ နောက်တကြိမ် ထပ်တွေ့ရန် သဘောတူကြပြီး တတိယအကြိမ် ဆွေးနွေးပွဲ ရပ်လိုက်၏။

(၃ဝ)

စတုတ္ထအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို ၁၉၉၆ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် စ၏။ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တွင်ပင် ကျင်းပခဲ့၏။ KNU မှ ဗိုလ်ချုပ်ကြီး တာမလာဘောနှင့် ပဒိုမန်းရှာ လားဖန်း ခေါင်းဆောင်၍ ဆွေးနွေးကြသည်။ ဆွေးနွေးပွဲတွင် ယခင်တင်ပြခဲ့သည့် အဆိုပြုချက် ၁၂ ချက်ကို ဆက်လက်၍ မဆွေးနွေးတော့ဘဲ အဆိုပြုချက်အသစ် တင်ပြဆွေးနွေး၏။ နှစ်ဖက် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆိုပြုချက် ၃ ချက် ဖြစ်သည်။

(၁) နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ - နဝတနှင့် ကရင်အမျိုးသား အစည်းအရုံး - KNU အကြား ပြဿနာများကို လက်နက်ကိုင် တိုက်ခိုက်နည်းဖြင့် ဖြေရှင်းခြင်း မပြုကြရန်နှင့် အပစ်အခတ် ရပ်စဲထားရန်။

(၂) နှစ်ဖက် အပစ်အခတ် ရပ်ဆိုင်းထားပြီးနောက် ပြည်ထောင်စု စည်းလုံးညီညွှတ်ရေး၊ ရေရှည်ခိုင်မြဲသော ပြည်တွင်းငြိမ်းချမ်းရေးအတွက် နဝတနှင့် KNU အကြား ဆက်လက်၍ ဆွေးနွေးသွားကြရန်။

(၃) နှစ်ဖက် အပစ်အခတ် ရပ်ဆိုင်းထားကြရန်အတွက် နှစ်ဖက်တပ်များ၏ လိုက်နာရမည့် အချက်များ ညှိနှိုင်းသတ်မှတ်ကြရန် ……. ဟူ၍ ဖြစ်သည်။ KNU ၏ တင်ပြချက် ၃ ရပ်ကို နဝတ ၏ ကိုယ်စားလှယ်အဖွဲ့သည် သူတို့၏ ခေါင်းဆောင်များထံသို့ ဆက်လက် တင်ပြ၏။ နဝတ ခေါင်းဆောင်များက KNU ၏ တင်ပြချက် ၃ ရပ်နှင့် ပတ်သက်၍ ဤသို့ အကြောင်းပြန်ခဲ့သည်။

KNU အနေဖြင့်…..

(၁) လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး တရားဥပဒေဘောင်အတွင်း ဝင်ရောက်ခြင်းနှင့် တရားဝင် ထုတ်ပြန်ကြေညာခြင်း ပြုရန်

(၂) အပစ်အခတ် ရပ်ဆိုင်းထားရန်

(၃) တပ်နေရာချထားမှု ညှိနှိုင်းသတ်မှတ်ရန်

(၄) နယ်မြေဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်

(၅) နိုင်ငံရေးနှင့် ပတ်သက်ပြီး အမျိုးသားညီလာခံတွင် တတ်ရောက်လေ့လာရန်

(၆) အခြေခံဥပဒေ ပေါ်ပေါက်ပြီးပါက လက်နက် အပြီးအပိုင် စွန့်လွှတ်ပြီး တရားဝင် နိုင်ငံရေးပါတီ တည်ထောင်ခြင်း ပြုရန် - ဟူသည့် အဆင့် ၆ ဆင့် ချပြ၏။ အဆင့် ၆ ဆင့်၏ အနှစ်သာရက ….``လက်နက်ကိုင်လမ်းစဉ်ကို စွန့် …. ဥပဒေဘောင်အတွင်း အရင်ဝင်`` ဟူ၍ ဖြစ်နေ၏။ KNU နှင့် နဝတ တွေ့ဆုံဆွေးနွေးပွဲက နောက်ဆုံးတွင်မူ နဝတ ၏ ရပ်ခံချက်အပေါ်၌သာ အဆုံးသတ်၍ နေ၏။

ကိုးကား …

- စောဘိုမြ၏ ကျနော်တင်ပြလိုသည့် ကျနော့်ဖြတ်သန်းမှု အစစ်အမှန်

- ကရင်သမိုင်း သုတေသနအဖွဲ့မှ ထုတ်ဝေသည့် နိုင်ငံသစ် စာစောင် (အမှတ် ၁ မှ ၇ အထိ)

- ဖူးကီးဒို၏ မန်းဘဇံနှင့် ကရင့်တော်လှန်ရေး

- ဆရာကြီး ဖူးစကောလယ်တော၏ ကရင်တော်လှန်ရေး သမိုင်း မှတ်စုများ

- အောင်စောဦး၏ ပြည်တွင်းစစ် နှစ် (၅ဝ)

- ဝင်းတင့်ထွန်း၏ အမှောင်ကြားက ဗမာပြည်

- သခင်တင်မြ၏ ဘုံဘဝမှာဖြင့် (အတွဲ - ၅)

- BLC သင်တန်းကျောင်းတွင် ပြောကြားခဲ့သည့် ဗိုလ်ချုပ်မြ၏ မိန့်ခွန်း စီဒီချပ်

- သနူထူး ဂျာနယ်များ

- ကရင့်သတင်းစဉ်

- KNU နှင့် နဝတ အကြား တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်၍ KNU၏ ရှင်းလင်းချက် စာတမ်း