၁။ လက်နက်ချစကား အလျဉ်းမပြောရ။ ၂။ ကရင်ပြည် ပြီးပြည့်စုံရမည်။ ၃။ ကရင့်လက်နက် ကရင့်လက်ထဲရှိရမည်။ ၄။ ကရင့်ကြမ္မာ ကရင်ဖန်တီးရမည်။


အှ်ဆံင်းလာ.ဆါ် ကိုဝ်.ဟှာဍေ။


Tuesday, 11 May 2010

(ယွားဟေလူ) သို့မဟုတ် ပွိုင့် (၄၉၁)

- အပိုင်း (၇)


ဆောင်းပါးရှင် - ဖထီး မန်းရောဘဇန်

အပိုင်း (၆) ကို ဒီနေရာမှာ နှိပ်ပြီး ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါတယ်။

ရဲဘော်များ ကတုတ်ကျင်းဆောက်ရန် တောင်ထန်းပင်များ၊ ဖြောင့်တန်းသောသစ်လုံးများကို ခုတ်နေကြသည်။ (Overhead) လုပ်ရန် ဖြစ်သည်။ ဆေးဌာနတာဝန်ခံ (Uncle Gyi) ဆရာ ကလိုထူးတို့ အဖွဲ့လည်း ဆေးရုံဆောက်ပြီးသွားပြီ။ ဆရာပန်းဝေ နှင့် ဆရာဂျိုးဖြူတို့ နှစ်ဦး သစ်ဖြတ်လွှနှင့် သစ်ခွဲနေကြသည်။ ခွဲသားများသည် တပ်ခွဲရုံးနှင့် စာကြည့်တိုက် ဆောက်ရန် ဖြစ်သည်။ (ကီဒို) ကုန်း၏ အောက်ဘက် မြေညှိရာ၌ သင်တန်းနှင့် အစည်းအဝေးခန်းမ ဆောက်ရန်အတွက် မြေညှိ၊ ဝါးခုတ်၊ သစ်ခုတ်ဖို့ လိုနေသေးသည်။ ရိက္ခာဌာန တာဝန်ခံ တပ်ရင်းစံပြ ရွှေတံဆိပ်ဆု ရရှိသူ ဗိုလ်သန်းဝင်း (စောကုလား) အား ရဲဘော်၊ အရာရှိ၊ အရာခံ၊ အကြပ် စစ်သည် အားလုံး တစ်ယောက်လျှင် ပဲတစ်ကီလို၊ ဆီတစ်ပုလင်း၊ အချိုမှုန့်ထုတ်၊ ငြုပ်သီး၊ ငါးပိ၊ ဆား အခြေခံ စားကုန်များကို အချိုးကျ ဝေပေးရန်၊ ဟင်းအဖြစ် တောကောင်များကို အမဲလိုက် တောပစ်ရန် မုဆိုး အဖွဲ့များအဖြစ် စေလွှတ်ရေး ညွှန်ကြားထားသည်။ (တောကျွမ်းရန် ရည်ရွယ်ချက်ဖြင့် တောပစ်ခိုင်းခြင်း ဖြစ်သည်)။ စစ်နည်း ဗျူဟာအရ စစ်သည်များအား မုဆိုးအဖြစ် လွှတ်လိုက်သည်မှာ အပြင်စည်း လုံခြုံရေးအတွက် လှည့်ကင်းသဘော ဆောင် ရွက်ထားပြီး ဖြစ်သည်။



မှတ်ချက်။

တပ်တွင်းစည်းလုံးညီညွှတ်မှု တည်ဆောက်ရာမှာ -

- တန်းတူရှိရမည်။ အစားအသောက်၊ စစ်ဝတ်တန်ဆာ၊ ဘာသာရေး၊ ရာထူးတိုးမြှင့်ခြင်း၊ တာဝန်ခွဲဝေမှု အခွင့်အရေးများ၌ တန်းတူ ရှိရမည်။

- ဒီမိုကရေစီ ကျင့်သုံးရမည်။ တပ်တွင်း၌ လွတ်လပ်စွာ ပြောဆို၊ ရေးသား၊ တွေးခေါ်ခွင့် ရှိရမည်။

- အပြန်အလှန် လေးစားရမည်။ အရင်တော်လှန်ရေး ရဲဘော်များသည် အမျိုးသား လွတ်မြောက်ရေး၊ ဒီမိုကရေစီရေး၊ တန်းတူညီရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးနှင့် ပြည်နယ် ပေါင်းစု ပြည်ထောင်စုဖွဲ့စည်းရေး အခြေခံပေါ်တွင် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ လခတစ်ပြားမှမရဘဲ ကိုယ်ကျိုးစွန့်နေသူများ ဖြစ်သည်။ မွန်မြတ်၍ ကြီးမြတ်သော တော်လှန်ရေး တာဝန်ယူနေ သူများ ဖြစ်ကြသည်မို့ တိုင်းပြည်နှင့် ထပ်တူထပ်မျှ တန်ဖိုးရှိကြသည်။ ထို့ကြောင့် အပြန်အလှန် လေးစားတန်ဖိုးထားရမည်။ ကြေးစားတပ်များ ကျင့်သုံးမှုနှင့် ဖြောင့်ဖြောင့် ဆန့်ကျင်သည်။

- ပြည်ထောင်စု အငယ်လေးလို သဘောထားရမည်။

တပ်တွင်းရှိ ရဲဘော်များတွင် လူမျိုးစုံသည်။ မွန်၊ ဗမာ၊ ပသျှူး၊ ကရင် စကောကရင်များတွင် ဘိတ် - ထားဝယ် ကရင်၊ တောင်ငူ ကရင်၊ မြစ်ဝကျွန်းပေါ် ကရင် ဟူ၍ ၎င်း၊ ပိုးကရင်များတွင် အရှေ့ပိုင်း ကရင်၊ အနောက်ပိုင်း ကရင် ဟူ၍၎င်း ကွဲပြားလျှက် ရှိသည်။ ကရင်ပြည်ဘွား မွတ်စလင်၊ ရန်ကုန်၊ မော်လမြိုင်၊ ဖားအံ မွတ်စလင် စသည့် လူမျိုးစု ပေါင်းစုံနှင့် ရှိနေသည်။ ပညာတတ် ကျောင်းသား၊ လယ်သမား၊ ပျံကျ အလုပ်သမား၊ ဆိုက်ကားသမား စသည့် လူတန်းစားပေါင်းစုံသည်၊ ဘဝစုံသည်။ ဘာသာစုံသည်၊ ခရစ်ယာန် ဘာသာဝင်များအတွင်း နှစ်ခြင်း၊ စနေအသင်း၊ ရိုမန်ကက်သလစ်၊ မက်သဒစ်ဘာသာဝင် အစုံရှိသည်။ ဗုဒ္ဓဘာသာ အစ္စလာမ် ရှိသည်။ ဆေးမှူး Uncle Gyi သည် ဘယ်ဘာသာကိုမှ မကိုးကွယ် (အမှန်တရားသည် သူ့ဘုရား ဖြစ်သည်ဟု ခံယူထားသူ ဖြစ်သည်)။ လူစုံသည်။

ဘာသာစုံ၊ လူမျိုးစုံ၊ ဘဝစုံသော တပ်ဖွဲ့တစ်ခုတွင် တန်းတူမှု၊ ဒီမိုကရစီ ကျင့်သုံးမှု၊ အပြန်အလှန် လေးစားမှုနှင့် ပြည်ထောင်စု အငယ်လေးလို သဘောထားနိုင်မှ တပ်တွင်း စည်းလုံးညီညွှတ်မှု ရရှိမည် ဖြစ်သည်။

မှတ်ချက်။

- ဘိတ် - ထားဝယ် ခရိုင်ရှိ တပ်ရင်း (၁၀) သည် တပ်မဟာအဖြစ် ဗဟိုမှ သတ်မှတ်လိုက်သဖြင့် မိမိတို့စစ်ကြောင်း (၃) သည် တပ်ရင်း (၁၂) ဖြစ်လာသည်။

- လူတစ်မျိုးထဲရှိသော တပ်မျိုး၌ “ပြည်ထောင်စု အငယ်စား” လို သဘောထားရန် လိုမည် မဟုတ်ပါ။

တပ်တွင်း၌ အထက်ပါ မူ (၄) ချက် ချမှတ် အုပ်ချုပ်သဖြင့် ပြဿနာ ကြီးကြီးမားမား ရင်မဆိုင်ရပေ။ တက်ညီလက်ညီ ပေးအပ်သော တာဝန်ကို ကျေပွန်အောင် ထမ်းဆောင် ကြသည်။ အခြေခံစခန်း ခိုင်ခိုင်မာမာ တည်ဆောက်မပြီးမှီ ရန်သူထိုးစစ် မဆင်ရန်လိုသည်။ ဗိုလ်သွေးအဖွဲ့၊ မွန်အဖွဲ့နှင့် ပင်လယ်ဓါးပြအဖွဲ့များကို မဟာမိတ် သို့မဟုတ် ကြားနေ အဖွဲ့ဖြင့် ထားနိုင်အောင် ကြိုးစားရမည်။ ဗိုလ်သွေးအဖွဲ့ မိမိတို့ကို မဆန့်ကျင်ပေ။ ၎င်းကို မိမိတို့ အဖွဲ့နှင့် ပူးပေါင်းလာအောင် ကြိုးစားရမည်။ နောက်ပိုင်းတွင် ဗိုလ်သွေး၏ အားသာချက်၊ အားနည်းချက်ကို တွေ့ရှိလာသည်။ ၎င်းအနေနှင့် ၎င်းတပ်ဖွဲ့အား မိမိထံ အပ်လိုသည်။ ထောက်ပံ့ရေး ပြဿနာ ရှိနေသည်။ ထို့ကြောင့် ၎င်းရင်ဆိုင်နေရသော ထောက်ပံ့ရေး ပြဿနာကို ညီအစ်ကိုသဖွယ် ဖြေရှင်းလိုကြောင်း ပြောသောအခါ သဘောတူလေသည်။ (ဒညတ) မှ ၎င်းတို့၏ ထောက်ပံ့ရေး ပြဿနာကို ဖြေရှင်းပေးနိုင်ခြင်း မရှိတော့ပါ။ ၎င်းတွင် စားကြွေး၊ သောက်ကြွေး ဘတ်ငွေ ငါးသောင်း ရှိကြောင်း သိရသည်။

မှတ်ချက်။

“The supreme act of war is to subdue the enemy without fighting” “စစ်၏ အမြင့်ဆုံး လုပ်ဆောင်မှုသည် ရန်သူကို မတိုက်ရဘဲ အောင်နိုင်ခြင်း ဖြစ်သည်” ဟု တရုတ်စစ်ပါရဂူ ဆွန်ဇူးမှ သွန်သင်ထားသည်။

ဆွန်ဇူး၏ (ဒဿန) ကို Apply လုပ်ရန်၊ အကောင်အထည်ဖေါ်ရန် တပ်မှူး ဗိုလ်မှူးကြီး စိုးစိုးထံ သတင်းပို့ပြီး ဗိုလ်သွေးအား တပ်မှူးထံ ခေါ်သွားသည်။ ဘတ်ငွေ ငါးသောင်း ထုတ်ပေးလိုက်သည်။ ဗိုလ်သွေးတစ်ဖွဲ့လုံး မိမိတို့တပ်ဖွဲ့နှင့် ပူးပေါင်းလိုက်သည်။ မိမိတို့၏ တောင်ဘက်ပိုင်းတွင် (နအဖ) တပ်မှလွဲ၍ ရန်သူ မရှိတော့ပါ။ ဗိုလ်သွေးနှင့် တောင်ပိုင်း (ဒညတ) ပြဿနာ ပြေလည်သွားပါပြီ။

No comments: