ကေအဲန်ယူ-ဒူးပလာယာခရိုင် ဂုဏ်ထူးဆောင်နာယကကြီး ဖူးတာအယ်၏ ကိုယ်ရေးအတ္ထုပတ္တိအကျဉ်း
အပိုင်း (၁)
ကောဇာသက္ကရာဇ် 1285 ခု၊ ပထမ၀ါဆိုလဆန်း (၁၁)ရက် (AD 1923 ဇွန်လ ၂၃ ရက်) စနေနေ့ နံနက် (၇)နာရီတွင် အဘဦးဖိုးဒွေး၊ အမိ ဒေါ်ပန်းမြတို့မှ ညောင် တုန်းအရှေ.ပိုင်းတိုက်နယ် ခတ္ထိယ ငှက်ပျောကျွန်းရှိ တလိုင်းချောင်းကျေးရွာတွင် ဖွားမြင်ခဲ့သည်။ ငယ်နာမည်မှာ မောင်တင်ဦးဖြစ်သည်။ (၁)နှစ်သားအရွယ်တွင် မိခင်ဒေါ်ပန်းမြဆုံးသွားခဲ့ပြီးနောက်၊ (၆)နှစ်သား၌ ဘခင်ဦးဖိုးထွေးက နောက်အိမ် ထောင်ပြုသည်။ ဖအေတူ မအေကွဲ ညီ၊ ညီမ (ရ)ဦးရှိသည်။ အသက် (၁၀)နှစ်ကျမှ ကျောင်းစ၍ နေခဲ့ရသော်လည်း ကျောင်းမနေမီကတည်း က လေ့လာသင်ကြားမှုရှိသောကြောင့် သူငယ်တန်းကြီးနှင့် ပထမတန်းကို တနှစ် ထဲတွင် အောင်မြင်ခဲ့သည်။ အသက် (၁၆)နှစ်အရွယ် ဆဌမတန်း၌ သင်ယူနေချိန် တွင် ဗမာ့နိုင်ငံရေးလှုပ်ရှားမှုနှင့် ဆက်နွယ်နေသော သံမဏိတပ်ဖွဲ့ထဲဝင်ရောက် ခဲ့ခြင်းကြောင့် ဘခင်က ကျောင်းမှ လာနှုတ်ခဲ့သည်။
မိဘလက်ငုတ်ဖြစ်သော လယ်ယာအလုပ်အကိုင်ကို ၀ိုင်းကူလုပ်ကိုင်ရင်းမှာပင် ရပ်ရေးရွာရေးများ ပါဝင်လုပ်ကိုင်ခြင်းဖြင့် လူငယ်ပိုင်းမှာ ခေါင်းဆောင်မှုရရှိလာ ပြီး လူကြီးပိုင်းမှာပါ ၀င်ဆံ့လာခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာချိန် ဗမာနိုင်ငံ အတွင်းမှ အင်္ဂလိပ်ကို တိုက်ထုတ်ရန် ဂျပန်များဝင်လာသည်နှင့် မရှေးမနှောင်း၊ ကရင် ဗမာအဓိကရုန်းပေါ်ပေါက်ခဲ့သည်။ ကရင်နှင့် ဗမာများ တပြန်တလှည့်စီ ရွာလုံးကျွတ်လုယက်သတ်ဖြတ် လက်စားချေမှုများ လုပ်ကြရာတွင် ကိုတင်ဦးတို့ တလိုင်းချောင်းပတ်ဝန်းကျင် ကရင်ကျေးရွာများနှင့် ခတ္ထိယ၀န်းကျင်မှ ဗမာရွာ များ ပြသနာမပေါ်ရအောင် ခတ္ထိယမှ သြဇာရှိလူကြီးများနှင့် တိုင်ပင်ပြီးထိန်းထိန်း သိမ်းသိမ်းလုပ်နိုင်ခဲ့သည်။ ဂျပန်ကို တိုက်ထုတ်မည့် လေထီးဆင်းများနှင့် လက် နက်ကိုင်မြေအောက်တပ်သားများကိုလည်း အကူအညီပေးခဲ့သည်။ ဂျပန်ကိုနှစ် ပွဲ သုံးပွဲမျှပါဝင်တိုက်ခိုက်ပြီးနောက်တွင် ကမ္ဘာစစ်အတွင်း ဂျပန်များ စစ်ရှုံးပြီး မြန် မာနိုင်ငံမှ ပြန်လည်ဆုတ်ခွာသွားသည်။
1946 ခုတွင် KCO အဖွဲ့ဝင်တဦးဖြစ်သူ အဘိုးဦးစံမြနှင့်အတူ မအူပင် AKO အစည်းအဝေးသို့ တက်ရောက်ခဲ့ရသည်။ မန်းဘဇန်နှင့် သိကျွမ်းရပြီးနောက် KCO မှဖွင့်လှစ်သော အခြေခံစစ်ရေး၊ နိုင်ငံရေးသင်တန်းသို့ တက်ရောက်သင် ကြားခွင့်ရခဲ့သည်။ သင်တန်း၌ မန်းဘဇံ၊ ဆရာသာထို၊ ဆရာပေါလ်အေးငြိမ်းတို့ က သင်ကြားပို့ချခဲ့သည်။
၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၅)ရက်မှ (၇)ရက်နေ့အထိ အလုံ ပဲခူး ကရင် ကျောင်းဝင်း၌ ပွာကညောဒေါကလူ (KNA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ကရင်အမျိုးသားများအသင်း(BKNA)၊ ကရင်လူငယ်အစည်းအရုံး (KYO)နှင့် က ရင်ဗဟိုအဖွဲ့ (KCO)တို့ကို အတူတကွပေါင်းစည်းပြီး ကရင်အမျိုးသားအစည်း အရုံး (KNU)ဟူ၍ ဖွဲ့စည်းသည့်အစည်းအဝေးသို့ တက်ရောက်ခဲ့ရသည်။ ကရင် ပြည်တောင်းဆိုရာတွင် ကရင်အမျိုးသားများအားလုံး တစည်းတလုံးတည်း တစု တဖွဲ့တည်း သဘောထားတခုတည်းအနေဖြင့် ပေါင်းစည်း၍ တောင်းဆိုရန် ဖွဲ့ စည်းကြခြင်းဖြစ်သည်။
ဖဆပလ အဖွဲ့အတွင်းမှ အချို့ သောလူမျိုးကြီးဝါဒီများက ကရင်များသီးသန့်ပြည် နယ် ထူထောင်မည့်ကိစ္စကို မလိုလားကြ၊ ကရင်ဗမာအဓိကရုဏ်းကဲ့သို့ အင် အားသုံးအနိုင်ကျင့်လာမှုများကို နောက်တကြိမ်မခံရစေရန်အတွက် ကရင်အမျိုး သားများကို ကာကွယ်ဘို့ရန် (KNDO)ကို ဖွဲ့စည်းခဲ့သည်။ (KNU)အဖွဲ့ကို မြို့နယ်ကျေးရွာများတွင် လိုက်လံစည်းရုံးဖွဲ့စည်းပြီး မရှေးမနှောင်းမှာပင် မြစ်ဝကျွန်းပေါ်တိုင်းဥက္ကဌကြီး မန်းဘဇံ တာဝန်ပေးချက်အရ ညောင်တုန်းအရှေ့ ပိုင်း တိုက်နယ်ကျေးရွာကာကွယ်ရေးမှူးအဖြစ် (KNDO)အဖွဲ့များကို ဖွဲ့စည်းခဲ့ သည်။ ညောင်တုန်းအရှေ့ပိုင်းတိုက်နယ်၌ သူကြီးပိုင် (၁၀)ပိုင်ရှိ၍ ကျေးရွာမှာ တရာကျော်ရှိသည်။ (KNDO)များကို ကျေးရွာတရွာလျှင် (၅)ယောက်မှ (၁၅) ယောက်အထိ ဖွဲ့စည်းခဲ့သည်။ လက်နက်ခဲယမ်းများ ၀ယ်ယူနိုင်ရေးအတွက် ရံပုံ ငွေရရှိရန် ညောင်တုန်းအရှေ့ပိုင်းတိုက်နယ် ကုန်စုံဆိုင်ကိုလည်း ကျေးရွာအဖွဲ့အ စည်းမှ တာဝန်ရှိလူကြီးများနှင့်အတူ ငွေကြေးတတ်နိုင်သူများကို စည်းရုံးကာ သိန်းနှင့်ချီ၍ ရင်းနှီးထူထောင်ခဲ့သည်။ ရရှိသည့်အမြတ်များဖြင့် လက်နက်များ ၀ယ်ယူစုဆောင်းနိုင်ခဲ့သည်။
1948 ခု၊ ဖေဖော်ဝါရီလ (၁၁)ရက်နိုင်ငံနှင့် အ၀ှမ်းကရင်များဆန္ဒပြတောင်းဆိုပွဲ များလုပ်ရာတွင် ညောင်တုန်းမြို့နယ်အတွင်းရှိ လူထုကို စည်းရုံးလှုံ့ဆော်ကာ ဆန္ဒ ပြသောမြို့နယ် ကျေးရွာလူထုအတွက် လုံခြုံရေးတာဝန်ယူပေးခဲ့သည်။
1949 ခုနှစ်၊ နှစ်ဦးပိုင်း အင်းစိန်တိုက်ပွဲဖြစ်ပေါ်ရာတွင် ဗိုလ်တင်ဦးတို့ဘက်မှာ လည်း ပြည်သူ့ရဲဘော်များနှင့် တိုက်ပွဲများဖြစ်ခဲ့သည်။ တိုက်ပွဲများ သုံးလေးနေ ရာ၌ တိုက်ခိုက်ပြီး အင်းစိန်တိုက်ပွဲသို့လည်း လိုအပ်သည့် ဆန်၊ ဆား၊ ငါးပိ၊ ငါး ခြောက်ရိက္ခာများကို လှေ၊ သမ္ဗာန်များဖြင့် ရန်သူများအကြားမှ ပို့ဆောင်ပေးခဲ့ သည်။
ကရင့်လက်နက်ကိုင်တော်လှန်ရေးဖြစ်ပွားရာတွင် ဗိုလ်တင်ဦးသည် (B)ကုမ္ပဏီ ၏ တပ်ခွဲမှူးအဖြစ် တာဝန်ကို ထမ်းဆောင်ရသည်။ ဗိုလ်မောင်ဇံ၊ ဗိုလ်ကျော်လှိုင် တို့မှာ အားကိုးရသော တပ်မှူးငယ်များဖြစ်သည်။ မြစ်ကို သံကြိုးများတားကာ ရန် သူ့စစ်သင်္ဘောများကို မလှန်နိုင်အောင် တိုက်ခိုက်ခဲ့သည့်တိုက်ပွဲများ ဗိုလ်မှူးချုပ် ဘလိတ်၏ စစ်ကြောင်းများအား (၂၇)ရက်အတွင်း တိုက်ပွဲကြီးငယ် (၁၂၀)ကျော် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲများမှာ ထင်ရှားသည်။
မြစ်ဝကျွန်းပေါ်တခွင် ကန်ကြီးဒေါင့်၊ ဘဲဂယက်၊ ဒက၊ ရှိုး၊ လှိုင်းတာ၊ ရုံးဒေါင့်၊ ကဒိုက်၊ အိမ်မဲ၊ ဓနုဖြူ၊ မအူပင်၊ ရေလဲ၊ စံကင်း၊ ဆကာကြီး၊ အဖျောက်၊ ကြက်တူ ရွေးတောင်၊ ပါလှဲ့၊ သပြေချောင်း၊ မြလှချောင်း၊ သံကြိုး၊ ရေပေါက်၊ ကြခတ်ကွင်း၊ ငှက်ကြီးတောင်၊ တွံတေးတောကြီးတန်း၊ မယ်ပြေကျွန်း စသည်တို့တွင် တိုက်ပွဲ ပေါင်းများစွာ တိုက်ခဲ့ရသည်။
1950 ခုနှစ်၊ သြဂုတ်လအတွင်း စောဘဦးကြီးကျဆုံးပြီးနောက် အုပ်ချုပ်ရေးအ ခြေမခိုင်မှုကြောင့် တဗိုလ်တမင်း နယ်စား ပယ်စားများဖြစ်ကာ ကရင့် တော်လှန် ရေးပျက်စီးလုနီးပါး အခြေအနေဖြစ်လာမှုကို ထိန်းသိမ်းသောအားဖြင့် မြစ်ဝကျွန်း ပေါ်တိုင်း ဥက္ကဌကြီးမန်းဘဇန်မှ နိုင်ငံတကာတော်လှန်ရေးများကို လေ့လာပြီး ဒု တိယလမ်းစဉ်ကို ရေးဆွဲခဲ့သည်။ အလုပ်သမား၊ လယ်သမား၊ ဓနရှင်ပေါက်စနှင့် အမျိုးသားဓနရှင်တို့၏ အကျိုးစီးပွားများကို ရှေ့ရှုပြီး အလုပ်သမားလူတန်းစားဦး ဆောင်မှုကို ခံယူသည့် ဒုတိယလမ်းစဉ်ကို မြစ်ဝကျွန်းပေါ်တွင် စမ်းသပ်ကျင့်သုံး ခဲ့ရာ အတိုင်းအတာတခုအထိ အောင်မြင်မှုရရှိခဲ့သည်။ ထိုလမ်းစဉ်ကို ၀ိန့်ထောင် ကွန်ဖရင့်တွင် ဆွေးနွေးပြီး 1953 ခုနှစ် ဖာပွန်ကွန်ဂရက်၌ ကော်သူးလေတတိုင်း လုံးအသုံးပြုနိုင်ရန် မြစ်ဝကျွန်းပေါ်ကိုယ်စားလှယ် ဗိုလ်ကြီးတင်ဦးမှ တင်ပြခဲ့ရာ အစည်းအဝေးမှ ကြားနာရုံသာကြားနာပြီး ဆုံးဖြတ်ချက်မချခဲ့ပေ။ 1956 ခုနှစ် မောကို ကွန်ဂရက်တွင် ထိုလမ်းစဉ်ကို ဟန်တာသာမွှေးက ဦးဆောင်၍ အတည် ပြုချမှတ်ခဲ့သည်။
================================///=======================================================
ကေအဲန်ယူ-ဒူးပလာယာခရိုင် ဂုဏ်ထူးဆောင်နာယကကြီး ဖူးတာအယ်၏ ကိုယ်ရေးအတ္ထုပတ္တိအကျဉ်း
အပိုင်း (၂)
ဗိုလ်မှူးတင်ဦးမှာ အရှေ့ ကော်သူးလေအတွင်း ထိုလမ်းစဉ်ကို အကောင်အထည်ဖေါ်နိုင်ရေး စည်းရုံးဆွေးနွေးရန် တာဝန်ယူခဲ့သည်။ တပ်မမှူး ဗိုလ်ချုပ်တာကပေါ၊ ဗိုလ်မှူးချုပ်ဂျော်နီထူး စသော ပုဂ္ဂိုလ်များ၏ လက်မခံနိုင်မှုများ၊ ဟန့်တားနှောက်ယှက်မှုများကို ကြုံရေသော်လည်း မျှ တသောအမြင်ရှိသည့်နယ်မြေခံခေါင်းဆောင်တချို့ ၏ အားပေးမှုများဖြင့် စိတ်ရှည်လက်ရှည် ကြိုးပမ်းဆောင်ရွက်ရင်း လူထုလက်ခံမှုကို တစတစရရှိလာခဲ့သည်။
အလံနီကွန်မြူနစ်ပါတီနှင့် ဗကပများနှင့် မဟာမိတ်ပြု၍ ဘုံရန်သူကို တိုက်ခိုက်ရေး ညီညွတ်စွာ လက်တွဲနိုင်ခဲ့သည်။ မြစ်ဝကျွန်းပေါ်ကို ရန်သူများ အကြီးအကျယ် ထိုးစစ်ဆင်မှုကြောင့် ဗိုလ် မှူးချုပ်ဘရှိုင်း၊ ဗိုလ်မှူးချုပ်အော်စဘွန်၊ ဗိုလ်ချုပ်ပု စသူတို့ လက်နက်ချသွားပြီး ရန်သူနှင့် ပေါင်းသွားကြသော်လည်း ဗိုလ်မှူးတင်ဦးတို့တပ်က ကြံ့ကြံ့ခံ ရပ်တည်နိုင်ခဲ့သည်။ ရန်သူထိုး စစ်ကြီးကြောင့် ဗိုလ်ချုပ်ကျော်မြသန်း၊ ဗိုလ်မှူးကျင်ဖေတို့ ပဲခူးရိုးမသို့ ဦးစွာရွှေ့ သွားကြပြီး နောက်တွင် လှေဆွဲကွန်ဖရင့်ကျင်းပရာ ဗိုလ်မှူးကြီးတင်ဦးကို ပဲခူးရိုးမ၌ တာဝန်ထမ်းဆောင် ရန် ခေါ်ယူခဲ့သည်။ လှေဆွဲကွန်ဖရင့်မှနေ၌ မြန်မာအမည်များဖြစ်နေသော ကရင့်တော်လှန် ရေးခေါင်းဆောင်များကို ကရင်အမည်သို့ ပြောင်းလဲမှည့်ခေါ်ခဲ့သည်။ ဗိုလ်မှူးချုပ်ကျော်မြသန်း က ကော်ထူး၊ ဗိုလ်မှူးကျင်ဖေက ကိုးဒို၊ ဗိုလ်မှူးချုပ်မြမောင်က မန်းသိုခနုတ်၊ ဗိုလ်မှူးကြီး ၀ရ ဇိန်က လောကွား၊ ဗိုလ်မှူးကြီးတင်ဦးက တာအယ် စသည်ဖြင့် အမည်များပြောင်းလဲခဲ့ရာ ဖူးတာအယ်နှင့် ဖူးလောကွားတို့ အမည် (၂)ခုသာ ရေရှည်တည်တံ့ကျန်ရစ်ခဲ့သည်။ လှေဆွဲ ကွန်ဖရင့်မှပင် ကျေးရွာပြည်သူ့အုပ်ချုပ်ရေး၊ မြို့ နယ်စစ်ရေး၊ နိုင်ငံရေးကော်မတီများနှင့် တပ် များကိုလည်း ဖွဲ့စည်းခဲ့သည်။ (KPLA)တပ်ရင်း (၄)ရင်းဖွဲ့လိုက်သည်။ (KPGF)ကရင်ပြည်သူ့ ပြောက်ကျားတပ်ဖွဲ့များကိုလည်း ဖွဲ့စည်းခဲ့သည်။ ဗိုလ်မှူးကြီးတာအယ်မှာ (KPLA)(၁)၏ တပ် မှူးဖြစ်သည်။
1955 ခုနှစ် ပဲခူးရိုးမသို့ ဆရာဘာဟုနှင့် ရောက်သွားကြပြီး ပဲခူးရိုးမတိုင်းကော်မတီခေါင်း ဆောင်များနှင့် (KNU)တပ်ဦးပါတီအရေးပေါ်အစည်းအဝေး ဆုံးဖြတ်ချက်အရ ပဲခူးရိုးမတိုင်း ကော်မတီ အသစ်တဖန် ဖွဲ့စည်းလိုက်ကြသည်။ ဥက္ကဌ ဗိုလ်မှူးချုပ်အုန်းမောင်နှင့် အတွင်းရေး မှူးဗိုလ်အေးဟန်တို့ ဦးစီးသောကော်မတီဖြစ်သည်။ တိုင်းကော်မတီနှင့် အလုပ်အမှုဆောင်များ ခရိုင် (၄)ခုနှင့် မြို့ နယ်၊ ကျေးရွာများကိုလည်း ဖွဲ့စည်းခဲ့ကြသည်။ ဗိုလ်မှူးချုပ်လောကွား၊ ဗိုလ် ကြီးညောင်ရေ၊ ဗိုလ်ကြီးကြချစ်၊ ဗိုလ်မှူးသာချို စသူတို့နှင့် တွဲခဲ့ရသည်။ တပ်ရင်းများကို နိုင်ငံ ရေး၊ စည်းရုံးရေး၊ စစ်ရေးသဘောတရားများကို ဆရာဘာဟုနှင့်အတူ တာဝန်ယူသင်ကြားပေး ခဲ့သည်။ တပ်များကို တိုက်ရင်းတည်ဆောက်၊ တည်ဆောက်ရင်းတိုက် လုပ်သွားပြီး လှုပ်ရှား စစ်တိုက်နည်းများကိုလည်း တပ်ရင်းများက အတော်အတန် လေးစားလိုက်နာလာကြသည်။ ရန်သူကို တိုက်ဘို့ကမခက်၊ တပ်တွင်းတည်ဆောက်ရေးလုပ်ငန်းများ လုပ်ရာမှာတော့ ခက် သည်။ဂိုဏ်းဂန၀ါဒ၊ မင်းမဲ့ဝါဒ၊ တဗိုလ်တမင်းဝါဒများ၊ တရှူးတိုးဝါဒ၊ တပွဲထိုးဝါဒ၊ တကိုယ် ကောင်းဝါဒ၊ လူမျိုးရေးအမြင်ကျဉ်းမြောင်းသည့်ဝါဒ စသောဝါဒများကို ကင်းစင်ပပျောက် အောင်မူ ဗိုလ်မှူးကြီးတာအယ် မတတ်နိုင်ခဲ့ချေ။
ပဲခူးရိုးမအတွင်း ခရိုင်နှင့် တိုင်းခေါင်းဆောင်များ တပ်မှူးများကို နိုင်ငံရေး၊ စည်းရုံးရေးသင် တန်းများပေးရာတွင် ဘိန်းစွဲနေကြသော ဗိုလ်ထိုကြည်အပါအ၀င် ခေါင်းဆောင်များနှင့် ငယ် သားအတော်များများကို တော်လှန်ရေးနှင့် အမျိုးသားရေးမျက်နှာကိုထောက်၍ ဘိန်းဖြတ်သွား နိုင်အောင် စည်းရုံးလုပ်ဆောင်နိုင်ခဲ့သည်။
1956 ခုနှစ် မောကိုကွန်ဂရက်မှ ဒုတိယလမ်းစဉ်ကို ချမှတ်အပြီး တပ်မဟာ (၆)နှင့် (၇)တို့တွင် အကောင်အထည်ဖေါ်ရန် ဗိုလ်မှူးဘသင်၊ ဗိုလ်ကြီးလှထွန်းတို့နှင့် လိုက်သွားရင်း ဒုတိယလမ်း စဉ်ကို နယ်မြေခံတပ်မှူးများ လက်ခံလာအောင် စိတ်ရှည်လက်ရှည်ဆောင်ရွက်ခဲ့သည့် တချိန် တည်းမှာပင် တပ်မဟာ (၇)အတွင်းရောက်နေသော ဗိုလ်မှူးလင်းထင်တို့ တပ်နှင့် ဗိုလ်ချုပ် တာကပေါတို့တပ်အကြား မကျေမလည်ဖြစ်မှုများကို တာဝန်ယူဖြေရှင်းပေးခဲ့ရသည်။
1958 ခုနှစ် မွန်ပြည်သူ့တပ်ဦး ရန်သူ့ထံ လက်နက်နှင့် ဒီမိုကရေစီ လဲသွားသောအခါ မွန်များ နှင့် ဆက်လက်မလုပ်ကိုင်လိုတော့ဘဲ ကရင့်တော်လှန်ရေးနှင့်တွဲ၍ (KNU)အဖြစ်ခံယူမည် လုပ်နေသော နိုင်မုန်လာကို မိမိအမျိုးသားအတွက် အားကိုးအားထားပြုစရာ တော်လှန်ရေး အဖွဲ့အစည်းတရပ် ပြန်လည်ထူထောင်ဘို့ရန် ဆွေးနွေးဖျောင်းဖျပြီး နိုင်ဓမ္မနေ၊ နိုင်ဟတ်ခေါင်၊ နိုင်ရွှေကျင်၊ နိုင်ဘအုန်းတို့ကို မှာယူပြီး (KNU)၏ မဟာမိတ် မွန်ပြည်သစ်ပါတီကို ထူထောင် ဖြစ်ပေါ်စေသည့်ပုဂ္ဂိုလ်များတွင် ဗိုလ်မှူးအော်လီဗာ၊ ဗိုလ်မှူးမူတူးတို့နှင့်အတူ ဗိုလ်မှူးကြီးတာ အယ်မှာ အဓိကပုဂ္ဂိုလ်အဖြစ်ပါဝင်ခဲ့သည်။
1959 ခုနှစ် ပဲခူးရိုးမတိုင်း၌ တိုင်းဥက္ကဌအဖြစ်ဆောင်ရွက်ရန် ဗိုလ်ချုပ်ကျော်မြသန်း မှာကြား ချက်အရ သွားရောက်ခဲ့ရပြန်သည်။ ပဲခူးတွင် မဟာမိတ် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ညှိနှိုင်း ပြီး ရန်သူကို တိုက်ခိုက်ခဲ့ရသည်။ အလားအလာနှစ်ရပ်ပြသနာများ၊ (KNUP)အဖွဲ့အစည်း အတွင်း သဘောထားမညီမျှမှုကြောင့် ဖြစ်ပေါ်လာသော ပြသနာများနှင့် ဗိုလ်ချုပ်မြတို့က ခွဲ ထွက်ကာ (KNLC)ထူထောင်ခြင်းများ၊ အလုပ်သမားရှေ့ဆောင်မှုကိစ္စကို ပယ်ဖျက်ပေးရေး အတွက် ဆွေးနွေးညှိနှိုင်းပြီးနောက် မန်းဘဇန်၊ ဗိုလ်ချုပ်မောင်မောင်၊ ဗိုလ်မှူးသန်းအောင် စသူ တို့က ဗိုလ်ချုပ်မြတို့နှင့် ပေါင်းသွားကြသည်။ ကျန်ခဲ့သော ဗိုလ်ချုပ်ကျော်မြသန်း၊ ဗိုလ်ချုပ်မြ မောင်၊ ဗိုလ်မှူးချုပ်ကျင်ဖေတို့နှင့် အခြေခံရန်သူ သတ်မှတ်မှု ပြသနာများ၊ ရိက္ခာနှင့်ပတ်သက် သော ပြသနာများကို တွေ့ကြုံဆွေးနွေးဖြေရှင်းရသည်။ နောက်ဆုံး၌ အမျိုးသားရေးညီညွတ် ရေးကို ရအောင်လုပ်မည်ဟု ရည်ရွယ်လျှက် (KNUP)မှ တကိုယ်တည်းထွက်သွားခဲ့ခြင်းများ၊ ထို့နောက် ဗိုလ်ချုပ်မြတို့၏ ညီလာခံကျင်းပရာသို့တဆင့် လူကြုံဖြင့်ရောက်ခဲ့သည်။ မိမိသ ဘောထားရပ်တည်ချက်များကို ပြောပြခဲ့သည်။ ကရင်တွေမညီမညွတ်ဖြစ်ကာ ရန်သူကို တိုက် ခိုက်ရေးအဓိကမထားတော့ဘဲ အချင်းချင်းတိုက်ခိုက်ရေး လုပ်နေကြရမည့်အချိန်မဟုတ် ကြောင်း၊ မြစ်ဝကျွန်းပေါ်မှာလည်း ရန်သူ၏ ဖြတ် (၄)ဖြတ်ဖြင့် အရေးကြီးနေပြီဖြစ်၍ မြစ်ဝ ကျွန်းပေါ်မပြုတ်ရန် မိမိတို့ညီညွတ်စွာ ကူညီကြရမည်ဖြစ်ကြောင်း၊ မြစ်ဝကျွန်းပေါ်ပြုတ်လျှင် ပဲခူးရိုးမလည်းပြုတ်မည်ဖြစ်ပြီး ထိုနှစ်ခုနောက်ပိုင်း အရှေ့ကော်သူးလေပါ ပြုတ်နိုင်ကြောင်း တင်ပြကာ ညီညွတ်ရေးရဘို့ စည်းရုံးဆွေးနွေးသည်။ ဗိုလ်ချုပ်မြတို့က သဘောတူပြီး (KNUP)သို့ ပြန်လည်ညှိနှိုင်းရန် ကိုယ်စားလှယ်လွတ်မည်ပြုရာတွင် ဗိုလ်ချုပ်ကျော်မြသန်းမှ ဒု- ဗိုလ်ချုပ်တာအယ်မှာ ပါတီသစ္စာဖေါက်ဖြစ်၍ လက်မခံလိုကြောင်း ပြောကြားငြင်းပယ်လိုက် သောကြောင့် ဗိုလ်ချုပ်တာမလာဘောကို လွတ်ခဲ့ရသည်။ 1975-76 ခုနှစ်တွင် ဗိုလ်ချုပ်မြ မောင်၊ ဆရာကကြီးစကောလယ်တော အစရှိသော (KNUP)ခေါင်းဆောင်များ ဗိုလ်ချုပ်မြတို့ နှင့် ပြန်လည်ပူးပေါင်းပြီး (KNU)တဖွဲ့တည်းပြန်လည်ဖြစ်ခဲ့သည်။
1974 ခုနှစ် ပဟီလူညီလာခံအပြီး ဒု-ဗိုလ်ချုပ်တာအယ်ကို တပ်မဟာ (၆)၏ တပ်မဟာမှူး ဗိုလ် ချုပ်ရွှေဆိုင်းမှ ဖိတ်ခေါ်ပြီး ခရိုင်အတွင်းမှ တပ်မှူးများ ပဒိုများကို တူ (၄)တူ သင်တန်းပေးခဲ့ သည်။ တပ်မဟာ (၆)နယ်မြေအတွင်းတိုက်ပွဲများကို အတော်တိုက်ခဲ့ရသည်။ ရေး၊ ချောင်းဖျား၊ သံပုရာ၊ ခုတ်ခွား စသည့်တိုက်ပွဲများကို တပ်မဟာမှူးပါ ပါဝင်လျှက် တိုက်ခိုက်ခဲ့သည်။
======================================////===============================================
ကေအဲန်ယူ-ဒူးပလာယာခရိုင် ဂုဏ်ထူးဆောင်နာယကကြီး ဖူးတာအယ်၏ ကိုယ်ရေးအတ္ထုပတ္တိအကျဉ်း
အပိုင်း (၃)
1975 ခုနှစ်တွင် ထီးသေခီ၌ ဗဟိုအကျယ်ချုပ်အဖြစ် သွားရောက်နေထိုင်ခဲ့ရ သည်။ 1976 တွင် မာနယ်ပလောဖြစ်လာမည့် နယ်မြေသစ်ကို အဖေါ် (၄)ဦးနှင့် အတူ ရှာဖွေခဲ့ပြီး ဗိုလ်ချုပ်မြအပါအ၀င် အားလုံးသဘောတူညီချက်ဖြင့် ခုတ်ထွင် ရှင်းလင်းတည်ဆောက်ရေးများလုပ်ကာ ထိုနေရာမှာပင် ဗိုလ်မှူးကြီးတာအယ်မှာ မိသားစုနှင့်အတူ သွားရောက်နေထိုင်ခွင့်ရခဲ့သည်။
မာနယ်ပလောအခြေစိုက် မယ်ပရုကရူ၏ ကျေးရွာများ ထမင်းမငတ်ရေး၊ ဖွံ့ဖြိုး စည်ပင်ရေးအတွက်လည်း ကူညီဆောင်ရွက်ပေးနိုင်သည့်အပြင် ထိုကျေးရွာမှ နေ၍ ပြည်သူ့စစ်တပ်ဖွဲ့များကိုလည်း ဖွဲ့စည်းပေးနိုင်သည်။ တပ်မဟာ (၂)၊ တပ် မဟာ (၃)နယ်မြေများသို့ပါ ရောက်ရှိနေထိုင်ကာ စည်းရုံးရေးလုပ်ငန်းများလုပ် ဆောင်ခဲ့သည်။ တပ်မဟာ (၆)နှင့် ဗဟိုကို ကူးချည်သန်းချည် သွားလာနေရာမှ 1983 ခုနှစ်တွင် ဗိုလ်ချုပ်မြ၊ ပဒိုဘသင်နှင့် ဗဟိုကော်မတီများ၏ တရားဝင်ဆုံး ဖြတ်ချက်ဖြင့် တပ်မဟာ (၆) ဒူးပလာယာခရိုင်တွင် ခရိုင်ဥက္ကဌအဖြစ်တာဝန်ယူ ခဲ့ရသည်။
ခရိုင်ဥက္ကဌလုပ်ငန်းများ တာဝန်မယူမီ ဗီဒီယို ရုပ်ရှင်ကား (၃)ကားကို ရိုးရိုးလေး သက်နိုင်၊ ဦးရင်လှ၊ ပဒိုထူးလိုတို့ အကူအညီဖြင့် ရိုက်ကူးခဲ့သည်။ ကရင့်သွေး၊ ကရင့်သားကောင်းသမီးကောင်းများနှင့် သွေးဖြင့်လက်ကမ်းသော သန္နိဌာန် အ မည်ရှိဇာတ်ကားများဖြစ်သည်။ ဆရာဆာကဆော၊ ရဲဘော်ကံလှ စသူတို့နှင့်အတူ ကရင့်တော်လှန်ရေး၏ နေ့ကြီးရက်ကြီးများ အထိမ်းအမှတ်စာအုပ်များနှင့် နိုင်ငံ ရေးထိုးစစ်ပြုလုပ်သည့် စာစောင်စာတန်းများကိုလည်း အခါအားလျော်စွာရေး သားထုတ်ဝေခဲ့သည်။ ခရိုင်ဥက္ကဌအဖြစ် တာဝန်ယူစဉ်အတွင်း ကျန်းမာရေး၊ ပညာရေးကဏ္ဌများကို တိုးမြင့်ခဲ့ပြီး လယ်ယာ၊ သစ်တော၊ အခွန်အကောက်၊ ဘာ သာရေးပွဲလမ်းများ စသည်တို့အပြင် စည်းရုံးရေးကဏ္ဌတွင်လည်း ခရိုင်တွင်းမြို့ နယ်၊ ကျေးရွာများအထိ လူငယ်အစည်းအရုံးများ၊ အမျိုးသမီးအစည်းအရုံးများ အဆင့်ဆင့်ဖွဲ့စည်းလုပ်ဆောင်နိုင်ခဲ့သည်။
မွန်ပြည်သစ်ပါတီ နယ်မြေကိစ္စပြသနာ ဖြစ်ရသောအခါတွင် ခရိုင်ဥက္ကဌတဦး အနေဖြင့် ဗဟိုခေါင်းဆောင်များနှင့်အတူ ဦးဆောင်ဆွေးနွေးဖြေရှင်းခဲ့သည်။ 1988 ခုနှစ်ဗမာတနိုင်ငံလုံး လူထုအုံကြွမှုအရေးအခင်းကြီးတွင် (KNU)သို့ရောက် လာကြသော ကျောင်းသားများ၊ (NLD)လွတ်တော်ကိုယ်စားလှယ်များ၊ လူ့ဘောင် သစ်ဒီမိုကရက်ပါတီ စသည့် ဒီမိုကရေစီရေးအဖွဲ့အစည်းများကိုလည်း အားပေး ထောက်ကူမှုများလုပ်ခဲ့သည်။
1983 ခုနှစ်မှစပြီး ခရိုင်ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့ရာတွင် 1984 ခုနှစ်၊ ခရိုင်ညီ လာခံမှာ အရှိန်ရလာကာ 1988၊ 1992၊ 1996 နှင့် 2000 ပြည့်နှစ်ညီလာခံများ အထိ ခရိုင်ဥက္ကဌတာဝန်ကို ယုံကြည်အားထားစွာ ပေးအပ်ခြင်းခံခဲ့ရသည်။
2000 ခုနှစ်တွင် သားသမီး (၃)ဦးအနက် ဒုတိယမြောက်သားဖြစ်သော မောင် ထော်စိုးရုတ်တရက်ဆုံးပါးသွားသည့်နောက်ပိုင်းတွင် ဖူးတာအယ်၏ စိတ်ဓါတ်ခံ စားမှုအခြေအနေမှာ သိပ်ပြီးမကောင်းတော့ချေ။ အတွေးများ၊ အစားပျက်၊ အိပ် ရေးပျက်ကာ ကျန်းမာရေးမှာလည်း ချို့တက်လာခဲ့သည်။ သို့ရာတွင် တော်လှန် ရေးတာဝန်များကို ကျရာနေရာက လုပ်ဆောင်မည်ဆိုသည့် စိတ်ဓါတ်ကမူ ပ ပျောက်မသွား၊ စကားပြောရင်းမေ့တတ်ခြင်း၊ ဟောပြောရာ၌အကြောင်းအရာ အ ဆက်အစပ်ကို နိဂုံးချုပ်၍ မရခြင်းများဖြစ်လာသည်။ ဆရာဝန်နှင့် စစ်ဆေးကြည့် ရာတွင် ဦးဏှောက်ကျုံ့သည့်ရောဂါဖြစ်ကြောင်းသိရ၍ စာရေးစာဖတ်မလုပ်ရန် ညွှန်ကြားခဲ့သည်။ သို့ရာတွင် ဦးဏှောက်မှာလုံးဝပျက်စီးသည်မဟုတ်ဘဲ ရေဒီယို နားထောင်ကာ သတင်းဝေဖန်မှုများပေးနိုင်ခဲ့သည်။ 2003 ခုနှစ်အတွင်း ကျန်းမာ ရေးမကောင်း၍ တာဝန်မှ အနားယူခွင့်ပြုရန် (KNU)အတွင်းရေးမှူးထံ သွား ရောက်ပြောကြားရင်း ကင်ဆာရောဂါခံစားနေရသော အတွင်းရေးမှူး၏ ဇနီးဖြစ် သူကို အားပေးကာ တော်လှန်ရေးထဲလုပ်ဆောင်မှုများအတွက် ကျေးဇူးတင် ဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။ အတွင်းရေးမှူးက ဖူးတာအယ်၏ စကားပြော မှုအခြေအနေကိုကြည့်ကာ အပြီးအပိုင်အနားယူခွင့်မပေးဘဲ တနှစ်သာခွင့်ပေး ခဲ့သည်။
2004 ခုနှစ်ညီလာခံမတိုင်မီတွင် အထွေထွေစိတ်ဖိစီးမှုကြောင့် အရွေးချယ်မခံ တော့ချေ။ ရေဒီယိုကိုပင် နားမထောင်နိုင်တော့ဘဲ ကျန်းမာရေးချူချာလာပြီး ရံဖန် ရံခါဆေးရုံတက်ရရာမှ 2006 ခုနှစ် အောက်တိုဘာလ (၆)ရက်နေ့ မြန်မာစံတော် ချိန် နံနက် ၂း၃၅ နာရီ၊ ထိုင်းစံတော်ချိန် နံနက် ၃း၀၅ နာရီတွင် ဘ၀တပါးသို့ ပြောင်းသွားခဲ့သည်။
ဇနီးဆရာမနော်ဒေးဖိုး၊ သမီးဆရာမ နော်အယ်ဝါး၊ သား ဗိုလ်ကြီးဖိုးသာထူး နှင့် မြေး (၃)ဦး ကျန်ရစ်သည်။
မန်းဘဇန်၊ ဗိုလ်ချုပ်ကျော်မြသန်း၊ ဗိုလ်ချုပ်မြမောင်၊ ဗိုလ်မှူးချုပ်ကျင်ဖေ၊ ဆရာ ကြီးစကောလယ်တောနှင့် ဒု- ဗိုလ်ချုပ်တင်ဦးဟူသော (KNUP)၏ ပေါလစ်ဗျူရို (၆)ဦးအနက် ဖူးတာအယ်မှာ နောက်ဆုံးကျန်ရစ်ခဲ့သူဖြစ်လေသည်။
ကိုယ်တိုင်ကရင်အမျိုးသားဖြစ်ပြီး ကရင်အမျိုးသားကို ချစ်သောဖူးတာအယ်မှာ ကရင်စကားကောင်းစွာမတတ်သော်လည်း ကရင့်တော်လှန်ရေးကို အသက်သေ ဆုံးသည့်တိုင် မဆုတ်မနစ် ယုံကြည်စွာလုပ်ဆောင်ရာတွင် ရှေ့ဆောင်ဦးရွက် စံ နမူနာပြ ပုဂ္ဂိုလ်တဦးဖြစ်လေသည်။
No comments:
Post a Comment