ဆောင်းပါးရှင် - ဖထီး မန်းရောဘတ် ဘဇန်
စာဖတ်ပရိတ်သတ်များခင်ဗျား
ပင်တိုင်ဆောင်းပါးရှင် ဖထီး မန်းရောဘတ် ဘဇန်က “ကျနော်နှင့် ဝမ်းခါတိုက်ပွဲ” ကိုယ်တွေ့ဖြစ်စဉ်အား “စည်းလုံးခြင်းရဲ့အင်အား” ဝက်ဘ်ဆိုဒ်သို့ ပေးပို့လာပါတယ်။
ဝမ်ခါ စခန်းကြီးဟာ (၁) မိုင်ပတ်လည်ခန့် ကျယ်ဝန်းပြီး သောင်ရင်းမြစ်က အိုမီဂါ ရှိတ် သဏ္ဍာန် စခန်းအား ပတ်လည် ခြုံငုံထားပါတယ်။ ဒါကြောင့် ရန်သူဟာ စခန်းရှေ့တည့်တည့်မှသာ တစ်ကြောင်းထိုး တိုက်ခိုက်ရတဲ့ နည်းဗျူဟာကို ကျင့်သုံးရတာမို့ တပ်မတော် သမိုင်းမှာ အကျအဆုံးအများဆုံး တိုက်ပွဲကြီးအဖြစ် စံချိန်တင်ခဲ့ပါတယ်။ တပ်ရင်းအလိုက် ဖွဲ့စည်းပုံပျက်ပြီး မကြာခဏ ရှေ့တန်းစစ်မျက်နှာမှာ တပ်လဲလှယ်မှု ပြုလုပ်ခဲ့ရပါတယ်။ ဝမ်ခါ စခန်းရဲ့ ရင်ဆိုင်ကုန်း စစ်မျက်နှာတွင် ခေါင်ကတုတ် Overhead (၇) လုံးမှ (၉) လုံး ထိ ရှိပြီး ခေါင်ကတုတ်တစ်ခုတိုင်း ကွန်ကရစ်ကိုင်ထားကာ ကျွန်းလုံးနှစ်ထပ် တင်ထားတာကြောင့် ခိုင်ခံ့လှပါတယ်။ စစ်မျက်နှာကို သတ်ကွင်း ပြုလုပ်ထားပြီး သတ်ကွင်းအကျယ်မှာ ကိုက် (၈၀၀) မှ ကိုက် (၁၀၀၀) ထိ ရှိပါတယ်။ ခံစစ်ကုန်းအတွင်းမှာ Overhead ပြုလုပ်ထားသော ဆေးရုံအငယ်စားလေး ရှိသလို စာကြည့်တိုက်နဲ့ လ္ဘက်ရည်ဆိုင် ဖွင့်ထားပါတယ်။ ညတိုက်ပွဲတွေမှာ လေထီးမီးကျည်များနဲ့ မီးဆလိုက်များ အသုံးပြုပြီး ရုတ်တရက် ခြံစည်းရိုး ကပ်လာမှ ကပ်ပစ်လို့ ထိခိုက်ကျဆုံးမှု နအဖ မှာ ကြီးမားလှပါတယ်။ နအဖ ဟာ ကြံရာမရ ဖြစ်ပြီး သောင်ရင်းမြစ်ကို သူတို့ရဲ့တပ်များ ဖြတ်ကူးစေကာ ခံစစ်ကုန်းကို ပတ်ပြီး ထိုင်းနယ်မြေထဲသို့ ဝင်ရောက်၍ ရွာများ မီးလောင်တဲ့ဖြစ်စဉ်အထိ ဖြစ်ပွားခဲ့ဘူးပါတယ်။ ယခုလို ဆောင်းပါးပေးပို့တဲ့အတွက် ဖထီး မန်းရောဘတ် ဘဇန် အား “စည်းလုံးခြင်းရဲ့အင်အား” ဝက်ဘ်ဆိုဒ်ကိုယ်စား ကျွန်တော် ကိုဖိုးတရုတ်က အထူးးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဖေါ်ပြအပ်ပါတယ်။
War destroy not only the vanquished but also the victor.
ကျနော်နှင့် ဝမ်းခါတိုက်ပွဲ ကိုယ်တွေ့ တိုက်ပွဲအတွေ့အကြုံကို မရေးမှီ စစ်ပွဲနဲ့ပါတ်သက်တဲ့ ကျနော်ရဲ့ခံယူချက်ကို တင်ပြလိုပါတယ်။ (စစ်ဆိုတာ ယှဉ်ပြိုင်ဘက် နှစ်ဘက်စလုံးကို လုံးဝ ဆိုးကျိုးပေးတဲ့ မကောင်းဆိုးဝါး လူသတ်ကောင်ကြီးဖြစ်တယ်) သားသေ၊ လင်ဆုံး လူ့ဘဝတုံးတယ်၊ ဘဝတွေကို ဖျက်ဆီးတယ်၊ ဒီလို မကောင်းမှန်းသိတဲ့ စစ်ကို ဘာကြောင့် တိုက်နေကြရတာလဲဗျား။ “လူ့ဘဝဟာ ရတောင့်ရခဲတယ်။ တခါမွေး၊ တခါသေပြီး လူ့ဘဝ ပြန်မရတော့ဘူး” ဆိုတာသိတယ်၊ စစ်တိုက်ရင် သေတတ်တယ်။ ဒါပေမဲ့ သေမှာကိုကြောက်ပြီး စစ်ကို ရှောင်လွှဲနေရင် ဒို့ကရင်တွေ မျိုးပြုတ်တာ ကြာပြီး၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်ဟာ ကရင်ပြည်ထဲကို နယ်ချဲ့ကျူးကျော်လာတဲ့ နအဖတပ်တွေကို ခုခံကာကွယ် နေတာဖြစ်တယ်၊ ဒို့တပ်တွေဟာ ဗမာနယ်ထဲကို သွားရောက် ကျူးကျော်နယ်ချဲ့ တိုက်ခိုက်နေတာမဟုတ်ဘူး၊ ဗမာအမျိုးသမီးတွေကို မုဒိန်းသွား မကျင့်ဘူး။ အိမ်တွေကို မီးသွားမရှို့ဘူး၊ ပေါ်တာမဆွဲဘူး၊ သွားမသတ်ဘူး၊ ပစ္စည်း ဥစ္စာတွေကို မဖျက်ဆီးဘူး၊ ရွာနီးပတ်လယ်မှာ မိုင်းဗုံးမထောင်ဘူး၊ ဒို့ကရင်ပြည်ထဲမှာ နအဖတပ်ရင်း (၂ဝဝ) ကျော် လာရောက် နယ်ချဲ့ကျူးကျော် တပ်စွဲထားပြီး ကရင်တမျိုးသားလုံးကို စစ်ကျွန်ဘဝရောက်အောင် လုပ်နေတယ်၊ မျိုးဖြုတ်နေတယ်။
(ဒီလို တရုတ်တွေ၊ ကုလားတွေ ဗမာပြည်ကို လာရောက် ကျွန်ဇာတ်သွင်း၊ မျိုးဖြုတ်နေတာမျိုး သင်ကိုယ်တွေ့ခံစားရပါက ခေါင်းငုံ့ လည်စင်းခံမလား၊ ဒူးထောက်အရှုံးပေးပြီး ကျွန်ဇာတ် သွင်းခံမလား)
ကျနော်တို့ စစ်ကို ဗီဇအရဆန့်ကျင်တယ်၊ စစ်ကိုမုန်းတယ်။ ဒါပေမဲ့ ကရင်တမျိုးသားလုံး ခုခံတော်လှန်စစ် ဆင်နွှဲနေရတယ်။ စစ်ကို ဆန့်ကျင်ရက်နဲ့ မုန်းရက်နဲ့ စစ်တိုက်နေကြရတာဟာ ကရင်လူ့ဖြစ်စဉ်သမိုင်းမှာ (ကရင်ဟာ စစ်ရှုံးတဲ့လူမျိုး) အဖြစ်မခံယူချင်လို့ဖြစ်တယ်။ ကရင်ဟာ တရားမျှတမှု၊ လွတ်လပ်မှု၊ တန်းတူမှု၊ ဥပဒေ စိုးမိုးမှုနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို မြတ်နိုးတယ်။ တန်ဘိုးထားတယ်၊ ဒီလို လူ့အခွင့်အရေးတွေ ချိုးဖေါက်ခံရတဲ့အတွက် နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလို့ မရတော့တဲ့အဆုံး လာရောက်နယ်ချဲ့ ကျူးကျော်တိုက်ခိုက်ခံရပြီးဆိုရင် ကျနော်တို့ ကရင်လူမျိုးဟာ သူရဲကောင်းပီသစွာနဲ့ နောက်ဆုံးအောင်ပွဲရတဲ့အထိ စစ်တိုက်တတ်တဲ့ လူမျိုးဖြစ်တယ်၊ တစ်ယောက်ထဲကျန်တဲ့အထိ တိုက်တယ်။ ဒါ ကျနော်ရဲ့ စစ်ရေးခံယူချက် ဖြစ်တယ်။
ဝမ်းခါတိုက်ပွဲ
ဝမ်းခါသစ် (ခေါ်) ကော်မူးရာ စခန်း
ဝမ်းခါသစ် စခန်းကို (၁၉ရ၅) ခုနှစ်တွင် စတင်တည်ထောင်သည်။
(Karen National Liberation Army – KNLA) အထူးတပ်ရင်း (၁ဝ၁) ရဲ့ ဌာနချုပ် ဝမ်းခါသစ်ကို နအဖ တပ်ရင်း တပ်မတော်တော်များများ မသိသူရှားသည်။ ဝမ်းခါကို စစ်ဆင်ရေးထွက်ရတော့မည်ဟု သိရှိလာသူ စစ်သားတချို့ မိမိကိုယ်ကို သတ်သေကြသည်။ တပ်ထဲက ထွက်ပြေးကြသည်။ တပ်က ထွက်စာတင်ကြသည်။
“သေချင်ရင် စိန်နဲ့သံပုရာ မစားနဲ့ ဝမ်းခါ သွား” ဟု နအဖတပ်တွင်းမှာ ဆိုရိုးရှိသည်။ ဟုတ်လည်းဟုတ်သည်၊ မှန်လည်း မှန်သည်။ (၁၉၈၄) ခုနှစ်မှ (၁၉၉၄) ခုနှစ် (၁ဝ) နှစ်အတွင်း တပ်မတစ်ခုလောက် သေသူသေ၊ ကျိုးသူကျိုး၊ ကန်းသူကန်း၊ ပြတ်သူပြတ်ကုန်သည်။ အပစ်မဲ့ မှီခိုသူ တပ်မတော် အရာရှိ၊ အရာခံ၊ အကြပ်စစ်သည်များ ဇနီးမယားနှင့် သား/သမီးများ မုဆိုးမ နဲ့ ဖတဆိုးလေးများဖြစ်ကုန်သည်၊ (မည်သူမပြု မိမိမှု) သာဖြစ်သည်။ မိမိတို့ အဖကရင် ပြည်တွင်းသို့ ဖိတ်ခေါ်ခြင်းမဟုတ်။ ကျူးကျော် ရန်စ နယ်ချဲ့ ဗိုလ်ကျခြင်းဆုလာဒ်အဖြစ် ရယူ ခံရခြင်းသာ ဖြစ်သည်။
အထူးတပ်ရင်း (၁ဝ၁) သည် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးဌာနချုပ်မှ တိုက်ရိုက်ချုပ်ကိုင်သော တပ်ရင်းတစ်ရင်းဖြစ်သည်။ ထိုတပ်ရင်းကို ဗိုလ်မှူးချုပ်စောတောလှမှ ကြီကြပ်အုပ်ချုပ်ပြီး တပ်ရင်းရှိ တပ်မှူးများမှာ-
ဗိုလ်မှူးမန်းသန်းမောင်၊ ဗိုလ်ကြီးကော်ဂေဟဲ၊ ဗိုလ်ကြီးစောလှရွှေ (ဖါပွန်ခရိုင်ဥက္ကဌအဖြစ် ပြောင်းရွှေ့တာဝန်ယူ)၊ ဗိုလ်ကြီးကော်ဂေဟဲ၊ ဗိုလ်ကြီးထွန်းကြည်၊ ဗိုလ်ကြီးဖါးမင်း၊ ဗိုလ်ကြီးဘဲဝါး၊ ဗိုလ်ကြီးဖေါဒိုမူ၊ ဗိုလ်ကြီးလောလ၊ ဗိုလ်ကြီးဘသိန်း၊ ဗိုလ်ဘစေး၊ ဗိုလ်လင်းနို့၊ ဗိုလ်ရေးလို၊ ဗိုလ်စောဖါးသူး၊ ဗိုလ်စိုးမင်း၊ ဗိုလ်လှဝေ၊ ဗိုလ်သောင်းတင်၊ ဗိုလ်စိုးစိုး၊ ဗိုလ်ဖေါဒို၊ ဗိုလ်အယ်ထူး စသည့် တပ်မှူးများဖြစ်ပြီး အများစု အသက်ကြီးရင့်ကာ ရောဂါဖြင့် ဆုံးပါးသွားကြပြီး တချို့ စစ်မြေပြင်တွင် ကျဆုံးသွားကြကာ။ တချို့ ဆက်လက် တာဝန်ထမ်းဆောင်လျှက်ရှိပြီး တချို့ တတိယနိုင်ငံများတွင် နေထိုင်ကြပြီးဖြစ်သည်။
မှတ်ချက်။ ။ မိမိလူမျိုးနဲ့ တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့် တိုက်ပွဲဝင်ရင်း ကျဆုံးလေပြီးသော ရဲဘော်အပေါင်းအား ဦးညွှတ်အလေးပြုပါသည်။
ဝမ်းခါသစ် (ကော်မူးရာ) စခန်းသည် ကရင်ပြည်အရှေ့ဘက်ခြမ်း၊ ကော့ကရိတ်ခရိုင်၊ မြဝတီမြို့နယ်မြောက်ဘက် ထိုင်းနိုင်ငံ (ဝမ်းခါ) တဖက်ကမ်းရှိ တပ်စခန်းကြီးဖြစ်သည်။ တောင်မှမြောက်သို့ စီးဆင်းနေသော သောင်ရင်းမြစ် (အိုမီဂါ) ပုံ ပတ်ဝိုင်းထားသော စခန်းဖြစ်သည်။ ထိုစခန်းကို အခြေခံ၍ (ကော်မူးရာ) ရွာကို တည်ထောင်ထားသည်၊ ကျောင်းထိုင်ဆရာတော် မန်းစတီးလှ၏ ဘုန်းတော်ကြီးကျောင်း၊ သင်းအုပ်ဆရာကြီး စောဝင်းနိုင်၏ ခရစ်ယာန်ဘုရားဝတ်ပြုကျောင်း၊ အစ္စလန်ဘာသာဝင်များ၏ဗလီဝတ်ကျောင်း၊ ကော်သူးလေ အစိုးရအထက်တန်းကျောင်း၊ ဈေးတန်းများ၊ ဈေးဆိုင်ကြီး/ငယ်များ၊ အိမ်ကြီး/အိမ်ငယ်များ ရှိသည်။
တပ်ဝင်းအတွင်း တပ်ရင်းဌာနချုပ်၊ စစ်တန်းလျားများ၊ ရိက္ခာဂိုဒေါင်များ၊ စစ်ပစ္စည်းဂိုဒေါင်များ၊ လက်နက်ပြင်ရုံ၊ ကျည်လှောင်ရုံများ၊ ဆေးရုံ၊ စစ်သင်တန်းကွင်း၊ အချုပ်ခန်း၊ တပ်ခွဲ (၅) တန်းလျားများရှိသည်။ ပျဉ်းကတိုးတုံး၊ ကျွန်းတုံးကြီးများဖြင့် ပြုလုပ်ထားပြီး ဘိလပ်မြေ ကိုင်ထားသော ကတုတ်ကြီးများ စခန်းပတ်ပတ်လည်တွင် တည်ဆောက်ထားသည်။ မြစ်ကွေ့နှစ်ခုရှိ အနီးဆုံးနေရာတွင် သံဆူးကြီး (၅) ထပ်၊ ၄င်းကြားတွင် ညှောင့်၊ မိုင်းဗုံးအပြည့်ထောင်ထားသော ခြံစည်းရိုး (၅) ထပ်ရှိသည်။ ဆက်သွယ်ရေးမြောင်း စခန်းပတ်လည်တူးထားပြီး (၅) လှံကွာ (၁၂ဝ) မမ စိန်ပြောင်းဒဏ်ခံနိုင်ရည်ရှိ ကတုတ်ကြီးများ ဆောက်ထားသည်။ (၈၁) မမ၊ (၇၅) မမ၊ (၁ဝ၇) မမ စိန်ပြောင်း၊ နောက်ပွင့်ရိုင်ဖယ်နှင့် ဒုံးပစ်မည့် ကတုတ်ကြီးများတည်ဆောက်ထားသည်။
ထိုစခန်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် အထူးတပ်ရင်း (၁ဝ၁) အပြင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီဌာနချုပ်နှင့် ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (၈၈) ပြည်သူ့တော်လှန်ရေး လှုပ်ရှားမှုမှ ဖွားမြင်လာသော (ABSDF) ကျောင်းသားတပ်မတော် တပ်ရင်း (၂၁ဝ)၊ ကော်သူးလေ မွတ်စလင်လွတ်မြောက်ရေးတပ်ဖွဲ့၊ (KMLF – Kawthoolie Muslim Liberation Force) တပ်မဟာပေါင်းစုံမှ တပ်စု၊ တပ်ခွဲများရှိသည်။
နအဖ စစ်အုပ်စုသည် ဖက်ဆစ်ဂျပန်များပေးခဲ့သည့် စစ်အတတ်ပညာမှတပါး အုပ်ချုပ်မှုပညာမရှိ၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကိုနားမလည်၊ လူကို လူလိုမသိ၊ တပ်မတော်သာအမိ၊ တပ်မတော်သာအဖ ဟူသော စစ်တပ်သည်သာ ၄င်းတို့၏ ဘုရား၊ ၄င်းတို့၏ကိုးကွယ်ရာ ဖြစ်သည်။ ထို့ကြောင့် လူမျိုးစုံပြည်သူတရပ်လုံး ချွတ်ခြုံကျ မွဲတေ ငတ်မွတ်နေသည်။ စားရမဲ့၊ သောက်ရမဲ့ဖြစ်နေသည်။ တိုင်းပြည်တွင် လိုအပ်နေသော ပစ္စည်းဟူသမျှ မှောင်ခိုစီးပွားရေးကို မှီခိုနေရသည်၊ မှောင်ခိုလမ်းမှဝင်နေရသည်။ ကုန်သည်များ ထောင်နှင့်ချီ ဝင်ထွက်နေသည်။ မှောင်ခို ကုန်သည်များ မည်မျှ ဝင်ထွက်နေသည်မသိ။ ဒေါနတောင်တန်းရှိ လူမှောင်ခိုလမ်းပင် ချိုင့်ဝင်သွားသည်ဟု ထင်ရသည်။
မှောင်ခိုကုန်သွယ်ရေးစနစ်ကြောင့် (KNU) ကော်သူးလေအစိုးရ အကောက်အခွန်ဌာနတွင် ဝင်ငွေကောင်းနေသည်၊ အထူးတပ်ရင်း (၁ဝ၁)၊ တပ်မဟာ (ရ)၊ တပ်မဟာ (၆) များသည် အင်အား တောင့်တင်းလာသည်၊ တပ်မဟာ (၇) ဧရိယာတွင် ကုန်သွယ်ရေးဂိတ်များရှိသည်။ (မယ်သဝေါ)၊ (မယ်တရိ)၊ (မော်ဖိုးကေ)၊ (မယ်လ) ဂိတ်များရှိသည်၊ ဝင်ငွေ မည်မျှကောင်းသည်မသိ။ ထိုစဉ်က တပ်မဟာ(၇)၊ တပ်ထောက် ဗိုလ်မှူးလားမှူး၏ အလျား (၁ဝ)ပေ၊ အမြင့် (၅)ပေ၊ အကျယ် (၅) ပေရှိ ကျွန်းသတ္တာကြီးတွင် အမျိုးသမီးတပ်မှူး ဗိုလ်နန့်ယဉ်အေးအုပ်ချုပ်သော (အမျိုးသမီးစစ်သည် (၆) ဦး) ငွေစာရင်းအဖွဲ့မှ တနေ့ ဗမာငွေများ ကျပ်တစ်ရာတန်သက်သက် အထပ်လိုက် ရေတွက်နေကြသည်၊
ထိုစဉ်က ဗမာတစ်ကျပ် ထိုင်း (၂) ဘတ် ဖြစ်သည်။ နယ်စပ်ကုန်သွယ်ရေးဂိတ်များမှ ကရင့်တော်လှန်ရေးအတွက် ဝင်ငွေဘယ်မျှရှိနေကြောင်း ခန့်မှန်းနိုင်မည်ဖြစ်သည်။ ကရင့်တော်လှန်ရေးရန်သူများသည် ကရင့်တော်လှန်ရေးကို ဖြိုခွဲရန် ဖြတ် (၄) ဖြတ် စီမံချက်ကို ကျင့်သုံးလျှက်ရှိသည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်တိုင်း နှင့် ပဲခူးရိုးမတိုင်းတို့တွင် ဖြတ် (၄) ဖြတ်စီမံချက်ဖြင့် ကရင့်တော်လှန်ရေး အခြေခံစခန်းများကို ဖြိုခွဲခဲ့သည်။ (မယ်သဝေါ)၊ (မယ်တရိ)၊ (မော်ဖိုးကေ)၊ (မယ်လ) တပ်စခန်းနှင့် ကုန်သွယ်ရေးဂိတ်များကို ဗမာ့တပ်မတော် စစ်သည် ထောင်ချီ အရင်းအနှီးပေးပြီး ရယူလျှက်ရှိသည်။ ရတော့ ရလိုက်ပါသည်။ သို့သော် ထောင်နှင့်ချီသော ဗမာ့တပ်မတော် အရာရှိ/အရာခံ၊ အကြပ်/စစ်သည်တော်များ၏အသက်၊ ဝိဥာဏ်များဆုံးရှုံးမှုအတွက် နှမျှောတသဖြစ်မိသည်။
ရန်သူသည် ဝမ်းခါဟောင်းအား စတင် တိုက်ခိုက်လာပါပြီး။ လက်နက်ကြီးသံများ ကြားနေရသည်။ နေ့နေ့ ညည လက်နက်ကြီးသံများ အတောမသတ်၊ တစ်ပတ် ကျော်လာပြီး စစ်ကူလိုလာပြီဖြစ်သည်။ ထိခိုက်ဒဏ်ရာရ ကျဆုံးသည့် ရဲဘော်များ နေရာအား အစားထိုးရန် ဖြစ်သည်။
ထိုကြောင့် မိမိတို့တပ်ဖွဲ့မှူး ဗိုလ်မှူးစိုးစိုးမှ-
“ပဒဲစေး မှ ပဒဲထူး” အငယ်တစ်ခု အသင့်ပြင်၊ ဒီည အလုပ်အကိုင်ရှိ၊
“ပဒဲထူး မှ ပဒဲစေး” “ရထား”
“လက်ရွေးစဉ် အငယ်တစ်ခု လိုအပ်မဲ့ ပစ္စည်းတွေနဲ့ အသင့်ပြင်ထား၊ ကားလွှတ်လိုက်မယ်”
မှတ်ချက်။ ။
- ပဒဲထူး။ စကားပြောစက်အမည်၊ ဗိုလ်မှူးကြီးနေစိုး (စိုးစိုး)
- ပဒဲစေး၊ စကားပြောစက်အမည်၊ (မိမိ) စာရေးသူ၊ - အငယ်တစ်ခု၊ တပ်စိတ်တစ်စိတ်၊
- ရထား၊ ဗမာအက္ခရာ (ရကောက်) ရရှိသည်။
မိမိတို့တပ်ဖွဲ့စခန်းသည် ဝေါ်လေအောက်စခန်းတွင် ရှိသည်။ အထူးတာဝန်တစ်ခုဖြင့် စုဖွဲ့ထားသော တပ်ဖွဲ့ဖြစ်သည်။ (Operation Promise Land) ကို အကောင်အထည်ဖေါ်ရန်ဖြစ်သည်၊ တပ်ခွဲတစ်ခွဲခန့် စုဆောင်းရရှိထားပြီးဖြစ်သည်။ ထိုစဉ်က မိမိတို့တပ်ဖွဲ့အမည်သည် ဗိုလ်မှူးကြီးစိုးစိုး ရွေးချယ်ထားသော (Bo Mya Youth – BMY) တပ်ဖွဲ့ ဖြစ်သည်၊ လူသိနည်းနေသော တပ်ဖွဲ့ဖြစ်သည်။ နောင် တပ်ရင်း (၁ဝ)၊ စစ်ကြောင်း (၃)၊ နောက် တပ်မဟာ (၄)၊ တပ်ရင်း (၁၂) ဖြစ်လာမည့် တပ်ဖွဲ့ဖြစ်သည်။
တပ်ခွဲမှူး ဗိုလ်ကြီးတင့်လွင်ဦးစီး လက်ရွေးစဉ်တပ်စိတ်တစ်စိတ် ထွက်ခွာသွားပြီးဖြစ်သည်။ လက်နက်ကြီးသံများ ကြားနေရသည်၊ နေ့နေ့၊ ညည ကြားနေရသည်။ ဝမ်းခါဟောင်း စခန်းကို မရ ရအောင် တိုက်မည့်ပုံပေါ်နေသည်။ တိုက်ပွဲဖြစ်နေသည်မှာ (၇) ရက်၊ တပတ်ခန့် ကြာနေပါပြီး မရသေး၊ ရန်သူသည် နေ့ဘက် ရေလှိုင်းလို တသုတ်ပြီး တသုတ် ကျားတက်ထိုး၊ လက်နက်ကြီး/ငယ်မျိုးစုံ၏ တုံ့ပြန်မှုကြောင့် အကျအဆုံးများစွာနှင့် ပြန်လည်ဆုတ်ခွာနေရ၊ တစ်ကြိမ်ပြီးတစ်ကြိမ် ကျားတက်ထိုး မရ။ ၄င်းတို့ထံတွင် ရှိနေသမျှ လက်နက်ကြီး (၈၁) မမ၊ (၈၂) မမ၊ (၁၂ဝ) မမ စိန်ပြောင်းများ၊ (၇၅) မမ၊ (၈၄) မမ နောက်ပွင့် ရိုင်ဖယ်များ၊ (၁ဝ၅) မမ ဟော်ဝီဇာ မြေပြင်ပစ် အမြောက်ကြီးများ၊ (၂၅) ပေါင်ဒါ တောင်ပေါ်ပစ် အမြောက်ကြီးများ စုစုပေါင်း အလက် (၃ဝ) ကျော်နှင့် ဝမ်းခါဟောင်း စခန်းအား ခြေမှုန်းတိုက်ခိုက်လျှက်ရှိသည်။
အပိုင်း (၂) ကို နောက်တစ်ပတ်တွင် ဆက်လက်ဖေါ်ပြပါမယ်။
No comments:
Post a Comment