၁။ လက်နက်ချစကား အလျဉ်းမပြောရ။ ၂။ ကရင်ပြည် ပြီးပြည့်စုံရမည်။ ၃။ ကရင့်လက်နက် ကရင့်လက်ထဲရှိရမည်။ ၄။ ကရင့်ကြမ္မာ ကရင်ဖန်တီးရမည်။


အှ်ဆံင်းလာ.ဆါ် ကိုဝ်.ဟှာဍေ။


Sunday, 1 August 2010

မန်းဘဇန်နှင့်ကရင့်တော်လှန်ရေး အပိုင်း(၅)

၁၉၇၅ ခုနှစ်၊ မေလ(၂၇)ရက်
ပြည်နယ်ပေါင်းစု ပြည်ထောင်စု အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု ဖွဲ့စည်းရေး နှီးနှောဖလှယ်ပွဲတွင်
ဥက္ကဌကြီးမန်းဘဇန်၏ နှီးနှောင်းဖလှယ်ပွဲ အဖွင့်မိန့်ခွန်း။
အဖွဲ့အစည်းအသီးသီးမှ တက်ရောက်လာကြသည့် ချစ်ကြည်လေးစားအပ်ပါသော ကိုယ်စားလှယ်တော်များခင်ဗျား-
အမျိုးသားလွတ်မြောက်ရေးနဲ့ ဘ၀တိုးတက်ရေးအတွက် လက်နက်စွဲကိုင် တော်လှန်တိုက်ပွဲဝင်လျက်ရှိကြတဲ့ ကျွန်တော်တို့ ဘ၀တူ ညီအကိုတော် တော်လှန်ရေးအင်အားစုများ တစုတည်းညီညွတ်စွာ တိုက်ပွဲဝင်ရန် တောင်းဆိုသောအခြေအနေများ အောက်တွင် ကျွန်တော်တို့ညီညွတ်ရေးကို တည်ဆောက်ရန်အတွက် ယခုကဲ့သို့ ကိုယ်စားလှယ်တော်များ တက်ရောက်ပြီး ဒီ နှီးနှောဖလှယ်ပွဲကို ကျင်းပနိုင်သည့်အတွက် များစွာဝမ်းမြောက်ပါတယ်။ သဘာပတိအဖြစ် ရွေးချယ်တင်မြောက်ခြင်း တာ ၀န်ပေးခြင်းအတွက်လည်း ကျွန်တော်မှာ များစွာကျေးဇူတင်ရှိကြောင်းနှင့် ၀မ်းမြောက်ဂုဏ်ယူကြောင်းကို ပြောကြားအပ် ပါတယ်။
ကျွန်တော်တို့ဟာ ပြောဆိုတဲ့ဘာသာစကား ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံများ မတူညီကြသော်လည်း သဘာဝအရတူညီတဲ့ ညီ အစ်ကိုတော်များဖြစ်ကြပါတယ်။ ကျွန်တော်တို့အားလုံးဟာ ဗြိတိသျှနယ်ချဲ့ အုပ်စိုးသူများ၏ စိုးမိုးမှုအောက်တွင် တူညီစွာဖြင့် လူမျိုးရေးအရလည်းကောင်း၊ နိုင်ငံရေးအရလည်းကောင်း၊ ယဉ်ကျေးမှုအရလည်းကောင်း၊ ဖိနှိပ်အုပ်ချုပ်မှုခံရပြီး စီးပွားရေးအ ရ သွေးစုတ်အမြတ်ထုတ်ခံကြရပါတယ်။ ဒုတိယကမ္ဘာစစ် ပြီးဆုံးသွားပြီးနောက် ကျွန်တော်တို့ဟာ အမျိုးသားလွတ်မြောက် ရေး၊ တန်းတူရေး၊ ဘ၀ဖြစ်ပေါ်တိုးတက်ရေးနှင့် ငြိမ်းချမ်းသာယာဝပြောရေးအတွက် ဗြိတိသျှနယ်ချဲ့အစိုးရထံမှ တင်ပြ တောင်းဆို တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ကျွန်တော်တို့တိုက်ပွဲဟာ ထိရောက်မှုရှိပါတယ်။
ဗြိတိသျှနယ်ချဲ့အုပ်စိုးသူတွေဟာ ကျွန်တော်တို့တင်ပြတောင်းဆိုမှုကို မလွဲမရှောင်သာပဲ အရေးယူဆောင်ရွက်ဖို့ ပြုလုပ်လာ ရပါတယ်။ ၎င်းတို့က အရေးယူ ဆောင်ရွက်ရာတွင် ကျွန်တော်တို့နှင်တိုင်ပင်၍ အရေးယူဆောင်ရွက်ခြင်းမပြုပဲ ၎င်းတို့အကျိုး ကို ထိမ်းသိမ်းကာကွယ်ပေးမယ့် ၎င်းတို့ရဲ့ လက်ဝေခံ မဟာဗမာလူမျိုးကြီးဝါဒီ၊ ဗမာဓနရှင်များနဲ့ တွေ့ဆုံတိုင်ပင် အရေးယူ ဆောင်ရွက်ခဲ့ပါတယ်။ ဒီမဟာဗမာလူမျိုးကြီးဝါဒီ ဓနရှင်တွေရဲ့ခံယူချက်မှာ တဖက်က နယ်ချဲ့သမားတွေရဲ့ အကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်ပေးပြီး အခြားတဖက်မှာ သူတို့က ကျွန်တော်တို့လူမျိုးပေါင်းစုံ ပြည်သူတွေကို ဖိနှိပ်အုပ်စိုးကျွန်ပြုဖို့ ခံယူ ထားကြပါတယ်။ ကျွန်တော်တို့ရဲ့ မွေးရာပါ အခွင့်အရေးဖြစ်တဲ့ လွတ်လပ်ရေးနှင့် တန်းတူရေးများကို ရိုက်ချိုးပစ်ပြီး ဗြိတိသျှ နယ်ချဲ့သမားနဲ့ မဟာဗမာဝါဒီတွေဟာ ကျွန်တော်တို့ လူမျိုးပေါင်းစုံ ပြည်သူတွေကို ဆက်လက်ပြီး လူမျိုးရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှုအရ ဖိနှိပ်တယ်။ စီးပွားရေးအရ သွေးစုတ်အမြတ်ထုတ်တယ်။ လက်ဝေခံ မဟာဗမာဝါဒီတွေရဲ့ လက်သို့ အာဏာလွဲပြောင်းပေးလိုက်သော အတုအယောင်လွတ်လပ်ရေးကို ပေးလိုက်ပါတယ်။ ယင်းလွတ်လပ်ရေးဟာလူမျိုးပေါင်းစုံ ပြည်သူတွေကို ကျွန်ပြုသော လွတ်လပ်ရေးဖြစ်ကြောင်း ကျွန်တော်တို့ကောင်းစွာသိရှိခြင်းကြောင့် ကျွန်တော်တို့ဟာ တဦးပြီး တဦး တော်လှန်တိုက်ပွဲဝင်ခဲ့ကြတယ်။ ကျွန်တော်တို့ လက်နက်စွဲကိုင်တော်လှန်ခြင်းသည် မှန်ကန်သင့်မြတ်သော၊ တရား သေ သဘာဝပေးတာဝန်ကို ဂုဏ်ရှိရှိဖြင့် ထမ်းဆောင်ခြင်းဖြစ်ပါတယ်။
ကျွန်တော်တို့ဟာ နှစ်ပေါင်းကြာမြင့်စွာ ဖိနှိပ်ကျွန်ပြုခြင်းကို ခံခဲ့ရတဲ့အတွက် ဘ၀အရ ဆင်းရဲမွဲပြာကျဖြစ်ရခြင်း၊ အတွေးအ ခေါ်အမျှော်အမြင် ကျဉ်းမြောင်းရခြင်း၊ လူမှုရေးအသိ နည်းပါးရခြင်း၊ နိုင်ငံရေးအရ အားနည်းခြင်း ရှိနေပါတယ်။ တော်လှန် တိုက်ပွဲဝင်သော်လည်း တော်လှန်ရေးသဘောတရားနဲ့ အတွေ့အကြုံမရှိကြဘူး။ ကျွန်တော်တို့ တော်လှန်ရေးတိုက်ပွဲ ၀င် သောအခါ ရန်သူမဟာဗမာဝါဒီအစိုးရကို စစ်ရေးအရတိုက်ခိုက်နိုင်ခြင်းသာ ရှိခဲ့ပါတယ်။ ကျွန်တော်တို့အတွင်းမှာလဲ တော် လှန်တိုက်ပွဲဝင်ရင်းက တော်လှန်ရေးနှင့်ဆန့်ကျင်သော အကြောင်းရပ်များ ဖြစ်ပေါ်လာပါတယ်။ ၎င်းအပြင် ကျွန်တော်တို့ဟာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး တော်လှန်ရေးကို ဆင်နွှဲရပါတယ်။ ယင်းသို့သော အကြောင်းရပ်များကြောင့် ကျွန်တော်တို့ ဘ၀တူများ တစုတစည်းတည်း တိုက်ပွဲဝင်ဘို့ဖြစ်သော်လည်း ယင်းသို့ဖြစ်မလာပဲ တသီးတခြားစီတိုက်ပွဲဝင်နေသော အချင်း ချင်းကြားမှာ ပဋိပက္ခဖြစ်ပေါ်လာသော အခြေအနေများ ဖြစ်ပေါ်လာခဲ့ရပါသည်။
ကျွန်တော်တို့တိုက်ပွဲဝင်တာ (၂၈)နှစ်ရှိခဲ့ပါပြီး။ ကျွန်တော်တို့ စတင်တော်လှန်တိုက်ပွဲဝင်လာစဉ်က ယနေ့အထိ ကျွန်တော် တို့ တော်လှန်ရေးတွေ အောင်ပွဲခံဖို့အခြေအနေတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ သို့သော် ကျွန်တော်တို့မှာ တသီးတခြားတိုက်ပွဲ ၀င်နေကြခြင်း၊ ကျွန်တော်တို့အတွင်းမှာပဋိပက္ခတွေရှိနေခြင်းကြောင့် တော်လှန်ရေးအောင်ပွဲရဖို့ ပေးအပ်လာတဲ့အခြေအနေ တွေကို ပိုင်ပိုင်နိုင်နိုင်အသုံးချ၍ အောင်ပွဲကိုမယူနိုင်ကြပဲ တော်လှန်ရေးရှည်ကြာလာခဲ့ရတယ်။ ဖောက်ပြန်တဲ့ မဟာဗမာဝါဒီ များ၏ သက်ဆိုးဟာလည်း ရှည်လာခဲ့ရတယ်။ ကျွန်တော်တို့ဟာ တစိတ်တသဘောတည်း တက်ညီလက်ညီ စနစ်တကျညီ ညွတ်စွာဖြင့် တိုက်ပွဲဝင်သွားကြမည်ဆိုလျှင် အောင်ပွဲရဖို့ လျင်မြန်စေလိမ့်မယ်ဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ စည်းလုံးညီညွတ်မှုဟာ ကျွန်တော်တို့အောင်ပွဲ ကျွန်တော်တို့ရဲ့လွတ်လပ်တဲ့၊ တန်းတူတဲ့၊ ငြိမ်းချမ်းသာယာ တဲ့ ဘ၀သစ်တည်ဆောက်မှုရဲ့ သော့ချက်ဖြစ်ပါတယ်။ စည်းလုံးညီညွတ်မှု ဆိုရာမှာလည်း ကျွန်တော်တို့အားလုံး ခံယူချက်၊ လုပ်ဆောင်ချက်၊ စည်းကမ်းရှိမှုများအရ ညီညွတ်ရေးဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ယင်းစည်းလုံးညီညွတ်ရေးကို တည် ဆောက်ဖို့ ယခု ကျွန်တော်တို့ ဤနှီးနှောဖလှယ်ပွဲဖြင့် စတင်ဆောင်ရွက်နေပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ အသီးသီးမှာ တော် လှန်ရေးနဲ့ပါတ်သက်ပြီး ကိုယ့်အမြင်၊ ကိုယ့်သဘောထားတွေ ရှိနေကြပါတယ်။ ယင်းအမြင်နဲ့ သဘောတရားဟာ တူညီမှုရှိသကဲ့သို့ မတူညီသော သဘောထားအမြင်များကို အပြန်အလှန်ဆွေးနွေးညှိနှိုင်းသွားခြင်းဖြင့် တူညီမှုအရ ကျိုးပမ်း သွားမှာဖြစ်ပါတယ်။ နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာကြတဲ့ ကိုယ်စားလှယ်တိုင်းမှာ တဦးဦး၏တင်ပြချက်များကို လေး နက်မှုရှိစွာဖြင့် စဉ်းစားပြီး မတူညီမှုများကို တူညီမှုရှိအောင် ဆွေးနွေးညှိနှိုင်းဆောင်ရွက်သွားကြပါလို့ ပြောကြားလိုပါတယ်။
ဤအထက်ပါ အချက်အလက်များသည် တပ်ပေါင်းစုနှင့်ပါတ်သက်၍ ဥက္ကဌကြီးမန်းဘဇန်၏ သဘောထားခံယူချက်များဖြစ် ပါသည်။ ဤကောက်နှုတ်ချက်များသည် (မဒတ)အထွေထွေအတွင်းရေးမှူး ခိုင်စိုးနိုင်အောင် ပြုစုသည့် တပ်ပေါင်းစုသမိုင်း စာအုပ်မှတဆင့် ဖော်ပြခြင်းဖြစ်ပါသည်။
ကရင့်တော်လှန်ရေး နေ့ကြီးရက်ကြီးများ

(၁) ဇန္န၀ါရီလ (၂၀) ရက် ဗိုလ်ချုပ်ကြီးမြ မွေးနေ့၊
(၂) ဇန္န၀ါရီလ (၃၁) ရက် ကရင့်တော်လှန်ရေးနေ့၊
(၃) ဖေဖေါ်ဝါရီ (၅)ရက် (K.N.U) ကရင်အမျိုးသားအစည်းအရုံးနေ့၊
(၄) ဖေဖေါ်ဝါရီ (၁၁)ရက် ကရင်အမျိုးသားနေ့၊
(၅) မေလ (၂၃)ရက် (K.Y.O) ကရင်လူငယ်နေ့၊
(၆) ဇွန်လ (၁၄)ရက် ကော်သူးလေနေ့၊
(၇) ဇူလိုင်လ (၅)ရက် (K.N.L.A) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နေ့၊
(8) ဇူလိုင်လ (၁၆)ရက် (K.N.D.O) ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့ချုပ်နေ့၊
(၉) သြဂုဏ်လ (၅)ရက် (K.W.O) ကော်သူလေ အမျိုးသမီးအစည်းအရုံးနေ့၊
(၁၀) သြဂုဏ်လ (၁၂)ရက် ကရင်အမျိုးသား အာဇာနည်များနေ့၊

အပိုဒ်(၅)
ဥက္ကဌကြီးမန်းဘဇန်နှင့်ဒုတိယလမ်းစဉ်
ဥက္ကဌကြီးမန်းဘဇန်ကိုယ်တိုင် အသံသွင်းထားသော အသံသွင်းကြိုခွေမှ (ရသနှင့်အဓိပ္ပါယ်) မပျက်စေရန် တိုက်ရိုက်ကူးယူ ဖော်ပြပါသည်။ (စာရေးသူ)
“ဥက္ကဌကြီးစောဘဦးကြီး ကျသွားတဲ့အခါ ကျနော်တို့ကို ကရင်အမျိုးသားတွေကပြောတယ်၊ ဥက္ကဌကြီးစောဘဦးကြီးနေရာ မှာ ခင်ဗျားတို့ ၂ယောက်ထဲက တယောက်ယောက် တက်ပြီးတာဝန်ယူဖို့ တောင်းဆိုတယ်။ ဒီတခါ ကျွန်တော်က ဟံသာတာ မွေးကိုပြောတယ်။ ခင်ဗျားသွားပြီးတော့ ဥက္ကဌကြီးစောဘဦးကြီးနေရာမှာ တာဝန်ယူ။ ကျွန်တော်ကတော့ မြစ်ဝကျွန်းပေါ်မှာ နေခဲ့မယ်။ မြစ်ဝကျွန်းပေါ်ကို ဆက်ပြီးထိန်းဖို့လိုသေးတယ်။ အခြေအနေက အဲဒီလိုဖြစ်တယ်။ အခြေအနေဆိုးနေတဲ့အတွက် ကြောင့် ကျွန်တော်ဒီမှာနေခဲ့မယ်။ ခင်ဗျားသွားပါ။ ဒီလိုသဘောတူညီချက်ရတယ်။ ရတော့ ဟံသာတာမွေးကို ကရင့်တော် လှန်ရေးသမားတွေက ဥက္ကဌကြီး စောဘဦးကြီးနေရာကို တာဝန်ယူဖို့ရွေးကောင်တင်မြှောက်လိုက်တယ်။
ဟံသာတာမွေးဟာ တောင်ငူဘက်ကိုမသွားခင် မြစ်ဝကျွန်းပေါ်ဒေသမှ နေသေးတယ်။ အဲဒီအခါမှာ တော်လှန်ရေးအခြေအ နေအတွက် ကျွန်တော်တို့ နှစ်ယောက်တိုင်ပင်ဆွေးနွေးကြတယ်။ ဘယ်လိုလုပ်ကြမလဲ၊ အခုကျွန်တော်တို့မှာတော့ ကြီးလေး တဲ့တာဝန်ကျနေပြီး၊ တော်လှန်ရေးအခြေနေဟာ ဆုတ်ယုတ်လာတယ်။ အခြေအနေကလဲ မကောင်းဘူး၊ တော်လှန်ရေးအ ခြေအနေကောင်းဖို့၊ ထိန်းသိမ်းဖို့၊ အခြေအနေပြန်ကောင်းအောင်လုပ်ဖို့နဲ့ အောင်ပွဲရဖို့ ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ၊ နည်းလမ်းရှာကြစို့၊ ပထမ ကျွန်တော်တို့ချမှတ်ထားတဲ့ (CAS(K) CIVIL AFFAIR SERVICE (KAETHOOLAI)အုပ်ချုပ်ရေး မျိုးတော့မဖြစ်ဘူး။ တဗိုလ်တမင်းတွေပေါ် ညီညွတ်မှုတွေကွဲပြီးတော့ အခုလို အခြေအနေဆိုး ဖြစ်ပေါ်လာရတယ်။ ဒါကြောင့် ကျွန်တော်တို့ တခုခုရှာရမယ်။ ကရင့်တော်လှန်ရေးထွက်ပေါက်ရှာရမယ်။ အဲဒီလို ကျွန်တော်တို့ နှစ်ယောက်လေ့လာသုံးသပ် လို့ရတယ်။
အဲဒီအချိန်မှာပဲ အကြောင်းတခုဖြစ်ပေါ်လာတယ်။ ဖြစ်ပေါ်လာတာက ဒီအချိန်မှာ တရုတ်ပြည်မှာ မော်စီတုန်းတို့ တရုတ်ကွန် မြူနစ်တော်လှန်ရေးဟာလဲ အောင်ပွဲခံသွားပြီး၊ သူတို့အောင်ပွဲခံပြီး ဘာဖြစ်လာလဲဆိုရင် သူတို့ ကွန်မြူနစ် တရုတ်ပြည်တော် လှန်ရေးရဲ့ အဖြစ်အပျက်စာစောင်တွေ၊ သဘောတရားရေးစာစောင်တွေဟာ ကျနော်တို့ ဗမာပြည်ထဲမှာ ပြန့်ပွားနေတယ်။ လူတွေသိပ်လေ့လာကြတယ်။
နောက်တချက်ကတော့ အလံနီ၊ ဗကပ ပြည်သူ့ရဲဘော်တို့ကလဲ အခြေအနေသုံးသပ်ပြီးတော့ သူတို့ဘယ်လိုဆုံးဖြတ်သလဲ ဆိုရင် ကရင်နဲ့မဟာမိတ်ဖွဲ့ရမယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်။ ပထမတုန်းကတော့ သူတို့ဟာ ကျနော်တို့ ကရင်တွေကို နယ်ချဲ့ လက်နက်ကိုင်တုတ်၊ မြေရှင်ပဒေသရာဇ် လက်နက်ကိုင်တုတ်၊ ဘဦးကြီးခွေးတွေ၊ အဲဒီလိုသတ်မှတ်တယ်။ အဲဒီတော့ သူတို့ နဲ့ ကျနော်တို့ဟာ အကြီးအကျယ်တိုက်ကြတယ်။ ၁၉၄၉ခုနှစ် ဇွန်လ အင်းစိန်တိုက်ပွဲကဆုတ်လာပြီး ပြည်မြို့မှာရှိတဲ့ ပြည်သူ့ ဒီမိုကရေစီတပ်ပေါင်းစု (P.D.F) People' Democratic Front. ရဲ့ဌာနာချုပ် (KNU) မှ ဗိုလ်မှူးမောင်လေးကို ဖဆပလ ဆန့် ကျင်ရေး ပူတွဲတပ်ပေါင်းစုဖွဲ့ဖို့ စေလွှတ်လိုက်တယ်။ သို့သော် သခင်သန်းထွန်းက စောဘဦးကြီးဟာ နယ်ချဲ့လက်နက်ကိုင် တုတ် နယ်ချဲ့နောက်လိုက်ဟု စွပ်စွဲထားတယ်။ ဒါကို သူတို့ပြောင်းပြီး ခုနကပြောသလို တခြားတော်လှန်ရေးအင်အားစုတွေ နဲ့ မဟာမိတ်ဖွဲ့ရမယ်လို့ သတ်မှတ်လာတယ်။
အဲဒီတော့ ကျွန်တော်တို့ တော်လှန်ရေးအခြေအနေကောင်းဖို့၊ ဘယ်လိုလုပ်ရမလဲဆိုပြီး စဉ်းစားလာတဲ့အခါမှာ ခုနပြောတဲ့ တရုတ်ပြည်ရဲ့ တော်လှန်ရေးအတွေ့အကြုံတွေကို လေ့လာဖို့ အကြောင်းဖြစ်လာတယ်။ လေ့လာရမယ်။ ကျွန်တော်တို့မလေ့ လာရင်မဖြစ်ဘူး၊ အလုပ်အကြောင်းကို နားလည်ရမယ်။ တော်လှန်ရေးရဲ့ လုပ်နည်းလုပ်ဟန်တွေကို သိရမယ်။ သိမှလုပ်လို့ရ တယ်ဆိုတော့ ကျွန်တော်တို့ လေ့လာတယ်။ တရုတ်ပြည်တော်လှန်ရေးရဲ့ စာစောင်ဖြစ်တဲ့ ပြည်သူ့ဒီမိုကရေစီ စနစ်အ ကြောင်း၊ နောက်တချက်က မော်စီတုန်းရဲ့ တရုတ်ပြည် တော်လှန်ရေးသဘောတရား၊ ဒါတွေကို ကျွန်တော်တို့က လေ့လာ တယ်။ လေ့လာတဲ့အခါ ကျွန်တော်တို့ တော်တော်အမြင်ကျယ်လာတယ်။ အမှန်တော့ ကျွန်တော်နဲ့ ဟံသာတာမွေးဖြစ်တယ်။
နောက်ပြီးတော့ တိုးတက်ဖြစ်ပေါ်လာမယ့်ရဲဘော်တွေကလဲ ဒီစာစောင်ကို လေ့လာတယ်။ လေ့လာတော့ ကျွန်တော်တို့ ဘာတွေတွေ့လာလဲဆိုရင် ကရင့်တော်လှန်ရေးကို ဘယ်လိုဆောင်ရွက်ရမလဲဆိုတာ မြင်လာတယ်။ တော်လှန်စစ် ဘယ်လို ဆင်နွှဲရမယ်။ နိုင်ငံရေးအရ တော်လှန်တဲ့နိုင်ငံရေးကို ဘယ်လိုဆင်နွှဲရမယ်။ တော်လှန်တဲ့ သဘောတရားရေးတွေဟာ ဘာ လဲဆိုတာ ကျွန်တော်တို့တွေ့ရှိလာတယ်။ တွေ့ရှိလာတော့ ဒီဟာမှန်တယ်၊ လုပ်ကြည့်မယ်၊ စမ်းသပ်မယ်။
အဲဒီလို လေ့လာမှုကနေ ကျနော်တို့အတွေးအခေါ်ဝင်ပြီး ဆောင်ရွက်ဖို့ စိတ်ဓာတ်ဖြစ်ပေါ်လာတယ်။ တခါ မော်စီတုန်းရဲ့ တရုတ်ပြည်တော်လှန်ရေးအတွေးအခေါ်ဟာ ဘယ်ကရလဲဆိုရင် လီနင်ဝါဒကရတယ်ဆိုတော့ ကျွန်တော် တဆင့်တက်ပြီး မက်(စ်)၊ လီနင်ဝါဒကို လေ့လာတယ်။ လေ့လာတဲ့ အခါ ပိုပြီးတော့မြင်လာတယ်။ ကရင့်တော်လှန်ရေးဟာ တော်တော် ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ရမယ့် တော်လှန်ရေးဖြစ်တယ်။ ဒီလိုတွေ့ရတယ်။ အဲဒီတော့ ကျွန်တော်နဲ့ ဟံသာတာမွေးဟာ ကျွန်တော်တို့သဘောတရားတွေ လေ့လာပြီးပြီ၊ သဘောတရားလဲပေါက်လာပြီး၊ ဒါပေမယ့် သိပ်ပေါက်သေးတာမဟုတ်ဘူး၊ မြင်လာရုံရှိသေးတယ်။ ဒါပေမယ့် အခြေအနေ တောင်းဆိုတာက ကျွန်တော်တို့ရဲ့ ဒီနေ့ပြဿနာဟာချက်ချင်းကိုင်တွယ်ရ မယ့် ပြဿနာဖြစ်လာတယ်။ ဒီတော့ ဟံသာတာမွေးက ပြောတယ်။ ဘဇန် မင်းလုပ်ကွာ၊ လမ်းစဉ်တွေ ဘာတွေရေးကွာ၊ လုပ်ငန်းတွေ ဘာတွေရေးဆွဲ၊ နောက်ပြီး အဲဒါတွေကို စမ်းသပ်ကျင့်သုံးမယ်၊ ဖြစ်ရင်ဆက်လုပ်မယ်၊ မဖြစ်ရင် အခြေအနေနဲ့ မကိုင်ညီရင်လည်းမလုပ်ဘူး။ အဲဒီမှာ တော်လှန်ရေးလမ်းစဉ်ကို လုပ်ငန်းတို့ချမှတ်ဖို့ ကြိုးပမ်းရတော့တယ်။ အဲဒီမှာတော် လှန်ရေးသဘောတရားအရဆိုရင် ကျွန်တော်တို့မြင်တွေ့လာတာက ကရင့်တော်လှန်ရေးဟာ သီးခြားဖြစ်ပေါ်နေတဲ့ တော် လှန်ရေးမဟုတ်။ ဗမာပြည်လူအဖွဲ့အစည်းအတွင်းမှာ ဖြစ်ပေါ်နေတဲ့ တော်လှန်ရေးဖြစ်တယ်။ ဒီတချက်ကျနော်တို့တွေ့လာ တယ်။ နောက်တချက်ကလည်း ဗမာပြည်လူ့အဖွဲ့အစည်းကလည်း သီးခြားဖြစ်ပေါ်နေတာမဟုတ်ဘဲနဲ့ နိုင်ငံတကာ အခြေအနေ ဆက်ဆပ်ဖြစ်ပေါ်နေပါတယ်။ အဲဒီတော့ နိုင်ငံတကာအခြေအနေကို လေ့လာရမယ်။ ဗမာပြည်သူ့အဖွဲ့အစည်း ဖြစ်စဉ်ကို လေ့လာရမယ်။
အဲဒီလိုလေ့လာပြီးတဲ့နောက်မှာ ကျွန်တော်တို့ဟာ ကရင်အမျိုးသားအတွက် တိုက်နေတဲ့အတွက်ကြောင့် ကရင့်လူ့အဖွဲ့အ စည်းဖြစ်ပေါ်လာမှုကို လေ့လာရမယ်။ လေ့လာကြည့်တဲ့အခါ ကျွန်တော်တို့ ကရင်တွေ ဘာကြောင့်အဖိနှိပ်ခံရတယ်၊ ဘာ ကြောင့် ကျွန်ဖြစ်ရတယ်၊ ဘာကြောင့် ဆင်းရဲမွဲပြာကျရလဲဆိုတာကို ကျွန်တော်တို့ တွေ့လာတယ်။
ဒီကရင်တွေ ဖိနှိပ်ခံရတာက ဗမာပဒေသရာဇ်တွေ ဖိလို့ဖြစ်တယ်။ ဖိရတဲ့အကြောင်းက ဘာကြောင့်လဲ၊ ပြန်လေ့လာ လိုက်တဲ့ အခါကျတော့ မြေရှင်ပဒေသရာဇ်စနစ်ကြောင့်ဖြစ်တယ်။ စနစ်ကို ကျွန်တော်တို့ လေ့လာလို့ရတယ်။ တခါ အင်္ဂလိပ်ခေတ်မှာ ကျွန်တော်တို့ ဘယ်လိုဘ၀မျိုးနေရသလဲ၊ အင်္ဂလိပ်က ဗမာပြည်ကို ကိုလိုနီစနစ်အရအုပ်စိုးတယ်၊ ကိုလိုနီစနစ်ဆိုတာ ဘာလဲ ဆိုတာ ကျွန်တော်တို့ ပြန်လည်လေ့လာလိုက်တဲ့အခါ နယ်ချဲ့စနစ်ကနေ ဖြစ်ပေါ်နေတယ်။
ဒါကြောင့် နယ်ချဲ့စနစ်တို့၊ မြေရှင်ပဒေသရာဇ်စနစ်တို့ဟာ ကရင်ကို အဖိနှိပ်ခံဘ၀၊ ကျွန်ဘ၀၊ ဆင်းရဲမွဲပြာကျ ဘ၀ဖြစ်အောင် လုပ်တယ်ဆိုတာ ကျွန်တော်တို့ မြင်တွေ့လာရတယ်။ နောက်တချက်က ကရင့်လူ့အဖွဲ့အစည်းဖြစ်စဉ်နဲ့ ဗမာ့လူ့အဖွဲ့အစည်း ဖြစ်စဉ်ဟာ သီးခြားဖြစ်ပေါ်နေတာမဟုတ်ဘူး။ အပြန်အလှန်ဆက်စပ်ဖြစ်ပေါ်ပြီး မှီခိုနေတယ်။ အပြန်အလှန်အကျိုးပြုတယ်။ ဒါတွေကို ကျွန်တော်တို့ မြင်လာတယ်။
မြင်လာတဲ့အခါ နောက်နိုင်ငံတကာအခြေအနေကို လေ့လာတဲ့အခါ ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာ အခြေအနေဘယ်လို ဖြစ်လာလဲဆိုတော့ နယ်ချဲ့စနစ်ရဲ့ အင်အားစုက ဆုတ်ယုတ်ပျက်ပြားလာတယ်။ ကိုလိုနီစနစ်ဟာ ချုပ်ငြိမ်းရဖို့ ဖြစ်လာ တယ်။
ဘာကြောင့်လဲဆိုတော့ ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာ ကမ္ဘာ့အင်အားကြီး (၆)နိုင်ငံအနက် အမေရိကန်ကလွဲရင် ကျန်တဲ့ ပြင် သစ်တို့ ဗြိတိသျှတို့ ဂျာမနီတို့ အီတလီတို့ဟာ စစ်ဒဏ်ကို အကြီးအကျယ် ခံရပြီးနောက် သူတို့တိုင်းပြည်အတွင်းမှာတောင် အလွန်ဆိုးရွားနေတဲ့ အခြေအနေရောက်နေတယ်။ ဒီလိုအခြေအနေဖြစ်နေတယ်။
ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာ ဘယ်လိုဖြစ်လဲဆိုတော့ အရင်ကဖြစ်ပေါ်လာခဲ့တဲ့ ကိုလိုနီတိုင်းပြည်မှာရှိတဲ့ အမျိုးသားလွတ် မြောက်ရေး လှုပ်ရှားမှုတွေဟာလဲ အရှိန်အဟုန်မြင့်မားလာပြီးတော့ အကြီးအကျယ်တိုက်ပွဲဖြစ်လာတယ်။ နောက်တချက်က လဲ အရင်းရှင်စနစ်က ဖြစ်ပေါ်လာတဲ့ ကမ္ဘာ့အလုပ်သမားလူတန်းစားတွေရဲ့ တိုက်ပွဲကလည်း အင်မတန်မြင့်မားလာတယ်။
ဒီတော့ နယ်ချဲ့စနစ်အောက်ဟာ ဆုတ်ယုတ်ကျဆင်းလာတယ်။ နယ်ချဲ့စနစ်ရှိနေသမျှ ကရင်ဟာ ဖိနှိပ်ကျွန်ပြုခံနေတယ်။ မြေရှင်ပဒေသရာဇ်ရှိနေသမျှ ကရင်ဟာသွေးစုတ်အမြတ်ထုတ်ခံနေရပြီး ဆင်းရဲမွဲပြာကျဖြစ်နေမယ်ဆိုတာ ကျွန်တော်တို့ မြင် လာကြတယ်။ နောက်တချက်ကလည်း လက်နက်ကိုင်တိုက်ပွဲဆင်နွှဲနေပြီး လက်နက်ကိုင်တိုက်ပွဲ ဘယ်လိုတိုက်မလဲ၊ ဘယ် လိုလက်နက်ကိုင်တိုက်ပွဲလဲ၊ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ၊ ကျွန်တော်တို့ကရင်တွေကိုကြည့်ရင် ကရင့်တော်လှန်ရေး ဟာ ရေတိုနဲ့အောင်ပွဲခံရမယ့် တော်လှန်ရေးမဟုတ်ဘူး။ ရေရှည်တော်လှန်စစ် ဆင်နွှဲရမယ့်တော်လှန်ရေးဖြစ်တယ်။
ဒီအတွက်ကြောင့် ကျွန်တော်တို့ဟာ ရေရှည်တိုက်ပွဲအတွက် ဘယ်လိုသေနင်္ဂဗျူဟာသုံးမလဲ၊ ဒီတော်လှန်ရေးစစ်ပွဲဟာ အ ကြောင်းသုံးရပ်ရှိတယ်။ အဆင့်သုံးဆင့်ရှိတယ်။ ပထမ အင်အားမရှိသေးတဲ့ အခြေအနေမှာ၊ လူထုကိုစည်းရုံးလို့ရတဲ့ အခြေ အနေမှာ ကိုယ့်အင်အားကိုယ်ထိန်းသိမ်းပြီး ရန်သူကို ချေမှုန်းဘို့ ဒီသေနင်္ဂဗျူဟာကို သုံးရမယ်။ အဲဒီလို သုံးဖို့ ခံစစ်ရှင်စစ် ရေးကို သုံးရမယ်။
အဲဒီခံစစ်ရှင်စစ်ဟာဘာလဲ၊ သေနင်္ဂဗျူဟာ ခံစစ်နည်းပရိယာယ်အရ ထိုးစစ်ဖြစ်တယ်။ ထိုးစစ်ဆင်နွှဲဖို့ ကျွန်တော်တို့ဘာလုပ် ရမလဲ။ ကျယ်ပြန့်စွာလှုပ်ရှားနိုင်မယ့် ပြောက်ကျားစစ်ကို ဆင်နွှဲရမယ်။ အဲဒီပြောက်ကျားစစ်ကိုလဲ ခံစစ်ရှင်စစ်အနေနဲ့ တိုက် ရမယ်ဆိုတဲ့ သဘောတရားတွေရလာတယ်။ ကျွန်တော်တို့ ဘာပြန်သတ်မှတ်လဲဆိုရင် ကရင့်တော်လှန်စစ်ဆိုတာ ရေရှည် တော်လှန်စစ်ဖြစ်တယ်။ လက်ရှိတော်လှန်စစ်ရဲ့ သေနင်္ဂဗျူဟာက ဘာဖြစ်ရမလဲဆိုတော့ ခံစစ်ရှင်စစ်ရေးသေနင်္ဂဗျူဟာ ကျင့်သုံးရမယ်။
ကျင့်သုံးရမယ့် သေနင်္ဂဗျူဟာက ပြောက်ကျားစစ်ရေး၊ ခံစစ်ရှင်စစ်ရေးဆိုတာ ခံစစ်အတွင်းမှာ ထိုးစစ်ကို အဆက်မပြတ်ဆင် နွှဲဖို့ဖြစ်တယ်။ အဲဒီလို ကျွန်တော်တို့ သဘောပေါက်လာတယ်။ ဒါက စစ်ရေးအရမြင်လာတဲ့ အမြင်ဖြစ်တယ်။ ကျွန်တော်တို့ အင်အားက လျော့သွားပြီး ရန်သူအင်အားကကြီးနေတယ်။ ရန်သူက ထိုးစစ်၊ ကျွန်တော်တို့က ခံစစ်၊ ဒီလိုဖြစ်နေတယ်။ အ ခြေအနေက အဲဒီလိုဖြစ်တယ်။ ဒီတော့ကျွန်တော်တို့ ခံစစ်ရှင်စစ်ရေးဆင်နွှဲဘို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်တော်တို့ ယုံကြည် တာက ဘုံရန်သူကို ဆန့်ကျင်နေတဲ့ အင်အားစုတွေဟာ ပူးပေါင်းတိုက်ခိုက်ရမယ်ဆိုတဲ့ တော်လှန်ရေးဘသောတရားတရပ် ကို မြင်လာပြန်တယ်။
အဲဒီအမြင်အရ ဖြစ်ရှိနေတဲ့အခြေအနေကို သုံးသပ်လိုက်ရင် ကျွန်တော်တို့ ကရင်တော်လှန်ရေး အင်အားစုတွေဟာ ဒီနေ့ အလံနီ၊ ဗကပ၊ ပြည်သူ့ရဲဘော်တို့နဲ့ တိုက်နေတာ မမှန်ဘူး။ ဒီအဖွဲ့အစည်းတွေနဲ့ အတိုက်အခိုက်ရပ်စဲပြီးတော့ ဖြစ်နိုင်မယ့်အ ခြေအနေကစပြီး သူတို့နဲ့ပူးတွဲပြီးတော့ နိုင်ငံရေး၊ စစ်ရေးအရ ဘုံရန်သူကို ပူးတွဲပြီးတိုက်ရမယ်ဆိုတာ ကျနော်တို့မြင်လာ တယ်။ နောက်တချက်က ကျွန်တော်တို့ကလည်း ဒီကျဉ်းးမြောင်းတဲ့ အမျိုးသားရေးဝါဒကို ခံယူထားတယ်။ ဆိုလိုရင်းက (ဗ မာဆိုရင် အသေအလဲမုန်းတယ်၊ ဘယ်ဗမာမှ မကောင်းဘူး) ဆိုပြီး ကျွန်တော်တို့က သဘောထားတယ်။ ဒီကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒကို ခံယူထားတယ်။
ဒါပေမယ့် တော်လှန်ရေးမှာ ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒဟာ တော်လှန်ရေးကို အကျိုးမပြုတဲ့အပြင် တော်လှန်ရေးကို ပျက်စေတယ်။ ဒီတော့ ဘယ်သဘောတရားကိုခံယူမလဲဆိုတော့ လူမျိုးစုံသွေးစည်းချစ်ကြည်ရေး သဘောတရားကို ပျက်စေ တယ်။ ဒီတော့ ဘယ်သဘောတရားကို ခံယူမလဲဆိုတော့ လူမျိုးစုံသွေးစည်းချစ်ကြည်ရေး သဘောတရားကို ခံယူမယ်၊ ဒီလို မျိုးစုံ သွေးစည်းချစ်ကြည်ရေးဆိုတာက ကိုယ့်အမျိုးသားကိုချစ်သလို တပါးအမျိုးသားကို မေတ္တာမပျက်ရဘူး။ နောက်တ ချက်က လူမျိုးတိုင်းလွတ်လပ်မှု၊ တန်းတူမှုရှိရမယ်ဆိုတဲ့ အမျိုးသားရေးဝါဒကို ခံယူရမယ်။
ဒီတော့ ကျွန်တော်တို့ ဗမာကိုဆန့်ကျင်တိုက်ခိုက်နေတာမမှန်ဘူး။ ကျွန်တော်တို့ တိုက်ခိုက်ရမှာက ဘယ်သူလဲ၊ ကျွန်တော် တို့ တိုက်ခိုက်နေတာ ဖဆပလ အစိုးရ။ ဒါဗမာတွေဘဲ၊ ဒါပေမယ့်လို့ ဖဆပလအစိုးရက ဘာလုပ်လဲဆိုရင် ဗမာအလုပ်သမား၊ လယ်သမားတွေကို တိုက်ခိုက်နေတယ်ဆိုတော့ ဒီဗမာတွေဟာ ကျွန်တို့နှင့် ဘ၀တူတွေ ဖြစ်နေတယ်။ အဲဒီတော့ လူမျိုးစုံ သွေးစည်းချစ်ကြည်ရေးဝါဒဆိုတာ ဗမာအလုပ်သမား၊ လယ်သမားတွေနဲ့လဲ ရင်းရင်းနှီးနှီး ပူးပေါင်းပြီးတော့ တိုက်ပွဲဝင်ရမယ် ဆိုတာ သိမြင်လာတယ်။
ကျွန်တော်တို့ မြင်လာတဲ့အပေါ်မှာ အခြေခံပြီး နောက်ဆုံး ကျွန်တော်တို့ ဘယ်လိုနိဂုံးချုပ်လဲဆိုရင် ကရင့်တော်လှန်ရေးဟာ အမျိုးသားလွတ်မြောက်ရေး တော်လှန်ရေးဖြစ်တယ်။ ကရင်တော်လှန်ရေးဟာ အဖိနှိပ်ခံဘ၀လွတ်မြောက်ဖို့ တော်လှန်တာ ဖြစ်တော့ ကရင်တွေဖိနှိပ်ခံရတာ ဘယ်လိုကြောင့်ဖြစ်လဲဆိုရင် နယ်ချဲ့စနစ်၊ ပဒေသရာဇ်စနစ်၊ မဟာလူမျိုးကြီးဝါဒကြောင့် ဖြစ်တယ်။ ဒီစနစ်ကို တိုက်ဖျက်ရမယ်။ ဒီစနစ်တွေမရှိရင် ကရင်လွတ်မြောက်ရေးရမယ်ဆိုတာ မြင်လာတယ်။
ဖဆပလအစိုးရကို ကျွန်တော်တခါပြန်ပြီး သုံးသပ်လိုက်တဲ့အခါ ဒီဖဆပလအစိုးရဟာ နယ်ချဲ့စနစ်၊ မြေရှင်ပဒေသရာဇ်စနစ်၊ မဟာလူမျိုးကြီးဝါဒကို ကိုယ်စားပြုနေတဲ့ အစိုးရဖြစ်တယ်။ ဒီတော့ ကျွန်တော်တို့တိုက်ရမှာ၊ ကျွန်တော်တို့ရဲ့ အဓိက တိုက် ကွင်းဟာ ဖဆပလအစိုးဖြစ်တယ်။ ကရင်တွေ ကျွန်ပြုခံရတာက နယ်ချဲ့စနစ်၊ မြေရှင်ပဒေသရာဇ်စနစ်နဲ့ မဟာလူမျိုးကြီး ၀ါဒ ကြောင့်ဖြစ်တယ်။
ဒီအတွက်ကြောင့် ဒီစနစ်တွေဟာ ကရင့်တော်လှန်ရေးရဲ့ အဓိကရန်သူဖြစ်တယ်လို့ ကျွန်တော်တို့မြင်လာတယ်။ အဲဒီလို မြင် လာတော့ ရန်သူတွေဖြစ်တဲ့ နယ်ချဲ့ပဒေသရာဇ်ဆန့်ကျင်ရေးလုပ်ငန်းတွေ လုပ်ရမယ်။ နောက်တခါ မဟာလူမျိုးကြီး ၀ါဒဆန့် ကျင်တဲ့ လုပ်ငန်းတွေလုပ်ရမယ်။ ဒါကရင့်တော်လှန်ရေးဖြစ်တယ်။ အဲဒီလိုအစီအစဉ်ရှိတယ်။ အဲဒီအပေါ်မှာ လုပ်ငန်းတွေကို ချမှတ်ရမှာ ဖြစ်တယ်။
နယ်ချဲ့စနစ်ဆန့်ကျင်ဖို့ဟာ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အရတိုက်ယူရမယ်။ ဒါကဘာလဲဆိုရင် အချုပ်အခြာအာဏာပိုင်ဆိုင်တဲ့ ကရင်ပြည်ကိုထူထောင်ရမယ်။ အချုပ်အခြာအာဏာပိုင်ဆိုင်တဲ့ ကရင်ပြည်ဆိုတာ ကရင်တမျိုးသားလုံးမှ တိုင်းပြည်အုပ်ချုပ် ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အခွင့်အာဏာတွေရှိတဲ့ ကရင်ပြည်ကို အရတိုက်ယူရမယ်။ ဒါကို ကျွန်တော်တို့ မြင်လာ တယ်။ အရင်တုန်းက ဒီလိုမဟုတ်ဘူး၊ လုပ်ငန်းပိုင်းဆိုင်ရာမှာ ကရင်ပြည်ကို အရင်ယူရမယ်။
နောက်တချက် ကျွန်တော်တို့ပြန်ကြည့်တော့ အရင်တုန်းက ကျွန်တော်တို့ သီးခြားပြည်နယ်တောင်းထာတယ်။ ကျွန်တော်တို့ ဟာ ဗမာပြည်ရဲ့လူ့အဖွဲ့အစည်းထဲမှာ ဖြစ်ပေါ်နေတဲ့ လူမျိုးတမျိုးဖြစ်တယ်။ ဗမာပြည်နဲ့ ကရင်ဘ၀ဖြစ်ပေါ်မှုဟာ အပြန်အ လှန် ဆက်စပ်မှီခိုနေတယ်။ ဒီတော့ ဗမာပြည်မှာ ဖြစ်ပေါ်နေတဲ့ လူမျိုးရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ လူမှုရေး၊ အပြန်အလှန် ဖြစ်ပေါ်အကျိုးပြုနေတယ်။
ဒီအတွက်ကြောင့် ကရင်သီးခြားပြည်နယ်ဆိုရင် တိုးတက်မှုမရှိဘူး။ ပတ်ဝန်းကျင်မှာလည်း အင်အားကြီးနိုင်ငံတွေက ကြီးပွား နေတယ်။ အင်အားကလဲမရှိဘူး။ ဒီတော့ဘာဖြစ်ရမလဲ၊ ကျွန်တော်တို့ ဗမာပြည်က ခွဲထွက်ဖို့မလွယ်ဘူး။ ခွဲထွက်ခြင်းဟာ သိပ်ပြီးတော့ အကျိုးမရှိဘူး။ ပူးပေါင်းနေခြင်းက တိုးတက်မှုရှိတယ်။ အဲဒါ လူမျိုးရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုအရ ဖြစ်တယ်။ ဒီအတွက်ကြောင့် ကျွန်တော်တို့ဟာ ကရင်ပြည်ကို အရယူရမယ်။ ဘယ်လိုပြည်နယ်လဲ။ အခုနက အုပ်ချုပ်ခွင့်၊ တရားစီရင်ပိုင်ခွင့်ရှိတဲ့ ကရင်ပြည်ကို ကျွန်တော်တို့ယူမယ်၊ ယူပြီးတော့ ဗမာပြည်နဲ့ပေါင်းမယ်။
ပေါင်းတယ်ဆိုတာ ဘာဖြစ်လဲ။ ကျွန်တော်တို့ ဒီလို ဗမာပြည်နဲ့ပေါင်းလိုက်ရင် ကရင်ပြည်ဟာ သီးခြားပြည်နယ်မဟုတ်ဘဲနဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး ပြည်နယ်ဖြစ်သွားပြီး။ ဖြစ်ပြီးဆိုတော့ ကျွန်တော်တို့ တခါပြန်ကြည့်တာက လူမျိုးရေးအခွင့်အရေး အာ မခံချက်ရှိရမယ်။ ဒီအာမခံချက်က ဘာလဲ၊ ပြည်ပေါင်းစည်းရေးမှာ ပြည်ထောင်စုအစိုးရမကောင်းရင် ခွဲထွက်ပိုင်ခွင့်ရှိရမယ်။ ကိုယ့်ဟာကိုယ် သီးခြားထေင်ပိုင်ခွင့်ရှိရမယ်။ ဒီတော့ ကျွန်တော်တို့ဘာလုပ်ရမလဲ၊ ဆန္ဒအရပူးပေါင်းတယ်။ ခွဲထွက်လိုက ခွဲ ထွက်ပိုင်ခွင့်ရှိတဲ့ ကရင်ပြည်တည်ဆောက်ရေး၊ နောက်ပြီးတော့ ပြည်နယ်ပေါင်းစု၊ ပြည်ထေင်ပေါင်းစုသမတနိုင်ငံ၊ ဖက်ဒ ရယ်ပြည်ထေင်စုတည်ဆောက်ရေးကို ကျင့်သုံးရမယ်ဆိုပြီးတော့ ကျွန်တော်တို့မြင်လာတယ်။
ဒါလဲမှန်တယ်။ တဖက်က ဆန္ဒအရပူးပေါင်းရေး၊ ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့်ရှိရေးဆိုတဲ့ အာမာခံချက်ရှိရမယ်။ ပူးပေါင်းတဲ့ နေရာမှာ မျက်စိမှိတ်ပူးပေါင်းပြီးတော့ ကျွန်ပြုခံရတာမျိုးတော့ မလိုချင်ဘူး။ တန်းတူမှုနဲ့ ဆန္ဒအရပူးပေါင်းရေးကို ကျွန်တော် တို့လိုချင်တယ်။ ကရင်အမျိုးသားရေးနဲ့ပတ်သက်ပြီးတော့ ဆန္ဒအရပူးပေါင်းတယ်။ ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့်ရှိတဲ့ ပြည် နယ်ပေါင်းစု၊ ပြည်ထောင်စုသမတနိုင်ငံတည်ဆောက်ရေး၊ ကိုယ်ပိုင်အုပ်ချုပ်ရေးရှိတဲ့ ကရင်ပြည်နယ်ဆိုတာကို လက်ခံထား တယ်။ အဲဒါတချက်တွေ့လာတယ်။
နောက်တချက်ကတော့ ကျွန်တော်တို့ဟာ ဒီမိုကရေစီအုပ်ချုပ်ရေးကိုလဲ လုပ်ရမယ်။ ဒီမိုကရေစီ အုပ်ချုပ်ရေးဆိုတာက လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာစည်းရုံးပိုင်ခွင့်၊ လွတ်လပ်စွာရေးသားပိုင်ခွင့်၊ လွတ်လပ်စွာ ဖွဲ့စည်းပိုင်ခွင့်၊ လူထုဆန္ဒ အရ ရွေးကောက်ပွဲတင်မြှောက်တဲ့ အစိုးရဖွဲ့စည်းရေး၊ တနည်းဆိုရရင်တော့ ဒီမိုကရေစီအစိုးရကို တည်ဆောက်ရမယ်။ အဲဒီ အမျိုးသားဒီမိုကရေစီအစိုးရဆိုတာဘာလဲ။ ကျွန်တော်တို့ဘ၀ လွတ်မြောက်ရေးနဲ့ကိုက်ညီတဲ့ အလုပ်သမား၊ လယ်သမား၊ ဓ နရှင်ပေါက်စ၊ အမျိုးသားဓနရှင်စတဲ့ လူတန်းစား ၄ရပ်ကို ကိုယ်စားပြုတဲ့အစိုးရမျိုး ကျွန်တော်တို့ ဖွဲ့စည်းရမယ်။
ကျွန်တော်တို့တော်လှန်ရေးဟာ အစိုးရဖွဲ့စည်းခြင်းအားဖြင့် ဆိုရှယ်လစ်တော်လှန်ရေးလဲမဟုတ်ဘူး။ ကျွန်ပြုတဲ့စနစ်လဲ မဟုတ်ဘူး။ ကျွန်တော်တို့ဟာ ဘ၀တိုးတက်ဖြစ်ပေါ်ရေး နယ်ချဲ့ပဒေသရာဇ်ကျင်းပရေး အခြေခံဖြစ်တဲ့အတွက်ကြောင့်အ ရင်းရှင်စနစ်ကလဲ ကျွန်တော်တို့အတွင်းမှာ ရှိရအုံးမယ်။ နောက်တချက်က ဆိုရှယ်လစ်သဘောမျိုးပဲ ကျနော်တို့အတွင်းမှာရှိ နေပြီး၊ ဒီနှစ်ခုပေါင်းစပ်ထားတဲ့ စနစ်၊ အမျိုးသားဒီမိုကရေစီစနစ်၊ အမျိုးသားဒီမိုကရေစီအစိုးရကို ကျွန်တော်တို့ တည် ဆောက်ရမယ်။
အစိုးရဟာ အခုနကပြောတဲ့ အလုပ်သမား၊ လယ်သမား၊ ဓနရှင်ပေါက်စ၊ အမျိုးသားဓနရှင် အကျိုးစီးပွားကို ကိုယ်စားပြုတဲ့ အမျိုးသားအစိုးရဖြစ်မယ်။ ကရင့်အခြေအနေကို ကြည့်ရင် ဒါအကိုက်ညီဆုံးဖြစ်တယ်။ ကရင်ထဲမှာ ကျွန်တော်တို့ပြန်ကြည့် ရင် တကယ်ကျတော့ အလုပ်သမားနဲ့ လယ်သမားပဲရှိတယ်။ နောက်ပြီးတော့ ဒီနေရှင်ပေါက်စဆိုတာ ခေတ်ပညာတတ်တွေ ပဲ။ ကုန်သည်ပွဲစားဆိုတာ အင်မတန်နည်းတယ်။
ဓနရှင်လူတန်းစားပီပီလဲ ကျွန်တော်တို့ထဲမှာမရှိဘူး။ အဲဒီတော့ ကျွန်တော်တို့အခြေအနေက အင်မတန်နိမ့်ကျနေတယ်။ စီး ပွားရေးအခြေအနေကလဲ အင်မတန်ခေတ်နော်ကျနေတော့ အမျိုးသားဒီမိုကရေစီနဲ့ အမျိုးသားဒီမိုကရေစီအစိုးရ ဖွဲ့စည်းဖို့ဆို တာ အသင့်တော်ဆုံး၊ ဗမာပြည်အခြေအနေပြန်ကြည့်ရင်လည်း ဒီအတိုင်းပဲ ဖြစ်တယ်။ အဲဒီတော့ ဒါအမျိုးသား ဒီမိုကရေစီ အစိုးရ တည်ဆောက်ရေးအာမခံချက်၊ နိုင်ငံရေးအရ တော်လှန်ရေးတိုက်ပွဲဝင်နေတဲ့ ကရင်အမျိုးသားတွေအတွက် ဒါနိုင်ငံ ရေး အာမခံချက်၊ လူမျိုးရေးအာမခံချက်ကျတော့ ခုနက ပြောတဲ့ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ပိုင်ခွင့် အပြည့်အ၀ ရှိတဲ့ ကရင်ပြည်နယ်၊ နောက်ပြီးတော့ ပြည်နယ်ပေါင်းစုဆန္ဒအရ၊ ကျွန်တော်တို့ ပူးပေါင်းပြီး ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့်ရှိတဲ့ ပြည်နယ်ပေါင်းစုပြည်ထောင်စု သမတနိုင်ငံတော်တည်ဆောင်ရေး၊ ဒါကရင်အမျိုးသားတွေရဲ့ အမျိုးသားရေးအာမခံချက်၊ ခုန အမျိုးသားဒီမိုကရေစီ အစိုးရဆိုတာက နိုင်ငံရေးအာမခံချက်၊ ဒါနဲ့ မရသေးဘူး၊ နိုင်ငံရေးအရ လွတ်လပ်ရမယ်။ အမျိုး သားရေးအရ လွတ်လပ်ရမယ်။ စီးပွားရေးအရပြန်ကြည့်ရင် ဒီအပိုင်းဟာ အဓိက သော့ချက်ပြဿနာပဲ။ ကရင်တွေဆင်းရဲမွဲ ပြာကျဖြစ်နေတာက စီးပွားရေးအရပ်ကြောင့်ဖြစ်တယ်။ စီးပွားရေးဟာ ဘယ်လိုကြောင့်မွဲလာတာလဲ၊ ကုန်ထုတ်လုပ်ငန်းတွေ မှာ ဖိနှိပ်မှုနဲ့၊ သွေးစုပ်အမြတ်ထုတ်မှုရှိနေလို့ မွဲပြာကျနေတာ။ အဲဒီဖိနှိပ်မှုနဲ့ သွေးစုပ်အမြတ်ထုတ်မှုတွေကို ဆန့်ကျင်တိုက် ပစ်ရမယ်။ နောက်ပြီးတော့ တိုးတက်ရေးအတွက် ကျွန်တော်တို့က အင်မတန်ခေတ်နောက်ကျတဲ့ တိုင်းပြည်တပြည်ဖြစ် တယ်။ ခေတ်နောက်ကျတဲ့ လူမျိုးဖြစ်တယ်။
ခေတ်မှီတိုးတက်ဖို့ ဘာလုပ်ရမလဲ။ စက်မှုလက်မှုလုပ်ငန်း၊ စက်မှုအတတ်ပညာ၊ သိပ္ပံပညာတိုးတက်တဲ့ လူမျိုးတမျိုးဖြစ်ရ မယ်။ စီးပွားရေးနဲ့ပတ်သက်လာရင် အဲဒီလိုကျနော်တို့က လုပ်ရမှာဖြစ်တယ်။ နောက်တချက်က ကရင်အမျိုးသားတွေကို ပြန် ကြည့်ရင် ကရင်အမျိုးသားတွေရဲ့အခြေခံ စီးပွားရေးဟာ လယ်ယာပဲ။ ကရင်တွေခံနေရတဲ့ ဒီလယ်ယာစနစ်က ဘယ်လိုဖြစ် နေလဲဆိုတော့ အမြတ်ထုတ်ခံနေရတဲ့အတွက်ကြောင့် ကရင်ဟာ တိုးတက်မှုကို မရန်နိုင်ဘူး။ မရနိုင်တဲ့အတွက်ကြောင့် ကျွန်တော်တို့ ဘာလုပ်ရမလဲ။ မြေရှင်ပဒေသရာဇ်စနစ်ကို တိုက်ဖျက်ရမယ်။
လယ်ယာမြေလုပ်ငန်းမှာ မြေရှင်ပဒေသရာဇ်စနစ်ကို တိုက်ဖျက်ပြီးတော့ လယ်လုပ်သူတိုင်း လယ်ပိုင်းရေး၊ မိမိခွန်အားရှိ သလို ထုတ်လုပ်မှုနှင့် အခွင့်အရေးခံစားမှုရရှိမယ်။ နောက်ပြီးတော့ တောင်သူလယ်သမားဘ၀ တိုးတက်ရေးနဲ့ လယ်သမား လုပ်ငန်းတိုးတက်ရေးကို ဆောင်ရွက်ပေးရမယ်။ အဲဒါဆိုရင် ကိုက်ညီတယ်။ ကရင်တွေဟာ ကိုယ့်ဟာကိုယ်စိုက်ပျိုးနိုင်မယ်၊ ကိုယ်လုပ်သလို အခွင့်အရေးရမယ်ဆိုရင် စီးပွားရေးအရတိုးတက်ဖြစ်ပေါ်လာပြီး ဘ၀သာယာလာမယ်။
ဒီတော့ ကျွန်တော်တို့ ကရင့်တော်လှန်ရေးမှာ စီးပွားရေးကဏနဲ့ပတ်သက်လာရင် မြေယာပြုပြင်ရေးလုပ်ငန်း၊ မြေယာတော် လှန်ရေးလုပ်ငန်းကို ကျွန်တော်တို့လုပ်ရမှာဖြစ်တယ်။ အဲဒီမြေယာ တော်လှန်ရေးကတော့ လယ်လုပ်သူ လယ်ပိုင်ရေး၊ ကရင်တွေမှာ လယ်မရှိတော့ဘူး။ မြေရှင်ပဒေသရာဇ် သိမ်းယူထားတဲ့အတွက်ကြောင့် ကရင်တွေဟာ မွဲပြာကျဖြစ်နေတယ်။
ဥပမာ လယ်လုပ်သူ ကရင်ရာခိုင်နှုန်းတရာမှာ ၇၅ရာခိုင်နှုန်းဟာ မြေယာမဲ့လယ်သမားတွေဖြစ်နေတယ်။ အဲဒီတော့ ကရင် တွေဘယ်လိုတိုးတက်နိုင်မလဲ။ ကရင်တွေဟာ မြေယာပိုင်ဆိုင်မှုနဲ့ မိမိတို့ခွန်အားရှိသလို ထုတ်လုပ်ပိုင်ခွင့်ရှိရမယ်။ အဲဒီလို မြေယာစနစ်ကို ပြုပြင်တာနဲ့ တဆက်တည်းမှာ ကျွန်တော်တို့က စက်မှုလုပ်ငန်းတိုးတက်ဖြစ်ပေါ်လာအောင် တစတစလုပ်ရ မယ်၊ ထူထောင်ရမယ်။
အမျိုးသားစက်မှုလုပ်ငန်း တစတစဖြစ်ပေါ်လာအောင်လုပ်ရမယ်။ အဲဒီလိုတိုးတက်ဖြစ်ပေါ်လာအောင်လုပ်ဖို့ ကျွန်တော်တို့မှာ ဘာအတတ်ပညာမှလည်း မတတ်သေးဘူး။ ငွေအရင်းအနှီးလည်းမရှိသေးဘူး။ ကျနော်တို့က တိုးတက်တဲ့ နိုင်ငံရေးတွေနဲ့ ကျနော်တို့ဆက်ဆံရမယ်။ အဲဒီမှာအပြန်အလှန်တန်းတူရေးဖြစ်တဲ့ အပြန်အလှန်အကျိုးပြုရေးအပေါ်မှာ အခြေခံပြီးတော့ အဲဒီ တိုင်းပြည်တွေနဲ့ ဆက်ဆံရမယ်၊ ပြီးတော့အတတ်ပညာယူရမယ်။ သူတို့ဆီက ငွေအရင်းအနှီးယူရမယ်။
ကျွန်တော်တို့က သူတို့လိုအပ်တဲ့ ကုန်ကြမ်းတွေကို ထုတ်လုပ်ပေးရမယ်။ နောက်စစ်မှုလုပ်ငန်း တည်ထောင်ပြီး ကုန်ကြမ်းပစ္စည်း တွေထုတ်လုပ်မယ်။ စီးပွားရေးလုပ်ငန်းမှာ ကျနော်အဲဒီလိုလုပ်မှ ဖြစ်မယ်လို့မြင်တယ်။ နောက်ပြီးတော့ လည်း ကရင်တွေက ဘာသာရေးအယူအဆလဲရှိတယ်။ တဘက်က ကွန်မြူနစ်ဝါဒဆိုတာ ကြီးထွားလာတာနဲ့ ဘာသာမ ရှိဘူးဆိုတော့ ကရင်တွေက သိပ်မကြိုက်ဘူး။ ဒီတော့အာမခံချက်ရှိရမယ်။ ဖဆပလကလဲ ဘာသာရေးခုတုံးလုပ်တယ်။ ဥပ မာဆိုရင် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာလုပ်ပြီး အခြားခရစ်ယာန်နဲ့ မူစလင်တို့ကို ဖိနှိပ်တယ်။ အဲဒီတော့ မဖြစ်ဘူး။ ဘာသာရေးအရ လွတ်လပ်ခွင့်ရှိရမယ်။ ဘာသာတိုင်းလွတ်လပ်ရမယ်။
လွတ်လပ်စွာစည်းရုံးပိုင်ခွင့်ရှိရမယ်။ ကိုးကွယ်ပိုင်ခွင့်ရှိရမယ်။ နောက်တချက်က ကျွန်တော်တို့မှာ ကရင်အမျိုးသား ဘ၀တည်တံ့ရေးနှင့် ဘ၀တိုးတက်ဖြစ်ပေါ်ရေးကို လုပ်ဖို့ဟာ ကရင်အမျိုးသားလုံခြုံရေးရှိရမယ်။ ကရင့်လက်နက်ကိုင် တပ်ဖွဲ့ ရှိရမယ်။ လက်နက်ကိုင်တပ်ဖွဲ့ ဘာကြောင့်ရှိရမလဲဆိုရင် အမျိုးသားအကျိုးကို ကိုယ်စားပြုတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ရ မယ်။ ကရင်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဖွဲ့ရမယ်။ အဲဒါကို ကျွန်တော်မြင်လာတယ်။
နောက်နိုင်ငံခြားဆက်ဆံရေးနှင့်ပတ်သက်ပြီး ဘာဖြစ်လဲဆိုတော့ ဘက်မလိုက်၊ ကြားနေတို့ဆိုတာဖြစ်လာတယ်။ အင်အား ကြီးနိုင်ငံတွေရဲ့ ကြီးစိုးဗိုလ်ကျရေးကို ဆန့်ကျင်မှာဖြစ်တဲ့အတွက်ကြောင့် နောက်ဆုံးနိုင်ငံခြားရေးနှင့်ပတ်သက်ပြီး ကိုယ့် တိုင်းပြည်ရဲ့ အာချုပ်အခြာအာဏာပိုင်မှုကို ထိန်းသိမ်းပြီး စနစ်ချင်းမတူတဲ့နိုင်ငံများ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး နိုင်ငံခြားရေးဝါဒကို ကျင့်သုံးရမယ်။ အဲဒီလို ကျွန်တော်မြင်တယ်။
အဲဒီလိုမြင်လာတော့ ဟံသာတာမွေးက ကျွန်တော့်ကို ရေးဆွဲဖို့တာဝန်ပေးတယ်။ ကျွန်တော်က အဲဒီအတွေးအခေါ်၊ ခံယူ ချက်တွေနဲ့ ကရင့်တော်လှန်ရေးက ကျင့်သုံးရမယ့်စနစ် အမျိုးသားဒီမိုကရေစီစနစ်ဖြစ်တယ်။ အတွေးခေါ်မှာ (ဖိနှိပ်မှု၊ သွေးစုတ်မှုကို ပြတ်ပြတ်သားသားဆန့်ကျင်တဲ့အတွေးခေါ်)ရှိရမယ်။
တကယ်ကျတော့ ကျွန်တော့အတွေးအခေါ်ဟာ မက္ခ်(စ်)၊ လီနင်၊ မော်စီတုန်းတို့ရဲ့ သဘောတရားရေးရာကနေ ဖြစ်ပေါ်လာ တဲ့ အတွေးအခေါ်ဖြစ်တယ်။ ကျွန်တော် ဒီသဘောတရားရေးတွေကို အကုန်လက်မခံဘူး၊ ကရင့်တော်လှန်ရေးနှင့် ကိုက်ညီတဲ့ သဘောတရားတွေကို လက်ခံတယ်။ မကိုက်ညီတာတွေကိုတော့ လက်မခံဘူး။ ကျွန်တော်တို့အတွက် မကိုက် ညီတာနဲ့ ကျွန်တော်တို့လက်မခံဘူး၊ ဘာလဲဆိုရင်မက္ခ်(စ်)၀ါဒမှာ ရေသောက်မြစ်သုံးသွယ်ရှိတယ်။
အဲဒီရောက်သောက်မြစ် သုံးသွယ်ထဲမှာ အဘိဓမ္မာရေးရုပ်ဝါဒ၊ အနုပဋိလောမရုပ်ဝါဒ၊ ရာဇ၀င်ရေးရုပ်ဝါဒ၊ အဲဒါတွေကို ကျွန် တော်လေ့လာတယ်။ လေ့လာလိုက်တဲ့အခါ ဒီအနုပဋိလောမရုပ်ဝါဒတို့၊ ရာဇ၀င်ရေးရုပ်ဝါဒတို့ဆိုတာ တော်လှန်ရေးအတွက် အတော်တန်ဖိုးရှိတယ်။ တော်လှန်ရေးအတွက် ဘယ်လိုတိုက်ရမလဲဆိုတဲ့ နည်းတွေရလာတယ်။ ဒါပေမယ့် အဘီဓမ္မာခန်းမှာ မက္ခက်(စ်)၀ါဒကတော့ ဘုရားမရှိဘူး၊ ဖန်ဆင်းတာမရှိဘူး၊ အဲဒီလိုဆိုတော့ ကျွန်တော်လက်မခံဘူး၊ ကျွန်တော်ကိုယ်တိုင်က ဘုရားကို ယုံကြည်တယ်။
ဒါကအတိအကျဘဲ၊ နောက်တချက်က ကျွန်တော်ကိုယ်တိုင်ယုံကြည်သလို ကျွန်တော်တို့ ကရင်အမျိုးသားတွေကလည်း ဘာသာရေးအထူးယုံကြည်တယ်။ ဘုရားမရှိဘူးဆိုတာ အတိအကျပြောလို့မရဘူး၊ တနေ့မှာတော့ ဘုရားမရှိဘူး၊ ရှိတယ်ဆို တာ အဖြေထွက်လာမယ်။ တကယ်လို့ကမ္ဘာကြီးက သိပ်ပြီးတော့ တိုးတက်ဖြစ်ပေါ်လာရင် ကျွန်တော်တို့ ဘုရားရှိလား၊ မရှိ ဘူးလားဆိုတာ သိလာရမယ်။ ကျွန်တော့ အတွေးအခေါ်ရှိတယ်။ ဒါက မက္ခ်(စ်)၀ါဒမှာ ရုပ်ဝါဒအဘိဓမ္မာကိုတော့ ကျွန်တော် လက်မခံဘူး၊ အနုပဋိလောမရုပ်ဝါဒကို လက်ခံတယ်။
လူ့ဘ၀ဖြစ်စဉ်၌ အနုပဋိလောမရုပ်ဝါဒကတော့ အင်မတန်ကောင်းတယ်။ ဒါကမှန်ကန်တဲ့ သမိုင်းရေးဖြစ်တယ်။ ကမ္ဘာ့လူ့အဖွဲ့ အစည်းဖြစ်ပေါ်မှု၊ အဲဒါကို ကျွန်တော်တို့လက်ခံတယ်။ ကျွန်တော်တို့ ချမှတ်တာ ကျွန်တော်တို့ စိတ်ထဲမှာ ဖြစ် ပေါ်လာတဲ့ ဖြစ် ပေါ်ချက်တွေကတော့ အတော်လက်ဝဲ၀ါဒကျတယ်။
ကွန်မြူနစ်သဘောတရားရေးက ရရှိလာတဲ့ အတွေးအခေါ်လုပ်ငန်းတွေ၊ ခံယူချက်တွေဖြစ်တယ်။ ဒါပေမယ့် ကျွန်တော်ခုနက ပြောသလို ဒီရုပ်ဝါဒ အဘိဓမ္မကိုတော့ လက်မခံဘူး။ ကျွန်တော်အဲဒါကို ရေးဆွဲတယ်၊ ခုနကပြောသလို နယ်ချဲ့ပဒေသရာဇ် စနစ်၊ မဟာလူမျိုးကြီးဝါဒကို ဆန့်ကျင်ရမယ်။ ဖဆပလအစိုးရက အဲဒီနယ်ချဲ့စနစ်၊ ပဒေသရာဇ်စနစ်၊ မဟာလူမျိုးကြီးဝါဒကို ကိုယ်စားပြုတဲ့အစိုးရဖြစ်တယ်။ ဒါအပြတ်တိုက်ဖျက်ရမယ်။
နောက်ပြီးတော့ အမျိုးသားဒီမိုကရေစီ အစိုးရတည်ဆောက်ရမယ်။ ဒါမှ နိုင်ငံရေးအရ ကရင်တွေ လွတ်လပ်ရေးရမယ်၊ ပြီး တော့ ကရင်ပြည်ဆိုတဲ့ သီးခြားပြည်နယ်ဆိုတာကတော့ အခုလက်ရှိအခြေအနေမှာ မကိုက်ညီဘူး။ ကရင့် လူ့အဖွဲ့အစည်း ကလဲ ဗမာပြည်လူ့အဖွဲ့အစည်းအတွင်းမှာ ဖြစ်ပေါ်နေပြီး အပြန်အလှန်ကြိုးဖြစ်ပေါ်နေတဲ့အတွက်ကြောင့် အဲဒါကို ကျွန် တော်တို့ ဗမာပြည်နဲ့ ပေါင်းစည်းဖွဲ့စည်းတဲ့ ပြည်ဖြစ်ရမယ်။ အဲဒီလို ပေါင်းစည်းရင်လဲ ကိုယ်ပိုင်အုပ်ချုပ်ရေးဖြစ်ရမယ်။
ကိုယ်ပိုင်အုပ်ချုပ်ရေးဆိုတာ ဗမာပြည်နဲ့ပေါင်းရင် ဖဆပလဖွဲ့တဲ့ ပြည်နယ်မျိုးမဟုတ်ဘဲနဲ့ ပြည်နယ်ပေါင်းစု ပြည်ထောင်ပေါင်း စု ဆန္ဒအရပူးပေါင်းတယ်။ ခွဲထွက်လိုက ခွဲထွက်လိုတဲ့ပြည်ထောင်စုဖွဲ့စည်းရေး၊ ကိုယ်ပိုင်အုပ်ချုပ်ရေးပြည်လို့ ခံယူတယ်။ ခုန ကျွန်တော့်ဦးနှောက်ထဲပေါ်လာတာတွေကို ရေးချတယ်။ ရေးချလိုက်တော့ ဘာတွေလဲဆိုရင် ကျင့်သုံးရမယ့်စနစ်က အမျိုးသားဒီမိုကရေစီစနစ်၊ ဆန့်ကျင်ရမှာက နယ်ချဲ့စနစ်၊ ပဒေသရာဇစနစ်၊ မဟာလူမျိုးကြီးဝါဒကို ဆန့်ကျင်ရမယ်။
စီးပွားရေးနဲ့ နိုင်ငံရေးအရဆိုရင် ခုနကျနော်ပြောသလို အမျိုးသားဒီမိုကရေစီအစိုးရဖွဲ့စည်းရေး၊ နောက်ပြည်ထောင်စု ဖွဲ့စည်း ရေးဖြစ်တယ်။ လူမျိုးရေးနဲ့ပတ်သက်လို့ အတွေးအခေါ်ဖြစ်ပေါ်လာတာတွေကို ရေးဆွဲချမှတ်ပြီး ကျင့်သုံးရမယ့်စနစ်၊ လမ်းစဉ် လုပ်ငန်းစဉ် ဒါတွေကိုရေးတယ်။ ဒါတွေကို ဘယ်လိုလို့ အကောင်ထည်ဖေါ်မလဲ၊ ဒါကပြဿနာဖြစ်တယ်။
ဒါကိုကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုရင် ခုနက သဘောတရားရေးတွေအရဆိုရင် နိုင်ငံရေးရှေ့ဆောင်ပါတီ တရပ်ရှိရ မယ်။ နောက်ပြီးတော့ ကျွန်တော်တို့စည်းရုံးထားတဲ့ လူထုတွေတရပ်လုံးကို ကျယ်ပြန့်စွာစည်းရုံးထားတဲ့ အမျိုးသား ဒီမိုက ရေစီတပ်ပေါင်းစုရှိရမယ်။ နောက်တချက်က ဒီတော်လှန်ရေးကို အကာကွယ်ပြုမဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရှိ ရမယ်။
ပါတီ တပ်ပေါင်းစု၊ တပ်မတော်ဖွဲ့စည်းပြီးတော့ ဆောင်ရွက်ရမယ်ဆိုတာ ဖြစ်ပါတယ်။ ဆိုလိုတာက ကျနော်တို့ ခုနလို စနစ်တို့၊ လမ်းစဉ်တို့ လုပ်ငန်စဉ်တို့ကချပြီးတော့ ဒီဟာတွေ အကောင်အတည်ဖေါ်ရေးအတွက် ခုနကပါတီဖွဲ့ဘို့၊ ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်ဖွဲ့ဘို့ဆိုပြီးတော့ ရေးဆွဲချမှတ်တယ်။ အဲဒါချမှတ်ပြီးတော့ ဟံသာတာမွေးကို ကျွန်တော်ပြော တယ်။ ဒီလိုလုပ်မယ်၊ ဒါပေမယ့် တခုတော့ရှိတယ်။ အင်မတန်ကြီးကျယ်တဲ့ လုပ်ငန်းဖြစ်တယ်။
ကျွန်တော်က ဒါကိုလုပ်နိုင်ပါ့မလား၊ စဉ်းစားရမှာဘဲ၊ ကျွန်တော်တို့ ကရင့်တော်လှန်ရေးကလဲ နိုင်ငံရေးအရ နုနယ်တယ်။ တော်လှန်ရေးအတွေ့အကြုံကလည်းနည်းတယ်။ အယူသီးမှုတွေကလဲရှိတယ်။ ဥပမာဆိုရင် ကျွန်တော်တို့ ဗမာမုန်းတီးရေး လမ်း စဉ်မှာပြထားတာက လူမျိုးစုံသွေးစည်းချစ်ကြည်ရေး၊ အဲ့ဒီတော့ တော်တော့်ကို ဂွကျတယ်။ လမ်းစဉ်ချမှတ်တာဘယ် ကရတဲ့ အတွေးအခေါ်သဘောတရားလဲဆိုရင် မက္ခ်(စ်)၀ါဒ၊ လီနင်ဝါဒ၊ မော်စီတုန်း သဘောတရားအရ ရရှိလာတဲ့ သဘော တရားလမ်းစဉ်နဲ့ လုပ်ငန်းစဉ်တို့ဖြစ်တယ်။ ဒါဆိုသူများက ကွန်မြူနစ်လို့ပြောမယ်။
ကွန်မြူနစ်လုပ်ငန်းတွေဆိုတော့ ကရင်လည်းကွန်မြူနစ်ကို သိပ်ကြောက်တယ်။ ကွန်မြူနစ်ဆိုရင် ဘုရားမရှိဘူးဆိုပြီးတော့ လန့်ဖြန့်တယ်။ အဲ့ဒီမှာ ကျွန်တော်တို့အကြပ်အတည်းတွေ့ရတယ်။ ဗမာနဲ့ကျွန်တော်တို့က ခင်ခင်မင်မင် ဆက်ဆံရမယ်ဆို တာကလဲ တော်တော့်ကိုလုပ်ရအုံးမယ်။ ကျွန်တော်တို့ ကရင်အမျိုးသားတွေကလဲ ကျဉ်းမြောင်းတဲ့ အမျိုးသားရေးစိတ်ရှိနေ တယ်။ လုပ်ငန်းအတွက် အများကြီးအခက်အခဲရှိတယ်။
ဒါပေမယ့်လို့တခုရှိတယ်။ ဒါလိုမှမလုပ်ရင်လဲ ကျွန်တော်တို့ ကရင်အမျိုးသားလွတ်မြောက်ရေး မရနိုင်ဘူး။ ဒီဟာက သိပ္ပံ နည်းကျတဲ့ လမ်းစဉ်တွေချမှတ်ထားတာဖြစ်တယ်။ သေချာတွေးခေါ်လေ့လာပြီး ချမှတ်ထားတာဖြစ်တယ်။ အဲဒီတော့ လုပ်ရ မှာပဲ။ အကြပ်အတည်းတော့ ရင်ဆိုင်ရမှာပဲ။ ဒါပေမယ့် ကျွန်တော်တို့ ဒီနေ့မလုပ်ရင် နောက်သူများ လုပ်လာလိမ့်မယ်။ ဒီ တော့ ဒါလုပ်ရမယ်။
ဟံသာတာမွေးက ကဲ-စမ်းကြည့်တာပေါ့၊ မဖြစ်ရင်လည်း မဖြစ်ဘူး၊ ဖြစ်ရင်လည်း ဖြစ်သလို ဆက်လုပ်မယ်။ ဒီလိုဆိုရင် ကောင်းပြီးဆိုပြီးတော့ ဒုတိယလမ်းစဉ်လို့ နာမည်ပေးလိုက်တယ်။
ကရင့်တော်လှန်ရေးလမ်းစဉ် (ဒုတိယလမ်းစဉ်)လို့ အမည်ပေးလိုက်တယ်။ ၁၉၄၉ခုနှစ်က လက်နက်ကိုင်တော်လှန်ရေးစ တော့ (ကရင်ပြည်ရရှိရေးနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး) လောက်သာ သိခဲ့ကြတယ်။ လမ်းစဉ်လုပ်ငန်းစဉ်တွေ တိတိ ကျကျချမှတ်ထားခြင်း မရှိဘူး။
နိုင်ငံရေးနဲ့ စစ်ရေးအရ ဘယ်လိုတိုက်မလဲ၊ နိုင်ငံတကာ ထောက်ခံအားပေးမှု ဘယ်လိုယူမလဲ၊ ဘုံရန်သူကို ဆန့်ကျင်ဖို့ ဘာ တွေလုပ်မလဲ၊ တော်လှန်ရေးတရပ်ရဲ့ရန်သူ၊ မိတ်ဆွေစတာတွေမရှိခဲ့လို့ အစီအစဉ်ရှိရှိ မတိုက်ခဲ့ကြလို့ အောင်ပွဲတွေလက် လွတ် ဆုံးရှုံးခဲ့ကြတယ်။
ဤသင်ခန်းစာကို အမိအရဆုပ်ကိုင်ပြီး ကရင်ပြည်ရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနှင့် ဒီမိုကရေစီလူ့အခွင့် အရေး အပြည့်အ၀ရရှိရေးအတွက် ဆက်လက်တိုက်ပွဲဝင်ကြပါရန် တိုက်တိုးအပ်ပါသည်။

No comments: