အပိုဒ်(၃)
တက္ကသိုလ်ကျောင်းတော်သားဘဝ
ဥက္ကဌကြီး မန်းဘဇန် ကျောင်းနေစဉ်က မြန်မာပြည်တွင် ကောလိပ်ကျောင်းသုံးကျောင်းရှိသည်။ မန္တလေးတွင်တစ်ကျောင်းရန်ကုန်တွင်နှစ်ကျောင်းရှိသည်။မန္တလေးကော်လိပ်သည်ဥပစာအတန်းထိသာရိ
ပြီး ဂျက်ဆင်ခေါ် ယုဒသန်ကော်လိပ်နှင့် ရန် ကုန်ယူနီဗာစတီကောလိပ်များတွင် ၀ိဇ္ဇာ၊ သိပ္ပံအတန်းအထိ ထားရှိသည်။
မန္တလေးကောလိပ်နှင့်ရန်ကုန်ယူနီဗာစတီကောလိပ်တို့သည်အစိုးရအထောက်အပံ့ခံကောလိပ်ကျောင်း
များဖြစ်ပြီး ဂျက် ဆင်ကောလိပ်သည် အမေရိကန်နှစ်ခြင်း ခရစ်ယာန်သာသနာပြု ကောလိပ်ဖြစ်သည်။ ဂျက်ဆင်ကောလိပ်၏ ပါမောက္ခ ပါမောက္ခနှင့် ကထိကများသည် အမေရိကန်အမျိုးသားများဖြစ်ပြီး ရန်ကုန်ယူနီးဗာစတီကောလိပ်နှင့် မန္တလေးကောလိပ်တွင် ပါမောက္ခနှင့် ကထိကများသည် အင်္ဂလိပ် ကုလားကပြားများဖြစ်ကြသည်။ဂျင်ဆင်ကောလိပ်တွင်ကျောင်းသားသုံးရာခန့်ရှိပြီးရန်ကုန်ယူနီဗာစတီ
ကောလိပ်တွင် တထောင်ကျော်ရှိသည်။
ယုဒသန်ကောလိပ်တွင် ပညာသင်ကြားသူများမှာ ခရိုင်များတွင် ဖွင့်လှစ်ထားသော အမေရိကန် သာသနာရေးအထက်တန်း ကျောင်းများမှ ဆယ်တန်းအောင် ကရင်ကျောင်းသားများ၊ မြန်မာခရစ်ယာန်ကျောင်းသားများ၊ပစ္စည်းအတော်အတန်ရှိသောမိဘမဲ့များ၏ သားသမီးများဖြစ်ကြသည်။
ရန်ကုန်ယူနီဗာစတီတွင်ပညာသင်ကြားနေသောကျောင်းသား၊ကျောင်းသူများမှာငွေကြေးချမ်းသာကြွယ်ဝသော မိဘများ ၏သား၊ သမီးများ၊ အရာရှိကြီးများ၏ သားသမီးများဖြစ်ကြသည်။ ယူနီဗာစတီ ကောလိပ်ကျောင်းသားများသည်မိမိတို့၏ လူ တန်းစားအနေအထားအရ ဂုဏ်ပကာသနများကိုလိုက်စား၊ မက်မောသူများဖြစ်သည်။
သို့သော် အစိုးရအုပ်ချုပ်ရေးဌာနများတွင် အရာရှိကြီးငယ်ရာထူးရှိသူများမှာ ကောလိပ်ကျောင်းများတွင် ၀ိဇ္ဇာသိပ္ပံဘွဲ့ရအရာရှိကြီးများ၏သားသမီးများ၊ငွေကြေးချမ်းသာကြွယ်ဝသူများ၏ သားသမီးများဖြစ်ကြသည်။
“ကျွန်ုပ်ကို ကျွန်ုပ်မိဘတွေက ယုဒသန်ကောလိပ်မှာ တက်ရောက်သင်ကြားစေတဲ့အကြောင်းက ဘာသာရေးကျောင်းလည်း ဖြစ်တယ်။ စားရိတ်အကုန်အကျလဲနည်းတဲ့အပြင် တက္ကသိုလ်အတွေ့အကြုံတွေရဘို့နဲ့ အကျင့်စာရိတ္တပျက်ပြားမှုနည်းပါးစေ ဘို့ဖြစ်ပါတယ်”ဟု ဖေါ်ပြသည်။
ယုဒသန်ကောလိပ်တွင် ပညာဆည်းပူးနေစဉ် ပညာရေးသာမက နိုင်ငံရေးနှင့်ပါ ထိတွေ့မှုရှိလာသည်။ မြန်မာနိုင်ငံရေးလော ကတွင် တက္ကသိုလ်ကျောင်းသားများ၏ နိုင်ငံရေးလှုပ်ရှားမှုများသည် အရေးပါ အရာရောက်လှပေသည်။ကျောင်းသားသမဂ္ဂများဖွဲ့၍၎င်း၏နိုင်ငံရေးရှေ့ဆောင်မှုဖြင့် နိုင်ငံရေးတိုက်ပွဲများ၊ လှုပ်ရှားမှုများ ဖြစ်ပေါ်လာစေသည်။
ကျောင်းသားများ၏ တိုက်ပွဲများသည် ၎င်းတို့၏ ကိုလိုနီပညာရေးစနစ် ဆန့်ကျင်ရေးတိုက်ပွဲ၌ သာမက မြန်မာပြည်လွတ်လပ် ရေးတိုက်ပွဲများတွင် များစွာအထောက်အကူရရှိပေသည်။
ထိုခေတ်ကမြန်မာ့နိုင်ငံရေးလောကတွင်ဒို့ဗမာအစည်းအရုံးသည်နိုင်ငံရေးသြဇာအတော်ပင်ကြီးမားပေသည်။ ကျောင်း သားထုအတွင်းသို့ လက်ဝဲ၀ါဒများဖြစ်ကြသော (မာ့ခ်၊ လီနင်) ၀ါဒများ ၀င်ရောက်လာသည်။
ရန်ကုန်တက္ကသိုလ်ကျောင်းသား သမဂ္ဂခေါင်းဆောင်များမှာ--
(၁) ကိုအောင်ဆန်း (ဗိုလ်ချုပ်အောင်ဆန်း)
(၂) မစ္စတာရာရှစ်
(၃) ကိုနု (သင်နု)
(၄) ကိုဗဆွေ
(၅) ကိုကျော်ငြိမ်း
(၆) ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်) စသည်တို့ဖြစ်သည်။
ရန်ကုန်ယူနီဗာစတီရောက်သည့်နှစ်တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ခေါင်းဆောင်မှုဖြင့် ရွှေတိဂုံစေတီတော် တွင် ဌာနချုပ်ထားရှိသော သပိတ်စခန်းမှ ကျောင်းသားသပိတ် ဆင်နွှဲကြသည်။
ထိုသပိတ်သို့ ရန်ကုန်တက္ကသိုလ်မှ ကျောင်းသားအများစု ပါဝင်သပိတ်မှောက်ကြသည်။ ယုဒသန်ကောလိပ်မှ ဥက္ကဌကြီး မန်း ဘဇန်တဦးသာပါသည်။
“ကျွန်တော် တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှာ ပါဝင်တယ်၊ အဲဒီမှာကျနော်ပါဝင်တာ နိုင်ငံရေးအတွေ့အကြုံအတော်ရခဲ့ ပါတယ်။ ၁၉၃၈ခုနှစ် ဒီဇင်ဘာ (၂၂)ရက်နေ့မှ ဗိုလ်အောင်ကျော်ကျဆုံးတဲ့ ကျောင်းသားသပိတ်မှာလဲ ကျွန်တော်ပါတယ်။ အဲ ဒီကစပြီး နိုင်ငံရေးစိတ်ဝင်စားလာတယ်။ တက္ကသိုလ်သမဂ္ဂကတော့ တကယ်ပြောရရင် ဗမာ့လွတ်လပ်ရေးအတွက် တခန်းတ ¾အနေဖြင့် ပါဝင်တိုက်ပွဲဝင်ခဲ့တာဖြစ်တယ်။
ကျောင်းသားသမဂ္ဂဦးဆောင်ကျင်းပတဲ့ဆန္ဒပြပွဲတွေမှာပါဝင်ခဲ့တယ်။တရားပွဲတွင်တက်ရောက်နားထောင်တယ်။ ဟော ပြောချက်တိုင်းနားမလည်ဘူး၊ နိုင်ငံရေးအခြေခံနဲ့ အတွေ့အကြုံနည်းသေးလို့ဖြစ်တယ်။ နိုင်ငံရေးလေ့လာဆည်းပူးလာတဲ့အချိန်မှာအဲဒီဟောပြောချက်တွေကို နားလည်သဘောပေါက်လာတယ်။ သပိတ်မှောက်ရာမှာပါဝင်လို့ ကျောင်းအုပ်ကြီးက ကျောင်းထုတ်ပစ်မယ်ဆိုပြီး ခေါ်ယူသတိပေးလာတယ်။
ယုဒသန်ကောလိပ်တွေနေစဉ်(၀ဲလိန်တန်)ကျောင်းဆောင်တွင်နေပြီးရန်ကုန်ယူနီဗာစတီကောလိပ်
်သို့ရောက်သော် ပုဂံ ကျောင်းဆောင်တွင်နေရသည်။
ဥက္ကကြီးမန်းဘဇန်မှ--
“ကျွန်တော်ဖခင်ကကျွန်တော်ကို ပုဂံကျောင်းဆောင်မှာ နေခိုင်းတယ်။ အဲဒီအဆောင်ဟာ စည်းကမ်းတိကျမှုရှိတယ်” ဟု ဖေါ်ပြသည်။
ပုဂံကျောင်းဆောင်သည်သူ့ခြံဝင်းနှင့်သူ၊တကျောင်းတည်းသီးခြားဆောက်လုပ်ထားပြီးစည်းကမ်းကြပ်မလွန်း ၍ အခြားအဆောင်မှာ ကျောင်းသားများက ထောင်ဟုခေါ်ကြသည်။ ထိုအချိန်က အဆောင်မှူးများမှာ မွတ်စလင်ဘာသာဝင်သင်္ချာဘာသာကထိကဆရာဦးကာ၊ဒုတိယအဆောင်မှူးမှာ ဆရာဦးချိုတို့ဖြစ်သည်။
ယင်းပုဂံကျောင်းဆောင်တွင် ကျောင်းသားရှစ်ဆယ်ကျော်ရှိပြီး ကရင်၊ ဗမာ၊ မွန်၊ ရှမ်း၊ ရခိုင်၊ အင်္ဂလိပ်ကပြားများနှင့်ခရစ်ယာန်၊ဗုဒ္ဓဘာသာ၊အစ္စလမ်ဘာသာဝင်တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်ကြသည်။ အဆောင်နေကျောင်းသားများမှာ လူ လတ်တန်းစားများဖြစ်ကြသည်။ ဆိုလိုသည်မှာ အလွန်ချမ်းသာသော၊ အလွန်ဆင်းရဲသောသူများ၏ သားသမီးများ မဟုတ် ကြသောကြောင့်ဖြစ်သည်။
ပုဂံဆောင်ရှိကျောင်းသားများမှာ စည်းလုံးညီညွတ်ကြပြီး တဦးနှင့်တဦး ရိုင်းပင်းကူညီမှုရှိသည်။ အဆောင်နေကျောင်းသားအားလုံးကျောင်းသားသမဂ္ဂ၀င်များဖြစ်ကြသည်။ ပြည်ထောင်စုအငယ်စားလေးတခုကဲ့သို့ဖြစ်သည်။ ထိုစဉ်က ပညာရေးစ နစ်သည် ဗြိတိသျှနယ်ချဲ့များ၏ ကိုလိုနီ ကျွန်ပညာရေးစနစ်ဖြစ်သည်။ ကိုလိုနီကျွန်ပညာရေးစနစ်ဆိုသည်မှာ--
ဗြိတိသျှနယ်ချဲ့သမားများသည် ၎င်းတို့ အကျိုးစီးပွားအတွက် တနည်းအားဖြင့် ၎င်းတို့၏ကုန်ထုတ်လုပ်ငန်း၊ အုပ်ချုပ်ရေးလုပ် ငန်းတို့တွင် တိုင်းရင်းသားပညာတတ်များဖေါ်ထုတ်ပြီး လုပ်ခပေါပေါနှင့်ငှားရမ်းခြင်းဖြစ်သည်။ ဘ၀အာမခံချက်ဘာတခုမှမရှိ သည့် ပညာရေးစနစ်ပင်ဖြစ်သည်။
၁၉၃၈ခုနှစ်၊ ရန်ကုန်ယူနီဗာစတီကောလိပ်ရောက်သည့်နှစ်တွင် မြန်မာပြည်နိုင်ငံရေးသမိုင်းသည် မုန်တိုင်းကြီးကျရောက်နေသည်။နိုင်ငံရေးတိုက်ပွဲများ၊လူတန်းစားတိုက်ပွဲများ၊ခြိမ့်ခြိမ့်သဲဆင်နွှဲနေကြသည်။
ဒေါက်တာဘမော်ဦးဆောင်သည့် (ဆင်းရဲသားပါတီ)အစိုးရအဖွဲ့ အုပ်ချုပ်ပြီး ဦးစောနှင့်ဦးပုတို့မှာ အတိုက်အခံခေါင်းဆောင် များဖြစ်ကြသည်။ ၁၉၃၅ ခုနှစ် မတိုင်မှီတွင် နိုင်ငံရေးပါတီ အဖွဲ့အစည်းများတွင် ဓနရှင်များ၏ကိုယ်စားလှယ်၊ ဓနရှင်ပါတီများ ဖြစ်သည်။ နယ်ချဲ့ဆန့်ကျင်ရေး ကြွေးကျော်ခဲ့သော်လည်း ထိရောက်သည့် လှုပ်ရှားမှုမလုပ်နိုင်ခဲ့ပေ။
၁၉၃၅ခုနှစ်တွင် ဒို့ဗမာ အစည်းအရုံးအမည်နှင့် ဓနရှင်ပေါက်စ အဖွဲ့အစည်းတခုဖြစ်ပေါ်လာသည်။ ယင်းအဖွဲ့အစည်းမှာ ပညာတတ်များ၊ ကုန်သည်ပွဲစားများ၊ ကျောင်းသားများအပါအ၀င် နယ်ချဲ့ကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြသည်။ ၎င်းအဖွဲ့အစည်းတွင် လက်ဝဲနှင့် လက်ယာဝါဒီများပါဝင်ပြီး လက်ဝဲ၀ါဒီများမှာ အများစုဖြစ်သည်။ လက်ဝဲ၀ါဒီများသည် မာက်စ်လီနင် ၀ါဒကို ယုံကြည်သူများနှင့် ဆိုရှယ်လစ်ဒီမိုကရေစီဝါဒကို ယုံကြည်သူများဖြစ်ကြသည်။
မာကစ်လီနင်ဝါဒအား ယုံကြည်သူများမှာ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)ကို ဖွဲ့စည်းကြသည်။ ယင်းပါတီများကို ခေါင်း ဆောင်သူများမှာ သခင်စိုး၊ သခင်သန်းထွန်း၊ မစ္စတာဂိုရှယ်၊ စသည်တို့ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း၊ဗိုလ်လင်္ကျာတို့မှာဗမာပြည်ကွန်မြူပါတီ ဖွဲ့စည်းစဉ်က ပါဝင်ခဲ့သူများဖြစ်ကြပြီးနောက် ပါတီမှ ၎င်းတို့သည် သွေဖီရေးသမားများဖြစ်ကြသည်ဟု သတ်မှတ်ပြီး ပါတီမှ ထုတ်ပစ်လိုက်သည်။
ဆိုရှယ်လစ်ဒီမိုကရေစီတစ်ချို့က ပြည်သူ့အရေးတော်ပုံပါတီဖွဲ့ပြီး သခင်မြ၊ သခင်ချစ်၊ သခင်လွင်၊ သခင်တင်စသည်တို့က ခေါင်းဆောင်ကြသည်။
ဒို့ဗမာအစည်းအရုံးသည် အလုပ်သမား၊ လယ်သမားနှင့် ကျောင်းသားထုကို စည်းရုံးနိုင်ပြီး ၎င်းတို့အပေါ် သြဇာလွှမ်းမိုးလာသည်။ ကွန်မြူနစ်လိုလားသူ၊ ဆိုရှယ်လစ်လိုလားများနှင့်မျက်ကန်းမျိုးချစ်စိတ် ၀ါဒီများလည်းပါသည်။
တို့ဗမာအစည်းအရုံးတွင်ပါသည့် မျက်ကန်းမျိုးချစ်များမှာ သခင်ဘစိန်၊ သခင်ထွန်းအုပ်နှင့် သခင်ရှုမောင်ခေါ်ဗိုလ်နေ၀င်းစသည့်တို့ဖြစ်သည်။ဒို့ဗမာအစည်းအရုံးသည်အယူဝါဒများကွဲပြားနေကြ
သော်လည်း နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲများတွင် စည်းလုံးညီညွတ်ကြသည်။ လူတန်းစားတိုက်ပွဲများ ဖေါ်ထုတ်ရာတွင်လည်း ထိရောက်မှုရှိသည်။
၁၉၃၅ ခုနှစ်တွင် ဖြစ်ပေါ်လာသည့် ရေနံမြေအလုပ်သမားသပိတ်ကြီးသည် လယ်သမားတိုက်ပွဲ ကျောင်းသားတိုက်ပွဲ၊ အရာ ထမ်း၊ အမှုထမ်းတိုက်ပွဲများနှင့် အပြန်အလှန်ဆက်စပ် အထောက်အကူပြု တိုက်ပွဲဝင်ကြခြင်းကြောင့် နယ်ချဲ့များတုန်လှုပ် သွားပြီး မြန်မာပြည်လွတ်လပ်ရေးအတွက် စဉ်းစားလာကြသည်။
ထိုအချိန်တွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ခေါင်းဆောင်များဖြစ်ကြသည့် ကိုဗဟိန်း၊ ကိုလှရွှေ၊ ကိုဘဆွေစ သည်တို့သည် ကျောင်းသားများကို တက်တက်ကြွကြွခေါင်းဆောင်မှုပေးပြီး အလွှာစုံပြည်သူများနှင့် ဟန်ချက်ညီတိုက်ပွဲဝင် ကြသည်။
ထိုအချိန်တွင် ရန်ကုန်တက္ကသိုလ်ရှိ တက္ကသိုလ်အပျော်တမ်းတပ်ဖွဲ့ U.T.C (University Training Corp)ကို ဖွဲ့စည်းခဲ့သည်။ စစ်အတပ်ပညာရရှိရန် ၎င်းတပ်ဖွဲ့သို့ဝင်ရောက်ခဲ့သည်။ စစ်လေ့ကျင့်မှု တပတ်တကြိမ်၊သောကြာနေ့တိုင်းပေးပြီးတနှစ်တကြိမ်မေမြို့သို့တက်ရောက်ကာစစ်မြေပြင်လေ့ကျင့်ရေးလုပ်ခြင်းဖြင့် စစ်အခြေခံပညာရပ်များရရှိလာသည်။
တက္ကသိုလ်ကျောင်းသားဘ၀တွင်--
-တက္ကသိုလ်ကရင်ကျောင်းသားများအဖွဲ့၊
-တက္ကသိုလ်ရာဇ၀င်၊ ပထ၀ီအသင်းအမှုဆောင်၊
-တက္ကသိုလ်လက်ရွေးစဉ် ဘောလုံးသမား စသည်ဖြင့် ပါဝင်ခဲ့သည်။
တက္ကသိုလ်တွင် နိုင်ငံရေး၊ စစ်ရေး၊ လူမှုရေး၊ အားကစား၊ ဂီတတို့တွင် ပါဝင်လှုပ်ရှားခဲ့လင့်ကစား စာပေသင်ကြားမှုအား မထိခိုက်၊ မလင့်ဟင်းစေခဲ့ပေ။ ၁၉၃၉ ခုနှစ်တွင် ၀ိဇ္ဇာဘွဲ့ကို ရရှိပြီး တက္ကသိုလ်ကျောင်းတော်သားဘ၀ ကုန်ဆုံးခဲ့ပေသည်။
အပိုင်း (၄)
ဥက္ကဌကြီးမန်းဘဇန်၏ ၀န်ထမ်းဘဝ
၁၉၃၉ ခုနှစ်တွင် ၀ိဇ္ဇာဘွဲ့ရပြီး ရန်ကုန်မြို့ရှိ စာရင်းစစ်မင်းကြီးရုံးတွင်တလ(၆၀)နှင့် အထက်တန်းစာရင်းအဖြစ် ၀င်ရောက် အမှုထမ်းခဲ့သည်။ ဘွဲ့ရတယောက်ဖြစ်လျက်နဲ့ အဘယ်ကြောင့် အထက်တန်းစာရေးအဖြစ် ၀င်ရောက်အမှုထမ်းရသည်ကို ပြောစရာရှိသည်။ ဗြိတိသျှနယ်ချဲ့များ မြန်မာပြည်အားသိမ်းစဉ် ပညာတတ်များရှားသဖြင့် ဆယ်တန်းအောင်ရုံနှင့်ပင် မြို့အုပ်ရာ ထူးရသည်။ တိုင်းရင်းသားပညာတတ်များနှင့် မလုံလောက်သဖြင့် အိန္ဒိယပြည်မှ ကုလားပညာတတ်များကိုပါ ခေါ်ယူအသုံးပြု ကြရသည်။
စာရင်းစစ်မင်းကြီးရုံးဆိုသည်မှာအမှန်စင်စစ်ကုလားရုံးဖြစ်သည်။အမှုထမ်းတရာတွင်ကိုးဆယ်ကိုးယောက်သည် ကုလား များဖြစ်ပြီး တစ်ရာခိုင်နှုန်းသာလျှင် တိုင်းရင်းသားများဖြစ်ကြသည်။ ရေများရေနိုင်၊ မီးများမီးနိုင်ဆိုသလို တိုင်းရင်းသားများမှာ အဖိနှိပ်ခံကြရသည်။
ဥက္ကဌကြီးမန်းဘဇန်မှာ--
“ဒီရုံးကတိုင်းရင်းသားတွေကိုဖိနှိပ်တယ်။ဒီအချိန်ကကျွန်တော်ကလည်းနယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲတွေ
မှာပါတော့ နည်း နည်းမှမခံချင်ဘူး။ တခါတခါ စကားများကြတယ်”ဟု ဖေါ်ပြသည်။
၁၉၄၀ ခုနှစ်တွင် စာရင်းစစ်မင်းကြီးရုံးမှ အထက်တန်းစာရင်းအဖြစ် တလလျှင် (၆၀)နှင့် အမှုထမ်းပြီး အလုပ်မှထွက်လိုက်သည်။ ထိုအချိန်တွင် ဒုတိယကမ္ဘာစစ်ကြီးဖြစ်နေပြီးဖြစ်သည်။ ၎င်းစစ်ကြီးမှာ နယ်ချဲ့အင်အားကြီး(၆)နိုင်ငံတို့ ဖြစ်ကြသည့် စစ်ဖြစ်သည်။ အင်္ဂလိပ်-အမေရိကန်နှင့် ပြင်သစ်တို့၏ မဟာမိတ်အုပ်စုနှင့် ဂျပန်၊ အီတလီ၊ ဂျာမဏီတို့၏ ၀င်ရိုးတန်းအုပ်စုဖြစ် သည်။ ၀င်ရိုးတန်းအုပ်စုသည် ဖက်ဆစ်စနစ်နှင့် စစ်အာဏာရှင်ကို ကျင့်သုံးသည်။ ရက်စက်သည်။ နယ်ချဲ့စနစ်၏ အမြင့် ဆုံးစနစ်ဖြစ်သည်။
ဒီအုပ်စုနှစ်စုစစ်တိုက်ကြခြင်းသည် ကမ္ဘာကြီးကို ခွဲဝေစိုးမိုးရန်ဖြစ်သည်။ နောက်နယ်ချဲ့ အချင်းချင်းဖြစ်ပွားသည့်စစ်မှ အမျိုး သားစစ်ပွဲကြီးဖြစ်လာသည်။ အာရှတိုက်တွင် ဂျာပန်သည် ဗြိတိသျှ၊ ပြင်သစ်များသိမ်းထားသော ကိုလိုနီနိုင်ငံတွေကို သိမ်းဘို့ ကြံနေသည်။ ၎င်း၏ကြွေးကြော်သံမှာ မဟာအာရှတိုးတက်ရေးဖြစ်သည်။
ဗြိတိသျှများသည် ၎င်းတို့၏ ကိုလိုနီတိုင်းပြည်များအား ကာကွယ်ရန်အတွက် စစ်ရေးပြင်ဆင်မှုများ လုပ်လာကြသည်။ စစ်တပ်များဖွဲ့စည်း၊ မြန်မာပြည်တွင်လည်း စစ်တပ်အသစ်များဖွဲ့လာကြသည်။ တိုင်းရင်းသားများအားစစ်ထဲဝင်ရန် စည်းရုံးလှုံ့ ဆော်လက်ခံလာသည်။
ထိုကဲ့သို့စစ်တပ်ဖွဲ့စည်းလာသဖြင့် စာရင်းစစ်မင်းကြီးရုံးမှထွက်ပြီး ရန်ကုန်မြို့တွင် ဌာနချုပ်ဖွင့်ထားသော အမှတ်(၃)အမြောက်ကြီးတပ်တွင်၁၉၄၁ခုနှစ်ဦးပိုင်းလောက်တွင်ဝင်ရောက်အမှုထမ်းလေသည်။ ထိုအမြောက်ကြီးတပ်သည် အင်္ဂလိပ် ကပြားများ ဗြိတိသျှအဆင့်အတန်းရသော တပ်ဖြစ်သည်။ ၎င်းတပ်၏ အဓိကတာဝန်မှာ ခြောက်လက်မ အမြောက်ကြီးနှစ်လက်အား တာဝန်ယူရပြီး ရန်ကုန်မြို့ကိုကာကွယ်သည့် တာဝန်ဖြစ်သည်။ ဤတပ်စခန်းသည် သစ်ပင် ခြောက်ပင်စခန်းတွင် (DRY TREE POINT)ဖြစ်သည်။ ဤအမြောက်ကြီးတပ်သည် အရေးပေါ်ဖွဲ့စည်းထားသည့် တပ်အမြဲ တမ်းတပ်မဟုတ်ပေ။
တပ်ထဲဝင်ဝင်ချင်း တပ်သားအဖြစ်စတင်အမှုထမ်းရသည်။ ဤတပ်တွင် (၆)လကြာ အမှုထမ်းပြီး တပ်ရင်းဗိုလ်ကြီး၊ ဗြိတိသျှ ရင့်တပ်မတော်မရာရှိ ဗိုလ်မှူးဝေးလ်ဆိုသူနှင့် ခင်မင်ခဲ့ကြသည်။ စစ်တပ်များဖွဲ့လျှင် စစ်ဗိုလ်များလိုအပ်သဖြင့် မေမြို့တွင် အ ရေးပေါ် ဗိုလ်သင်တန်းကျောင်းဖွင့်ရာ အပစ်စဉ်(၃)ဗိုလ်သင်တန်းကျောင်းတွင်ဝင်ခွင့်လျှောက်သည်။ဗိုလ်မှူးဝေးလ်၏ခင်မင်ထောက်ခံမှုကြောင့် ဗိုလ်သင်တန်းတက်ခွင့်ရခဲ့သည်။
ဗိုလ်သင်တန်း(၆)လတက်ပြီးသင်တန်းဆင်းဆင်းချင်း ဒုတိယဗိုလ်အဆင့်ဖြင့် တာဝန်ထမ်းဆောင်ရသည်။ ဗိုလ်ဟုဆိုသော်ငြားလည်းစစ်မြေပြင်မဆင်းရသေးပေ။အဘယ်ကြောင့်ဆိုသော်ဗိုလ်သင်တန်းတက်နေ
ချိန်တွင် ဘီအိုင်အေများနှင့် ဂျပန် တပ်များ မြန်မာပြည်တွင်းသို့ ၀င်ရောက်တိုက်ခိုက်နေခြင်းကြောင့် ဖြစ်သည်။ဗြိတိသျှများကလည်း၎င်းတို့စစ်ရေးနည်းဗျူဟာအရကြာကြာမခုခံပဲ တပ်အားလုံးအိန္ဒိယပြည်သို့ ဆုတ်ခွာသွားကြသည်။ ထိုကြောင့် ဗိုလ်သာဖြစ်ခဲ့သည်။ စစ်မြေပြင် အတွေ့အကြုံ မရလိုက်ပေ။
အင်္ဂလိပ်များ ဆုတ်ခွာသွားပြီး ၁၉၄၂ ခုနှစ်မေလကုန်တွင် ဂျပန်များ မြန်မာတပြည်လုံးကို သိမ်းပိုက်လိုက်ရာ ကျွန်ုပ်၏ စစ်မှု ထမ်းဘ၀မှာလည်း ပြီးဆုံးသွားပြီး မြစ်ကြီးနားမှတဆင့် မအူပင်မြို့သို့ ပြန်ရောက်လာခဲ့သည်။
၁၀၄၀ ခုနှစ်မှ ၁၉၄၂ခုနှစ် မေလကုန်အထိ ဥက္ကဌကြီးမန်းဘဇန်၏ အသက်မွှေးဝမ်းကြောင်းမှုမှာ-
စာရင်းစစ်မင်းကြီးရုံး၏ အထက်တန်းစာရေး၊
အမှတ် (၃) အမြောက်ကြီးတပ်သား၊
အမှတ်(၃) အမြောက်ကြီးတပ်၏ ဒုတိယဗိုလ်၊
အပိုဒ်(၅)
ဥက္ကဌကြီးမန်းဘဇန်၏ ဂျပန်ခေတ်အမှုထမ်းဘဝ
ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်ဖက်ဆစ်နှင့် မြန်မာပြည်ထွက်ရပ်ဂိုဏ်းပူးပေါင်းကာ ၁၉၄၂ခုနှစ်တွင် မြန်မာပြည်ကို သိမ်းယူခဲ့ သည်။ ဗမာ့ထွက်ရပ်ဂိုဏ်းဆိုသည်မှာ (FREEDOM BLOCK)
(၁) ဒေါက်တာဘမောင်၏ ဆင်းရဲသားပါတီ၊
(၂) ဒို့ဗမာအစည်းအရုံး (ဗမာပြည်ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးပေါ်ပါတီနှင့် မျက်ကန်းမျိုးချစ်များ) ပူးပေါင်းဖွဲ့စည်းထား သည့် ဂိုဏ်းဖြစ်သည်။
ထိုဂိုဏ်းသည် မြန်မာပြည်လွတ်လပ်ရေး လက်နက်ကိုင်တိုက်ပွဲကို ဂျပန်နှင့်ပေါင်းပြီး တိုက်ခိုက်သိမ်းယူရန်ဖြစ်သည်။လွတ်လပ်ရေးအာဏာရယူပြီးဂျပန်များမြန်မာပြည်မှဆုတ်ခွာသွားရန်ဖြစ်သည်။
ဂျပန်များမှာ ထွက်ရပ်ဂိုဏ်းကို အသုံးချပြီး အာရှတိုက်တခုလုံးသို့ မိမိကိုလိုနီအဖြစ် သိမ်းယူရန်ဖြစ်သည်။
အဆိုပါ ရည်ရွယ်ချက်ဖြင့် ထွက်ရပ်ဂိုဏ်းသည် ဖက်ဆစ်ဂျပန်နှင့်ပူးပေါင်းပြီး မြန်မာပြည်ကို သိမ်းပိုက်သည်။ သို့သော် ဖက်ဆစ်ဂျပန်များမှာ သဘောတူညီချက်ကို ချိုးဖောက်ပြီး မြန်မာပြည်ကို ဆက်လက်အုပ်ချုပ်ထားသည်။
အတွင်းဝန်ရုံးမှ အထက်တန်းစာရေး
ဂျပန်များသည် မြန်မာပြည်ကိုသိမ်းယူပြီး ဒေါက်ဘမော်အား ၀န်ကြီးချုပ်ခန့်၊ ရုပ်သေးအစိုးရအဖွဲ့ကာ အုပ်ချုပ်စေသည်။ ရုပ် သေးအစိုးရသည်-အာဏာမရှိ၊ ရုပ်သေးအစိုးရသာဖြစ်သည်။အုပ်စိုးသူများကိုသာ အလုပ်အကြွေးပြုကြရသည်။ဂျပန်ဖက်ဆစ်များ၏ သြဇာခံဖြစ်သည်။
ဒေါက်တာဘမော် အစိုးရအဖွဲ့ တွင်-
(၁) ဒေါက်တာ ဘမော်
(၂) ဗိုလ်ချုပ်အောင်ဆန်း
(၃) သခင်နု
(၄) သခင် သန်းထွန်း
(၅) ဦးဘ၀င်း
(၆) ပျော်ဘွယ် ဦးမြ
(၇) ပအိုဝ်း ဦးလှဖေ
(၈) ဗန္ဓုလ ဦးစိန် တို့ဖြစ်သည်။
ပအိုဝ်းဦးလှဖေသည် ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှု၊ လက်မှုလုပ်ငန်းဝန်ကြီးအဖြစ် ၁၉၄၂ ခုနှစ် ဇူလိုင်လတွင် ဖွဲ့စည်း သည့် ဒေါက်တာဘမော်ရုပ်သေးအစိုးရအဖွဲ့တွင် ၀န်ကြီးအဖြစ် အမှုထမ်းခဲ့သည်။
တနေ့တွင် ဦးလှဖေ၏ ကူးသန်းရောင်းဝယ်ရေး၊ စက်မှုဝန်ကြီးဌာနမှ ဒုတိယအတွင်းဝန် မန်းဖိုးဝေနှင့်တွေ့ဆုံပြီး၎င်းမှတဆင့်ဦးလှဖေနှင့်တွေ့ဆုံကာယင်းဌာနတွင်အထက်တန်းစာရေးဖြစ်လာသည်။ သို့သော် အထက်တန်းစာရေးသက်သက်မဟုတ်ပဲ အခြားလုပ်ငန်းများနှင့် တွဲဘက်လုပ်ကိုင်ရသည်။
အခြားလုပ်ငန်းဆိုရာတွင်ကရင်၊ ဗမာညီညွတ်ရေးဆောင်းပါးများရေးသား၍ သတင်းစာတိုက်သို့ ပို့ခြင်း၊
ကေစီအိုနှင့် ဒေါက်တာဘမော်အစိုးရ ကိုယ်စားလှယ်အစည်းဝေးပွဲသို့ တက်ရောက်လေ့လာရခြင်းတို့ လုပ်ရသည်။
ထိုအချိန်တွင် ဒေါက်တာဘမော်ရုပ်သေးအစိုးရ လုပ်ဆောင်ရသည့် လုပ်ငန်းတခုမှာ (ကရင်၊ ဗမာချစ်ကြည်ရေး) ဖြစ်သည်။ ယင်းလုပ်ငန်းဖြစ်ပေါ်လာပုံမှာ မြန်မာပြည် အရှေ့တော်ပိုင်ရှိ ကော့ကရိတ်နှင့် ဖါပွန်နယ်၊ မြစ်ဝကျွန်းပေါ်မြောင်းမြခရိုင်တွင် ဘီအိုင်အေတပ်များသည် လက်နက်နှင့် အာဏာကိုအလွဲသုံးစားလုပ်ပြီး အနိုင်ကျင့်ခြင်း၊ မြောင်းမြမြို့ပေါ်ရှိ ကရင်ဝန်ကြီး ဟောင်း စောဖေသာနှင့် ၎င်း၏ဇနီးအပါဝင် ကရင်များအား လုယက်တိုက်ခိုက်၊ သတ်ဖြတ်ရာမှ ကရင်ဗမာ လူသတ်ပွဲကြီးဖြစ် လာသည်။
ဤလူသတ်ပွဲကြီးသည် မြန်မာပြည်အတွက် အလွန်ပင်အကျည်းတန်၊ အရုပ်ဆိုးစေခဲ့သည်။ အလွန်တရာ ကြီးကျယ်သည့် ပြဿနာဖြစ်သည်။ ယင်းပြဿနာမှ လူမျိုးရေးမုန်းတီးမှုများ ကြီးထွားလာနိုင်သည်။
ကရင်၊ ဗမာနားလည်မှုရရှိရေး-
လူမျိုးရေးမုန်းတီးမှု ပပျောက်ရေးအတွက် ၎င်းအစိုးရနှင့်ပူးပေါင်းဆောင်ရွက်၊ လုပ်ဆောင်ရန် ကရင်ဗဟိုအဖွဲ့ချုပ် K.C.O (Karen Central Organization) အမည်နှင့် အဖွဲ့တဖွဲ့ ဖွဲ့စည်းခဲ့သည်။
ယင်းအဖွဲ့ချုပ်၏ ခေါင်းဆောင်များမှာ--
(၁) ဆာစံစီဖိုး
(၂) မန်းဘခင်
(၃) မန်းရွှေထွန်းကြာ
(၄) စောဘဦးကြီး
(၅) ဆရာသာထို
(၆) မန်းဖုံတလုတ်
(၇) ဒေါက်တာစောလှထွန်း
(၈) စောဘမောင်
(၉) စောဖားခ စသည်တို့ဖြစ်သည်။
K.C.O အဖွဲ့နှင့် ဒေါက်တာဘမောင်အစိုးရတို့၏ ပူးတွဲဖြေရှင်းမှုကြောင့် (၆)လအကြာတွင် ကရင်၊ ဗမာ လူသတ်ပွဲကြီးမှာ အဆုံးသတ်သွားသည်။ နှစ်ဖက်စည်းဝေးပွဲများတွင် ဦးလှဖေမှ ခေါ်ယူလေ့လာခွင့်ပေးသောကြောင့်ဗဟုသုတများတိုးပွားလာသည်။မျိုးချစ်စိတ်များ၊အမျိုးသားစိတ်ဓာတ်များ၊ တိုးပွားလာသည်။
ဝန်ကြီးဦးလှဖေ၏ အစိုရကိုယ်စားလှယ်ဖွဲ့တွင် --
(၁) ဗိုလ်ချုပ် အောင်ဆန်း
(၂) သခင် သန်းထွန်း
(၃) ပအိုဝ်း ဦးလှဖေ တို့ဖြစ်သည်။
အဆိုပါ နှစ်ဖက်အစည်းအဝေးကျင်းပတိုင်း လေ့လာခွင့်ပေးခြင်းမှာ ကရင်များအတွင်း အမျိုးသားရေးတာဝန်ယူမည့် ကေဒါ များမွေးမြူခြင်းဖြစ်သည်။
ဝန်ကြီးဦးလှဖေ သစ်တောဝန်ကြီးဌာနသို့ ပြောင်းလဲတာဝန်ယူသဖြင့် အထက်တန်းစာရေးအဖြစ် တနှစ်လုပ်ပြီး အလုပ်မှနှုတ် ထွက်ကာ မအူပင်တွင်ပြန်လည်နေထိုင်သည်။
အပိုဒ်(၆)
မအူပင်ခရိုင်- ဒုတိယ ကာကွယ်ရေးမှူး
၁၉၄၃ ခုနှစ်တွင် ဗြိတိသျှ စစ်တပ်သည် အိန္ဒိယပြည်မှနေ၍ မြန်မာပြည်တွင်းသို့ ပြန်လည်ထိုးစစ်ဆင်ရန် ပြင်ဆင်လာသည်။ လေထီးတပ်သားများစေလွှတ်၍ သတင်းထောက်လှမ်းစေသည်။ ဗိုလ်မှူးချုပ်ဝင်းဂိတ်ဦးစီးသည့် မျက်နှာဖြူ အိန္ဒိယနှင့် အိန္ဒိယပြည်ရောက် ကရင်၊ ကချင်၊ ချင်း လက်နက်ကိုင်တပ်များဖြင့်အထူးတပ်ဖွဲ့ ဖွဲ့ကာ ဂျပန်စစ်နောက်ပိုင်းများကိုတိုက်ခိုက်ရန် မြန်မာပြည် ချင်းတွင်းမြစ်ဝှမ်းဒေသ၊ မြစ်ကြီးနား၊ ဗန်းမော်ဒေသများသို့ ၀င်ရောက်ထိုးဖောက်လာသည်။
ဗြိတိသျှများ၏ စစ်ရေးပြင်ဆင်မှုများကို ဂျပန်များ ထောက်လှမ်းသိရှိခဲ့သဖြင့် ကာကွယ်ရေးတပ်ဖွဲ့များ ဖွဲ့စည်းလာကြသည်။ ထိုကာကွယ်ရေးတပ်ဖွဲ့အား(ဂျေတိုင်)ဟုခေါ်သည်။ ထိုအချိန်တွင် မအူပင်မြို့တွင်လည်း (ဂျေတိုင်)ခေါ် ကာကွယ်ရေးတပ်ဖွဲ့ များဖွဲ့လာကြသည်။
ဂျပန်အုပ်ချုပ်ရေးကာလ မအူပင်မြို့တွင် စက်ရှင်မင်းကြီးစောစိန်းဦးနှင့် ဒုတိယခရိုင်ဝန် စောရွှေစိန်တို့ဖြစ်ကြသည်။ ၎င်းတို့ နှစ်ဦး၏ မေတ္တာရပ်ခံမှုကြောင့် မအူပင်မြို့ပေါ်ရှိ မအူပင်မြို့လုံခြုံရေး (ကာကွယ်ရေး)ဗမာတပ်စုနှစ်စုနှင့် ကရင်တပ်စုတစုရှိ သည့်အနက် ကရင်တပ်စုမှာ အုပ်ချုပ်ဦးစီးရန် တာဝန်ယူခဲ့သည်။
ကာကွယ်ရေးတပ်စုမှူးအဖြစ် လုံခြုံရေးတာဝန်ယူနေချိန်တွင် ခရိုင်ကာကွယ်ရေးမှူး ဂေါ်တောဆိုသူနှင့် သိကျွမ်းခင်မင်မှုရရှိခဲ့သည်။ ဗိုလ်မှူးဂေါ်တောသည် မက်သဒစ်ခရစ်ယာန်ဘာသာဝင်၊ အမေရိကန်၌ မဟာဝိဇ္ဇာဘွဲ့ရထားသူ တဦးဖြစ်သည်။ အ သက်သုံးဆယ်ခန့်ရှိပြီး ယဉ်ကျေးဖော်ရွေသူဖြစ်သည်။
မအူပင်မြို့လုံခြုံရေးတာဝန်များကိုဗိုလ်မှူးဂေါ်တောနှင့် ပူးပေါင်းယူရင်းခရိုင်ဒုတိယကာကွယ်ရေးမှူးယူရန် ကမ်းလှမ်း ပြောဆိုလာမှုကို လက်ခံလိုက်သည်။ ထိုအချိန်မှစ၍ ဗိုလ်ကြီးအဆင့် (Three line one star) သို့ရောက်သွားသည်။
ခရိုင်ဒုတိယကာကွယ်ရေးမှူးတာဝန်နှင့် မအူပင်ခရိုင်တွင်း နယ်ဆင်းပြီး တရားဟောသည်။ ကာကွယ်ရေးအဖွဲ့များကို ဖွဲ့သင့် သည့်ရွာများတွင်ဖွဲ့သည်။ ထိုအချိန်က ကင်ပေတိုက်ခေါ်စစ်ပုလိပ် စုံထောက်အဖွဲ့များ ထားရှိသည်။ မလိုမုန်းထားရှိသူများအား လက်ညိုးထိုးလျှင်သတ်ပစ်သည်။ အတော်ဆို၍ ကရင်များ အတော်အသတ်ခံရပါသည်။
“ဂျပန်က အင်္ဂလိပ်တို့ကို တိုက်ဘို့ဖြစ်တယ်။ ကျွန်တော်တို့ အမျိုးသားအတွက် ဖြစ်တယ်။ ဒီလို လုပ်ရင်းနဲ့ ကရင်လူထုနဲ့ တော်တော်အဆက်အသွယ်ရတယ်။ ကရင်လူထုကလဲ ကျွန်တော့်ကို အတော်ယုံကြည်အားကိုးကြတယ်၊ အဲဒီမှာ စည်းရုံး ရေး အတွေ့အကြုံတွေရလာတယ်” ဟု ဖေါ်ပြသည်။
ထိုအချိန်က ဗြိတိသျှများစေလွှတ်လိုက်သော အမှတ် (၁၃၆)တပ်ဖွဲ့၊ (Force 136)က လေထီးတပ်တွင် ကရင်တပ်သားများမှာ အများစုဖြစ်သည်။ လေထီးတပ်သားများ ဆင်လေလေ ကရင်ရွာများ ဒုက္ခရောက်လေလေဖြစ်သည်။ မသင်္ကာသူများကို ဖမ်းဆီး၊ သတ်ဖြတ်ကြသည်။ ရက်ရက်စက်စက် စစ်ဆေးမေးမြန်းသည်။ ဤသည်ကို မရှုစိမ့်သောကြောင့် ဗိုလ်မှူးဂေါ်တော နှင့် ဆွေးနွေးညှိနှိုင်းပြီး လွတ်မြောက်အောင် ဆောင်ရွက်ပေးသည်။ ဆောင်ရွက်သလောက်လဲ လွတ်မြောက်ကြသည်။ က ရင်လူထုများ၏ ခင်မင်မှု၊ ယုံကြည်အားကိုးမှု၊ ထောက်ခံမှုများရလာသည်။
ထိုမအူပင်ခရိုင် ဒုတိယကာကွယ်ရေးမှူး-ဗိုလ်ကြီးအဖြစ်နှင့် တနှစ်အမှုထမ်းသည်။
ကျွန်ုပ်သည် ကရင်တယောက်ဖြစ်သည်။ ကျွန်ုပ်၏အမျိုးသားများသည် အဖိနှိပ်ခံကျွန်များ ဖြစ်နေသည်။ ကျွန်ုပ်တယောက် ပင်ဖြစ်နေသည်။ ကရင်များသည် လူသားများအတွင်းမှာ လူသားများဖြစ်ကြ၍ လူ့အခွင့်အရေး အပြည့်အ၀ခံစားခွင့်ရရှိမည်။ ကျွန်ဖြစ်နေခြင်းဖြင့် လူ့အခွင့်အရေးများ ခံစားခွင့်မရှိပေ။ လူ့အခွင့်အရေးခံစားခွင့်အတွက် လွတ်လပ်မှုရှိရမည်။ လွတ်လပ်မှု ရှိရန်အတွက် ကရင်များသည် ကျွန်ဘ၀ကို အရင်းအမြစ်မှ တော်လှန်တိုက်ဖျက်ရမည်။
(မန်းဘဇန်)
အပိုဒ်(၇)
မအူပင်ခရိုင်၊ ပြည်သူ့ဝန်ထမ်းမှူး
၁၉၄၄ ခုနှစ်တွင်၊ ဒေါက်တာဘမော်အစိုးရသည် ပြည်သူ့ဝန်ထမ်းဌာနတခုကို ဖွင့်လှစ်လာသည်။ ထိုအဖွဲ့၏လုပ်ငန်းများသည် ပြည်သူကို အကျိုးပြုပြီး စည်းရုံးရန်ဖြစ်သည်။ ဤပြည်သူ့ ၀န်ထန်းဌာနများကို ခရိုင်တိုင်းတွင် ဖွဲ့စည်းကြသည်။ ကရင်များနေ ထိုင်ရာ ဒေသများတွင်လည်း ပြည့်သူ့ဝန်ထမ်းများကို ဖွဲ့စည်းထားရှိသည်။
ခရိုင် ကရင်ပြည်သူ့ဝန်ထမ်းမှူးများမှာ--
(၁) စောဘဇန် မအူပင်
(၂) စောမောင်ငြိမ်း ပုသိမ်
(၃) မန်းငြိမ်းတင် မြောင်းမြ
(၄) စောမော်ဂင်ဝင်း ဟင်္သတ
(၅) စောစံထွန်း သာယာဝတီ
(၆) ဆရာစောဘထွန်း တောင်ငူ
(၇) စောရှေးသ ပဲခူး
(၈) မန်းပေါလ်ဧငြိမ်း ဟံသာဝတီ
(၉) စောဘိုသိုး ဖျာပုံခရိုင် စသည့် ခရိုင်၊ ကရင်ပြည်သူ့ဝန်ထမ်းမှူးများ ခန့်အပ်ထားကြသည်။
ပြည်သူ့ဝန်ထမ်းဌာနများဖွဲ့ချိန်တွင် ၀န်ကြီးဦးလှဖေမှာ ၎င်းအား ထိုဌာနတွေ အလုပ်လုပ်ရန်ပြောသည်။ အမျိုးသားများကို စည်းရုံးရန်၊ စုစည်းရန်၊ ကောင်းမွန်သည့်လုပ်ငန်းဌာနဖြစ်သည်။ ဗိုလ်မှူးဂေါ်တောထံပြော၍ နှုတ်ထွက်လိုက်ပြီး ခရိုင်ပြည့်သူ့ ၀န်ထမ်းမှူးတာဝန်ကို လက်ခံလိုက်သည်။
ခရိုင်ပြည်သူ့ ၀န်ထမ်းမှူးဖြစ်လာချိန်တွင် အင်းယားကန် ကေဘင်ကျွန်း (Cabin Island)တွင် သင်တန်းသုံးလကြာတက်ရ သည်။ ထိုဝန်ထမ်းဌာနနှင့် ပတ်သက်၍ ဥက္ကဌကြီးမန်းဘဇန်မှ--
ဒီဝန်ထမ်းဌာနဖွဲ့ ဂျပန်ထောက်လှမ်းရေးနဲ့ ဆက်စပ်တယ်လို့ ကျွန်တော် မှတ်ယူတယ်ဟု ဖေါ်ပြထားသည်။ ဆက်လက်၍ ဥက္ကဌကြီးမန်းဘဇန်မှ--
“အဲဒီအချိန်မှာ ကျွန်တော်ဘာသိသလဲဆိုတော့ ဗမာတွေ ဂျပန်ကို ပြန်ချမယ်၊ သူတို့ (A.F.O) (Anti Fascist Organization) ခေါ်တဲ့ ဖက်ဆစ်ဆန့်ကျင်ရေး၊ မြေအောက်တော်လှန်ရေးအဖွဲ့ကို ဖွဲ့တယ်။ ဒီအဖွဲ့ထဲမှာ ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော် ပုံ (ဆိုရှယ်လစ်နဲ့) ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့ (B.D.A)တွေပါတယ်။ ဂျပန်ကိုတိုက်မယ်ဆိုပြီး စာတမ်းတွေ၊ ကြေ ငြာချက်တွေထုတ်တယ်”ဟု ဖေါ်ပြသည်။
သင်တန်းဆင်းပြီးသည့်နှင့် နယ်သို့ဆင်းပြီး ကရင်လူထုအားစည်းရုံးသည်။ ခရိုင်ဒုတိယ ကာကွယ်ရေးမှူးဘ၀နှင့် ဖွဲ့စည်းထား သည့် ကျေးရွာကာကွယ်ရေးတပ်ဖွဲ့များကို တိုးတိုးတိတ်တိတ် တပ်လှန့်ထားသည်။
ဗမာတွေ ဂျပန်ကိုတော်လှန်တော့မည်ဟု တပ်လှန့်ထားသည်။ ၁၉၄၅ ခုနှစ်၊ မတ်လ (၂၇)ရက်နေ့ မတိုင်မီ (B.D.A) တပ် များမှ တပြည်လုံးသို့တပ်ဖြန့်လိုက်သည်။ မြစ်ဝကျွန်းပေါ်သို့ (B.D.A) တပ်ရင်း(၃)မှ တာဝန်ယူရသည်။ ထိုတပ်ရင်း(၃)မှ တပ်ရင်းမှူးမှာ ဗိုလ်မှူးထွန်းစိန် (ပြားကြီး)ဖြစ်ပြီး ဒုတိယတပ်ရင်းမှူးမှာ တီးမသေဖိုးကျော်ဖြစ်သည်။ ဤတပ်ရင်းတွင် ကရင် အများစုပါဝင်သည်။
ဤ(B.D.A) တပ်ရင်း (၃)သည် မအူပင်မြို့သို့ရောက်လာသည်။ တပ်ရင်းမှူး ဗိုလ်မှူးထွန်းစိန်(ပြားကြီး)နှင့် ခင်မင်မှုရှိသည်။
ဗိုလ်မှူးထွန်းစိန်မှ--ဟေ့ဘဇန်ကြီး၊ ငါတို့ဂျပန်ကို တိုက်တော့မယ်၊ မင်းရဲ့အကူအညီလိုတယ်၊ မင်းကလူထုကို စည်းရုံးပြီး ဒို့တပ်တွေလူထုကြား ထဲ ဖျောက်ထားဘို့ မင်းတာဝန်ယူကွာလို့ အကူအညီတောင်းခံမှုကို လက်ခံလိုက်သည်။ ရွာများတွင် တပ်များ ဖြန့်ထားလိုက် သည်။
ဖက်ဆစ်ဆန့်ကျင်ရေး တော်လှန်ရေးသည် (၂၇)ရက်နေ့တွင် (B.D.A) တပ်များ၊ ကရင်ကာကွယ်ရေးတပ်များ၊ ပြည်သူများ ပူးပေါင်းပြီး ညောင်တုန်း၊ မအူပင်၊အိမ်မဲနှင့် ပန်းတနော်နယ်များတွင် ခြိမ့်ခြိမ့်သဲတိုက်ပွဲဝင်ကြသည်။ ဖရိုဖရဲ တပ်ကွဲလာသည့် ဖက်ဆစ်ဂျပန်များမှာ လူထု၏ ဓားမလက်ချက်ဖြင့် အသက်ထွက်ကြရသည်။
မြစ်ဝကျွန်းပေါ်တွင် ဂျပန်များရှင်းသွားသည်။ ၁၉၄၅ ခုနှစ်၊ မေလ(၄)ရက်နေ့တွင် အင်္ဂလိပ်တပ်များ ရန်ကုန်မြို့ကိုသိမ်း၍ ဇွန်၊ ဇူလိုင်လတွင် မြစ်ဝကျွန်းပေါ်ကို သိမ်းလိုက်သည်။ အင်္ဂလိပ်များ တပြည်လုံးကို သိမ်းလိုက်နိုင်သဖြင့် ခရိုင်ပြည်သူ့ဝန် ထမ်းမှူး ဘ၀မှာ ရပ်ဆိုင်းသွားတော့သည်။
ဂျပန်ခေတ်အသက်မွေးဝမ်းကြောင်းမှု
(၁) အတွင်းဝန်ရုံးမှ အထက်တန်းစာရေး၊
(၂) မအူပင်ခရိုင် ဒုတိယကာကွယ်ရေးမှူး၊
(၃) မအူပင်ခရိုင် ပြည်သူ့ဝန်ထမ်းမှူး စသည့် ဘ၀အဖုံဖုံကျင်လည် လှုပ်ရှားခဲ့သည်။
တော်လှန်ရေးဆိုတာ မိမိအတွက် ရယူခြင်းမဟုတ်၊ အမျိုးသားပြည်သူများအတွက် ပေးဆပ်ခြင်းဖြစ်သည်။
(မန်းဘဇန်)
ဘာလုပ်လုပ် အရေးကြီးတာက ရဲဘော်ရဲဘက်အချင်းချင်း စေတနာမှန်ဖို့ လိုတယ်။ ဘယ်သူတွေဘာပဲလုပ်လုပ် မင်းတို့ စေ တနာမှန်မှန်နဲ့သာလုပ်ပါ။
(မန်းဘဇန်)
အပိုဒ်(၈)
ဗြိတိသျှအုပ်ချုပ်ရေးနှင့် အထူးအရာရှိ
၁၉၄၅ ခုနှစ်၊ သြဂုဏ်လ (၅)ရက်နေ့တွင် ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားသည်။ မြန်မာတပြည်လုံးကို အင်္ဂလိပ်များသိမ်ပိုက် လိုက် ပြီးဖြစ်သည်။ အင်္ဂလိပ်များမှ မြန်မာပြည်အား စစ်အုပ်ချုပ်ရေးဘက်စ်ဘီ- (CAS-B) CIVIL AFFAIRS SERVICE (BURMA)ချမှတ်ထားသည်။ စစ်အုပ်ချုပ်ရေးများချရန် မအူပင်ခရိုင်အား အင်္ဂလိပ်အရာရှိများရောက်ရှိလာကြသည်။ မအူပင် ခရိုင် အရာရှိအဖြစ် မေဂျာဒီလောင်း၊ ဒုတိယခရိုင်အရာရှိ မေဂျာရပ်(စ်)ဘွန်းဖြစ်သည်။ ဤခရိုင်အရာရှိနှစ်ဦးအနက် ဒုတိယ ခရိုင်အရာရှိ မေဂျာရပ်(စ်)ဘွန်းမှာ မေမြို့ ဗိုလ်သင်တန်းကျောင်း၊ အပတ်စဉ်(၃)၊ တပ်စု(၄)တွင် အတူတူတက်ရောက်ခဲ့ပြီး ခင်မင်ကြသူများဖြစ်သည်။ သူတို့မအူပင်သို့ ရောက်လာသည်ကို တွေ့လျှင်-
“ဘဇန် မင်းဒီမှာလား၊ ငါမအူပင်ခရိုင်မှာ အုပ်ချုပ်ရေးတာဝန်ကျတယ်၊ မင်းငါ့ကိုကူညီ”ဟု ပြောသည်ကို ကူညီရန်လက်ခံ လိုက်သည်။
မေဂျာရပ်(စ်)ဘွန်းမှာ မအူပင်မြို့အုပ်ခန့်သည်။ တမြို့နယ်တည်း စည်းရုံးခွင့်ရသည့်အတွက် လက်မခံခဲ့ပေ။ နယ်ဆင်းစည်း ရုံးခွင့်ရှိသည့် မြို့ပိုင်အဆင့်( အထူးအရာရှိ) ပေးသည်ကို လက်ခံလိုက်သည်။
မြို့ပိုင်အဆင့်ရှိ (အထူးအရာရှိ) တာဝန်(၃)ခုရှိသည်။
(၁) နယ်မြေငြိမ်းဝပ်ပိပြားရေး
(၂) နယ်လှည့်အုပ်ချုပ်ရေးလုပ်ငန်းများချမှတ်ရန် (သူကြီးခန့်ရန်)
(၃) အမတော်ကြေးများလျှောက်ပေးရန် စသည့်လုပ်ငန်းများဖြစ်သည်။
ငြိမ်ဝပ်ပိပြားရေးလုပ်ရာတွင် ဒါးပြမတိုက်ရန်၊ လက်နက်ပုန်းများသိမ်းရာအတွက်ဖြစ်သည်။ လက်နက်ဆိုရာတွင် ဂျပန်ခေတ် ကျေးရွာကာကွယ်ရေးများဖွဲ့စဉ်က ကျေးရွာကာကွယ်ရေးများလက်ထဲရှိ လက်နက်များအား သိမ်းဆည်းရန်ဖြစ်သည်။ ၎င်း လက်နက်များအား မသိမ်းဆည်းရန် မေဂျာရပ်(စ်)ဘွန်းအား စည်းရုံးရသည်။
ဒီလက်နက်တွေကို ကျနော်တို့အမျိုးသားအတွက် အသုံးချမယ်လို့ ပြောကြားသည်ကို ၎င်းမှ လက်ခံသည်။ ဒါဆိုလုံလုံ ခြုံခြုံ ထားပါဟု ၎င်းမှ ပြောကြားသည်။ လက်နက်ကိစ္စပြေလည်သွား သဖြင့်အုပ်ချုပ်ရေးချမှတ်၊ သူကြီးများခန့်ရန်ဖြစ်လာသည်။ ဂျပန်ခေတ်တွင် ကရင်ရွာများ၌ ဗမာသူကြီးများကိုသာ ခန့်ကြသည်။ ဗမာရွာများတွင်လဲ ဗမာသူကြီးများကိုသာ ခန့်ကြသည်။ ထိုကြောင့်ကရင်ရွာများတွင်ကရင်သူကြီးများကိုခန့်သည်။အမတ်တော်ကြေးများ တရားမျှတစွာပေးသည်။ ဤလှုပ်ရှားမှုများ အပေါ် မအူပင်ခရိုင် ကရင်လူထု၏ထောက်ခံမှု အတော်အတန်ရပြီး အားထားမှုရှိလာသည်။ စည်းရုံးရေးဇောက်ကျလာ သည်။
လက်နက်ပုန်းများ အသိမ်းမခံရခြင်း၊
ကရင်သူကြီးများခန့်ခြင်း၊
အမတော်ကြေးများ တရားသဖြင့် ပေးရခြင်းတို့ကြောင့် အမျိုးသားလှုပ်ရှားမှုတွင် အောင်မြင်မှု၊ ထောက်ခံမှုရရှိလာသည်။ ကရင်ကာကွယ်ရေးတပ်သားများလက်ထဲတွင် လက်နက်များအဆင်သင့်ရှိနေသည်။ မြို့ပိုင်အဆင့်ရှိ အထူးအရာရှိအဖြစ် ခြောက်လလုပ်ရသည်။ ဆာဒေါ်မန်စမစ်အစိုးရသည် စစ်အုပ်ချုပ်ရေးများ ရုပ်သိမ်းပြီး မြို့ပြအုပ်ချုပ်ရေးများချလာသည်။
မြို့အုပ်ချုပ်ရေးချလာချိန်တွင် ခရိုင်အုပ်ချုပ်ရေးအရာရှိ မေဂျာရပ်(စ်)ဘွန်းမှ ၀န်ထောက်လုပ်ရန် ပြောလာသည်။ ၎င်းနောက် ဗိုလ်သင်တန်းဆင်းပြီး ဒုတိယဗိုလ်အဖြစ် ဗြိတိသျှပြန်တန်းဝင် အရာရှိဖြစ်ခဲ့သောကြောင့် (Back. Pay)နောက်ကြောင်းလစာ ငွေတသောင်းခန့် ရရှိရန်ရှိသည်။ သို့သော် ၀န်ထောက်ရာထူးအား လက်မခံတော့ပါ။
ဥက္ကဌကြီး မန်းဘဇန်မှ-
“၀န်ထောက်မလုပ်တဲ့အကြောင်းကတော့ ကရင်အမျိုးသားရေးဟာ အရေးကြီးလာပြီးဖြစ်တယ်။ ခေါင်းဆောင်ဘို့လိုလာပြီး၊ကျွန်တော်ကခေါင်းကြီးတက်လုပ်ပြီးခေါင်းဆောင်ဘို့မလိုဘူး။ ကျွန်တော်အပါအ၀င်ကရင်များကိုခေါင်းဆောင်ဖို့ဖြစ်တယ်။ ကျွန်တော်တို့ သင်ကြားတတ်မြောက်ထားတဲ့ ပညာတွေဟာ အမျိုးသားတွေအတွက် အသုံးချဖို့ သိပ်တန်ဘိုးရှိ တယ်” ဟု ဖေါ်ပြထားသည်။ အထူးအရာရှိအဖြစ် ခြောက်လခန့်အမှုထမ်းပြီး လခစားဘ၀ရပ်ဆိုင်းသွားတော့သည်။
ကရင်တွေ ကရင်ပြည်လိုချင်ရင် ဗမာတွေပေးချင်အောင်လုပ်ပါ။
ဗမာတွေကလည်း ကရင်တွေ ခွဲမထွက်ချင်အောင်လုပ်ပါ။
(စောဘဦးကြီး)
အခန်း (၉)
ဥက္ကဌကြီး မန်းဘဇန်မှ၏ အိမ်ထောင်ရေး
ဥက္ကဌကြီး မန်းဘဇန်၏ ဇနီးဒေါ်ကြည်ကြည်၏ မိဘနှစ်ပါးမှာပိုကရင်အမျိုးနွယ်စုဝင် မစ္စတာဝီလျှံသော်မဆင် (ခေါ်)မန်း ထွန်းစိန်နှင့် စကောကရင်မျိုးနွယ်စုဝင် အမိနော်အဲနာ(ခေါ်) နော်စိန်ရင်ဖြစ်သည်။ ဒေါ်ကြည်ကြည်သည် သားသမီးရှစ်ဦးအ နက် အကြီးဆုံးဖြစ်သည်။
သားသမီးရှစ်ဦးမှာ-ဒေါ်ကြည်ကြည်၊ ဘေဘီ၊ ဆန်နီ၊ ဂျော်နီ၊ ဖရယ်ဒီ၊ (မန်းကျော်ခိုင်ထွန်း၊ ယခုတပ်မဟာ(၆) နယ်မြေတွင် အခြေပြုနေထိုင်သည်။) ဒန်နီ၊ ၀င်နီ (၀ါးဝါး)၊ ၀မ်းခါရှေ့ ကက်ဘီလူးတိုက်ပွဲ၏ သူရဲကောင်းစစ်သည်တော် တပ်ကြပ်ပုချို(ကျ ဆုံး) Rocky၏ မိခင်၊ ၎င်းနောက် အထွေးဆုံးတော်မီ၊ (မောင်မောင်ကြီး)တို့ဖြစ်သည်။
ဒေါ်ကြည်ကြည်သည် မန်းထွန်းစိန်၊ နော်စိန်ရင်တို့၏ အကြီးဆုံးသမီးဖြစ်ပါသည်။ မိဘနှစ်ပါးမှာ ခရစ်ယာန်ဘာသာဝင်များ ဖြစ်ကြသည်။ ဒေါ်ကြည်ကြည်သည် ဆယ်တန်းအထိ ပညာသင်ကြားခဲ့ကြပြီး ရုပ်ရည်ချောမောလှပသူဖြစ်သည်။ ဥက္ကဌကြီး အိမ်ထောင်ပြုချိန်တွင် အသက်(၁၂)နှစ်အရွယ်ရှိပြီး ဒေါ်ကြည်ကြည်မှာ အသက်(၂၀)ရှိပြီးဖြစ်သည်။ ၀ိဇ္ဇာတန်းနောက်ဆုံးနှစ် တွင် အိမ်ထောင်ကျသော်လည်း ပညာရေးရည်မှန်းချက်အတိုင်း ဘွဲ့ရသည်အထိ ကြိုးစားအောင်မြင်ခဲ့သည်။ သားသမီး ဆယ်ဦး ထွန်းကားခဲ့သည်။ ၎င်းတို့မှာ--
(၁) ရူဘီဇန် (RUBY) (နှစ်နှစ်သမီးအရွယ်တွင် ဖျား၍ ကွယ်လွန်သွားသည်။)၊
(၂) ရောဘတ်ဇန်၊
(၃) ချောချောစိန်ဇန် (ထွီဖါဝီးကျိုး) ခွေးအိပ်တောင်တိုက်ပွဲ၊ အာဇာနည်သူရဲကောင်း စစ်သည်တော်၊ ဒုတိယဗိုလ် မိုးအောင်ဝင်း(ကျဆုံး)၏ မိခင်၊
(၄) ဘော်ဒွင်ဇန်၊
(၅) အယ်စတာဇန် (နှစ်နှစ်သမီးအရွယ် တော်လှန်ရေးစတင်ချိန်က ကွယ်လွန်ခဲ့သည်။)
(၆) ကော်နီဇန်၊
(၇) ပိုးပိုဇန် (အသက်နှစ်ဆယ့်လေးနှစ်တွင် မတော်တဆ ကျည်ဆံထိမှန် ကွယ်လွန်သည်။)
(၈) နန်းနွယ်ဇန်၊
(၉) ကေသီဇန်၊
(၁၀) ထိုလွီဇန် ၀မ်းခါရှေ့ (မြေနီတောင်)တိုက်ပွဲ၊ အာဇာနည်သူရဲကောင်း စစ်သည်တော် ဒုတိယဗိုလ်၊ ထိုလွီဇန် (ကျဆုံး) တို့ဖြစ်သည်။
သား (၃)ယောက်စလုံးမှာ ကရင့်တော်လှန်ရေးအောင်တံခွန်ကို မြင်းမားစွာ လွင့်ထူပြီး၊ အထွေးဆုံးသား၊ တော်လှန်ရေးကြယ်ပွင့်မှာ ကြွေသွားရှာပြီဖြစ်သည်။ သမီးများမှာ အိမ်ထောင်မပြုမီတွင် တော်လှန်ရေးတာဝန်များကို အသီးသီးယူကြပြီး အိမ်ထောင်ကျပြီးနောက် အိမ်ထောင်တာဝန်ကိုသာ ကြလေတော့သည်။
အိမ်ထောင်ရေးနှင့်ပတ်သက်ပြီး ဥက္ကဌကြီး မန်းဘဇန်မှ--ကျွန်တော့်အိမ်ထောင်နဲ့ပတ်သက်ပြီး ပြောရရင်၊ ကျွန်တော်အိမ်ထောင်ဟာ သာယာတဲ့အိမ်ထောင်ဖြစ်တယ်။ ခရစ်ယာန်မိ သားစုရဲ့ အိမ်ထောင်လဲဖြစ်တယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော်ဟာ ဘာသာရေးကို အထူးလေးစားပြီး တရားတော် နဲ့ အညီ အတတ်နိုင်ဆုံးနေထိုင်တယ်။ ကျွန်တော်အိမ်ထောင်ဟာ ဒီမိုကရေစီရှိတယ်၊ လင်နဲ့မယား၊ မိဘ နဲ့သားသမီး ဆက်ဆံတဲ့နေရာမှာ ဒီမိုကရေစီရှိတယ်။ သားသမီးနဲ့ မိဘဆက်ဆံတဲ့နေရာမှာ ခရစ်ယာန်ကျမ်းစာမှာပါ ရှိတဲ့ (ဧဖက်သြ၀ါဒ) အခန်းကြီး (၆)အတိုင်း ဆက်ဆံကြတယ်”ဟု ဖေါ်ပြသည်။
အိမ်ထောင်ကျချိန်တွင်အမျိုးသားလွတ်မြောက်ရေးတာဝန်များနှင့်ပိနေသဖြင့်အိမ်တွင်နေရသည့်ရက်ဟူ၍ မရှိသလောက် ပင်ဖြစ်သည်။ သားသမီးများကို ဇနီးသည်မှ ပညာရေး၊ ကျန်းမာရေး၊ အိမ်တွင်းမှုလုပ်ငန်းများကို ကြီးကြပ်ထိန်းကွပ်ရပါသည်။
ဇနီးသည်နှင့် သားသမီးအချို့သည် နေ၀င်းအစိုး၏ ညစ်ပတ်ယုတ်မာမှုကြောင့် ၁၉၅၈ ခုနှစ်တွင် (၁၁)လကြာတကြိမ်၊ ၁၉၆၆ ခုနှစ်တွင် (၅)နှစ်နှင့်ဆယ်လကြာ စုစုပေါင်းနှစ်ကြိမ်ဖမ်းဆီးခံခဲ့ရပါသည်။ (ကြွက်မနိုင် ကျီမီးရှို့) စစ်သည်တော်သူရဲကောင်း ကျင့်ဝတ်မဟုတ်ပဲ ဓါးပြလုပ်ရပ်သာ ဖြစ်သည်။
မိခင်အားမတရားဖမ်းဆီးခံနေရစဉ် မိဘနှစ်ပါးနှင့်ကင်းကွာနေသော သားသမီးများ မှည့်တပေါက် မစွန်းရအောင် မိမိကိုယ် ကို ထိန်းသိမ်းခဲ့သည်။ သားသမီးများမှာ ပညာရေးကို လိုလားကြသော်လည်း တော်လှန်ရေးတွင် ဖြစ်ပေါ်လာသော အခက် အခဲများကြောင့် အထက်တန်းပညာအဆင့်ထိသာ နေခဲ့ကြရသည်။ သားသမီးများသည် တော်လှန်ရေးနယ်မြေမှာပင် ကြီး ပြင်းလူလားမြောက်လာကြသဖြင့် တော်လှန်ရေးအသိ၊ တော်လှန်ရေးစိတ်ဓါတ်နှင့် မျိုးချစ်စိတ်များရှိကြသည်။
အိမ်ထောင်ရှင် တော်လှန်ရေးသမားတယောက်နှင့်ပတ်သက်၍ ထားရှိရမည့် သဘောထားကို ဥက္ကဌကြီး မန်းဘဇန်မှ-
“ကျွန်ုပ်အိမ်ထောင်သက်တမ်းတလျှောက် အိမ်ထောင်ရေးသာယာမှုရှိတယ်။ အကြိမ်ပေါင်းများစွာ တော်လှန်ရေးက ဖြစ်ပေါ် လာတဲ့ အခက်အခဲတွေကို သတ္တိရှိရှိနဲ့ရင်ဆိုင်ဖြေရှင်း၊ ကျော်လွှာနိုင်ခဲ့တယ်။ ဘယ်လောက်ပဲ အခက်အခဲတွေကို ရင်ဆိုင်ရပါစေ၊ စိတ်ဓါတ်ကျဆင်းမှုမရှိပဲ တော်လှန်ရေးအလံတော်ကို မြင့်မြင့်မားမားလွှင့်ထူသွားမှာဖြစ်တယ်။ တော်လှန်ရေးဟာ မြတ် သောလုပ်ဆောင်ချက်ဖြစ်တဲ့အတွက် မုချအောင်ရမယ်လို့ အလေးနက်ယုံကြည်ပါတယ်”ဟု ပြောကြားခဲ့သည်။
ဥက္ကဌကြီး မန်းဘဇန်နှင့် ဒေါ်ကြည်ကြည်တို့မှ ဆင်းသက်ဖွားမြင်လာကြသော မျိုးဆက်သစ်၊ သားသမီး၊ မြေး၊ မြစ်များမှာ-
အမျိုးသားလွတ်မြောက်ရေးအတွက်လည်းကောင်း၊
ဒီမိုကရေစီရေးနှင့် တန်းတူရေးအတွက်လည်းကောင်း၊ ငြိမ်းချမ်းသာယာဝပြောသော လူ့ဘော်သစ်အတွက်လည်းကောင်း၊ ရှင်သန်ကြီးထွား အလုပ်အကြွေးပြုနိုင်ကြပါစေဟု ဆန္ဒပြုအပ်ပါသည်။
၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ (၁၁)ရက်နေ့တွင်
ကရင်လူထု အသံတိတ်ဆန္ဒပြပွဲ၏
ကြွေးကြော်သံ (၄)ရပ်။
(၁) ကရင်ပြည် ချက်ချင်းပေး။
(၂) ကရင်တကျပ် ဗမာတကျပ် ချက်ချင်းပြ။
(၃) လူမျိုးရေးအဓိကရုဏ်း အလိုမရှိ။
(၄) ပြည်တွင်းစစ် အလိုမရှိ။
အပိုဒ် (၁၀)
မအူပင်မြို့ အမျိုးသားကျောင်းအုပ်
မအူပင်မြို့တွင် ဒုတိယကမ္ဘာစစ်ကြောင့် ပိတ်ထားရသော အေဘီအမ် (ABM) အမေရိကန် ခရစ်ယာန် သာသနာပြု အလယ် တန်းကျောင်းသည် ကျောင်းအင်္ဂါရပ်နှင့် ပြည့်စုံသဖြင့် ခေတ်ပညာတတ် ကရင်မျိုးချစ်တယောက်ဖြစ်သူ ဆရာမန်းကြာလှိုင်မှ ထိုကျောင်းအားကြည့်ကာ “ငါ ဒီကျောင်းကို ဖွင့်နိုင်ရင် ကရင်အမျိုးသားတွေအတွက် အကျိုးရှိမှာပဲ”ဟု စတင်တွေးမိလာ၏။ သို့သော် ထိုအချိန်က ကျောင်းအုပ်လုပ်သူသည် ၀ိဇ္ဇာဘွဲ့ (B. A) အောင်ရမည်ဖြစ်ရာ အထက်တန်းကျောင်းအထိဖွင့်ရန် အခက်အခဲ အနည်းငယ်ရှိပေသည်။ ထိုကြောင့် တနေ့တွင် ဆရာမန်းကြာလှိုင်မှ-
“စောဘဇန်-ဒီကျောင်းကိုကြည့်စမ်း။ငါတို့ကရင်အမျိုးသားတွေအတွက်အများကြီးအထောက်အကူရမှာပဲ။ ခင်ဗျားက ၀ိဇ္ဇာ ဘွဲ့ရထားတော့ ကျောင်းအုပ်လုပ်ရင်ရတယ်။ ဒီတော့ခင်ဗျားလုပ်မလား”ဟု ဆိုလာသည်။
ထိုကျောင်းအုပ်လုပ်ငန်းသည် တဘက်က အမျိုးသားအကျိုးအတွက် အများကြီးအထောက်အကူရမည်။ လူငယ်တွေကို စည်းရုံးပညာပေးနိုင်မည်ဟု သဘောထားကာ ကျောင်းအုပ်လုပ်ရန်အဆိုပြုချက်ကို လက်ခံလိုက်ပြီး မအူပင်မြို့သား အထက်တန်းကျောင်း (အလွတ်ပညာသင်ကြောင်း)ကို တည်ဆောက်လိုက်သည်။
မအူပင်မြို့ ကရင်အမျိုးသား အထက်တန်းကျောင်း တည်ထောင်ဖွင့်လှစ်သည့် ကိစ္စနှင့် ပတ်သက်၍ ဥက္ကဌကြီးမန်းဘဇန်မှ--
“ကျနော်တို့ ကျောင်းထောင်မယ်သာပြောတာ ဘာမှမရှိဘူး၊ ဘာလုပ်ရသလဲဆိုတော့ ငွေနဲ့၊ ကျောင်းဆရာတွေရအောင် စည်ရုံးရမယ်”--ဟု ဖေါ်ပြသည်။
ကျောင်းဆရာကို ဦးစားပေးရှာရသည်။ ယခင် ABM ကျောင်းမှာ ကျောင်းဆရာများသည် ယခုအလုပ်အကိုင်မရှိကြပေ။ ၎င်း ဆရာများသည် အရည်အချင်း၊ အတွေ့ကြုံ များစွာရှိသည့် အပြင် မျိုးချစ်စိတ်ရှိသူများဖြစ်ပြီး ဆရာဖြစ်လက်မှတ် ရထားသူ များလည်းဖြစ်သည်။
ကျောင်းအတွက် လိုအပ်သော ဆရာ-မများကို ကြိုးစားရှာဖွေရာ (၇)တန်းအထိသင်ရန် ဆရာ၊ ဆရာမများကို ရရှိခဲ့သည်။ ယင်းအထက်တန်းကျောင်းအတွက် နောက်ထပ်လိုအပ်သည်များ ဆောင်ရွက်နိုင်ရန် ဆရာကြီး မန်းကြာလှိုင်နှင့် ပူးတွဲတာ ၀န်ယူလိုက်သည်။ နယ်မှတက်လာသော ကျောင်းအိပ်၊ ကျောင်းစား၊ ကျောင်းသားများနေထိုင်ရန်အတွက် အဆောင်ရှိပြီး ဖြစ်ရာ စားရေး၊ သောက်ရေးအတွက် ထပ်မံစီစဉ်ရပြန်သည်။
ကျောင်းဖွင့်လျှင် ကျောင်းအိပ်ကျောင်းစားများ စားသောက်နိုင်ရန်အတွက် ဆရာမန်းကြာလှိုင်ထံမှ စပါးအတင်း (၂၀)ကိုယူ ကာ နယ်မှကျောင်းသားများ၏ စားဝတ်နေရင်းပြဿနာကို ဖြေရှင်းရလေသည်။ နယ်မှကျောင်းသားများ လာရောက်ပညာ သင်ကြားကြရန် ဥက္ကဌကြီးမန်းဘဇန်မှ-
“ကျွန်တော်မှ မအူပင်ခရိုင် ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ တယောက်အနေနဲ့ အစည်းအဝေးတရပ်ခေါ်ယူ ပြီး အမျိုးသားအထက်တန်းကျောင်းဖွင့်မယ်။ ကျောင်းသားတွေပို့ဘို့ ဆွေးနွေးတဲ့အခါမှာ နယ်ကကျောင်းသားတွေရောက်လာလို့ ဒီအမျိုးသားကျေုာင်းကို ထူထောင်နိုင်ခဲ့တယ်”ဟု ပြောကြားပါသည်။
ကျောင်းစတင်ဖွင့်ချိန်တွင် ကျောင်းသားများထံမှ ကျောင်းလခယူပြီး ကျောင်းဆရာ၊ ဆရာမများအတွက် လစာငွေများနှင့် ကျောင်းအိပ်ကျောင်းစား၊ ကျောင်းသားများအတွက် ရိက္ခာနှင့် ရေ၊ မီးများပါစီစဉ်ရသည်။ အစပထမတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းပြဆရာ၊ ဆရာမများနှင့်ကျောင်းအုပ်ပါမကျန် တလလျှင် (၄၀)ကျပ်နှင့် စတင်ကြရန် အားလုံး ကသဘောတူကြသည်။ မျိုးချစ်စိတ်ကို အခြေခံ၍ ဖွင့်လှစ်သောကျောင်းဖြစ်သဖြင့် ထိုကျောင်းအတွက် ကျေးရွာများမှ ဆန် နှင့်ငြုပ်သီးများ ပို့ပေးကြသည်။ ကျောင်းဆရာ၊ ဆရာမများ၊ ကျောင်းသူကျောင်းသားများအတွက် ရိက္ခာပြဿနာ တစုံတရာ ပြေလည်မှုရရှိလာသည်။
ဥက္ကဌကြီးမန်းဘဇန်သည် သားသမီးသုံးယောက် ထွန်းကားနေသည့်တိုင်၊ မအူပင်ခရိုင် ကေအဲန်ယူ ဥက္ကဌနှင့် အမျိုးသားအ ထက်တန်းကျောင်းအုပ်ကြီးဖြစ်နေလင့်ကစား မိဘကိုမှီခိုနေရဆဲဖြစ်သည်။ ၎င်း၏ လက်ရှိဘ၀နှင့် ပတ်သက်ပြီး--
“ကျွန်တော်ကို ၀ိဇ္ဇာတန်းအထိ ပညာသင်ပေးခဲ့တဲ့ အဖေ့ရဲ့ရည်ရွယ်ချက်က အရာရှိဖြစ်ဘို့ဘဲ၊ အဲဒီလိုဖြစ်ဘို့ အကြောင်းပါ လာတာကို လက်မခံဘူးဆိုတော့ အဖိုးကြီးဒေါပွတာပေါ့၊ ကျောင်းမဖွင့်ခင်လေးမှာဖြစ်တဲ့ ပြဿနာတခုအပေါ် ကျွန်တော် တော်တော်စိတ်ထိခိုက်သွားတယ်။ တနေ့ ကျွန်တော့်သား၊ သမီး (၃)ယောက် ဖြစ်တဲ့ ရောဘတ်၊ ချောချောစိန်နဲ့ ဘော်ဒွင်တို့ ဟာ မုန့်သည်လာလို့ မုန့်စားချင်ကြတယ်။ ကျွန်တော့်မှာလည်း ပိုက်ဆံမရှိဘူး။ မ၀ယ်ကြွေးနိုင်မှန်းသိတော့ အဘိုးဆီပဲသွား ပြီး မုန့်စားချင်တယ်လို့ပြောကြတယ်။ ဒီတော့ အဘိုးက အေးအေး-မင်းအဖေ နိုင်ငံရေးသမားကြီးဆီမှာ သွားတောင်းလို့ ခနဲ့တဲ့တဲ့နဲ့ပြောလိုက်တယ်။ ကျွန်တော် အတော်စိတ်မကောင်းဖြစ်သွားတယ်။ ကျွန်တော်စဉ်းစားတယ်၊ အော်- ငါလုပ်တဲ့အလုပ် ဟာ ခလေးတွေ တော်တော်ဆင်းရဲပါလား၊ ငါ့အဖေလဲ မကြိုက်ဘူး။ ငါအစိုးရအလုပ်ပြန်လုပ်ရင်ကောင်းမလားလို့ စိတ်ထဲမှာ ဖြစ်ပေါ်လာတယ်”ဟု ၎င်း ဘ၀အခက်အခဲ၊ အတွေ့အကြုံ ကျော်လွှားခဲ့ပုံများကို ဖေါ်ပြခဲ့သည်။
ဤအမျိုးသား အထက်တန်းကျောင်းအား စုပေါင်းခေါင်းဆောင်မှု အခြေခံပေါ်တွင် ဖွင့်ခြင်းဖြစ်သည်။ ကျောင်းလခ တလ လျှင် (လေးဆယ်)ဆိုလင့်ကစား အရေးပေါ်ကိစ္စ၊ ကိုယ်ရေးကိုယ်တာကိစ္စများ ပေါ်ပေါက်ခဲ့သော် အခမဲ့ထောက်ပံ့ရန် ရံပုံငွေ များထားရှိသည်။ ထို့ကြောင့်ဆရာ၊ ဆရာမများအတွင်း ညီညွတ်ကြသည်။
ကျောင်း၏သင်ပြမှုစနစ်မှာ စနစ်သစ်ဖြစ်သည်။ ကျောင်းသားများအား ရိုက်နှက်ဆုံးမမှုမရှိပဲ သဘောတရားရေးရာများပေ၍ သင်ကြားသည့်အပြင် ကျောင်းသားသမဂ္ဂထူထောင်ခွင့်ပေးပြီး ထိုကျောင်းသားသမဂ္ဂမှကျောင်းလုပ်ငန်းတစိတ်တဒေသနှင့်ကျောင်းတွင်းစည်းလုံးညီညွတ်ရေးတာဝန်များတွင်တာဝန်ယူလုပ်ကိုင်နိုင်ရန်ပညာပေးပြုစုပျိုးထောင်သည်။
ဆရာ ဆရာမများ၏အရည်အချင်းပြည့်ဝခြင်းနှင့် သင်ကြားမှုကောင်းမွန်ခြင်းတို့ကြောင့် ကျောင်းသူ၊ ကျောင်းသားများမှာ စာသင်ကြားမှုတွင် စိတ်ပါဝင်စား ကြိုးစားသင်ကြားကြပြီး အောင်ချက်များကောင်းလာကြသည်။ အထက်တန်းကျောင်း ဆိုလင့် ကစား (၈)တန်းအထိသာ ရှိသေးသည်။ ထိုကျောင်းမှာ (၈)တန်းကျောင်းသူ၊ ကျောင်းသား ရှစ်ဦးအားရွေးချယ်ပြီး အစိုးရစစ် ဆယ်တန်းစာမေးပွဲသို့ ၀င်ရောက်ဖြေဆိုခိုင်းရာ (၆)ယောက်အောင်မြင်ခဲ့သည်။ အောင်ချက်ကောင်းသဖြင့် အစိုးရကျောင်းမှ ကျောင်းသားများမှာ ဤကျောင်းမှာ လာရောက်ပညာသင်ကြားလိုကြသည်။ သို့သော် အစိုးရကျောင်းမှ ၎င်းကျောင်းသား များကို လက်မခံရန် မေတ္တာရပ်ခံလေသည်။
ပထမနှစ်တွင် ကျောင်းသူ၊ ကျောင်းသားများ(၃၀၀)ခန့်ရှိသည်။ နောက်နှစ်တွင် ကျောင်းသူ၊ ကျောင်းသားပေါင်း (၇၀၀) ကျော်ရှိလာသည်။ ဤအချင်းအရာသည် တိုးတက်မှုဖြစ်သည်။ ဥက္ကဌကြီးမန်းဘဇန်သည် အမျိုးသားရေးလုပ်ငန်းကို အဓိက ဇောင်းပေးကာလုပ်ကိုင်နေသဖြင့် ကျောင်းကို ပြန်လည်မကြည့်အားပေ။ ဤကျောင်း၏ အဓိကဇာတ်ဆရာကြီးမှာ ဆရာကြီး မန်းကြလှိုင်ပင်ဖြစ်သည်။ ၎င်းသည် အထက်တန်းကျောင်းမှ ကောလိပ်ကျောင်းအထိ တိုးမြှင့်ဖွင့်လှစ်ရန် ရည်ရွယ်ချက်ထားရှိ သည်။
ဤကျောင်းသည် တစတစတိုးတက်ကြီးမားလာသည်။ ကျောင်းသို့ရောက်ရှိလာကြသော ကျောင်းသူ/သား၊ တိုင်းရင်းသား များအား မျိုးချစ်စိတ်များရိုက်သွင်းပေးသဖြင့် ကျောင်းသူ/သားမျာတွင် မျိုးချစ်စိတ်များဝင်လာကြသည်။ ဤအခြေအနေပေါ် ဖဆပလ အစိုးရမှ မရှုစိမ့်သဖြင့် ဤကျောင်းအား အလွတ်ပညာသင်ကျောင်းမှ အစိုးရကျောင်းလုပ်ရန်နှင့် ကျောင်းဆရာ၊ ဆ ရာမများအား အစိုးရလစာအတိုင်း တိုးမြှင့်ပေးရန် အကြပ်ကိုင်လာသည်။
အစိုးရကျောင်းအဖြစ်မခံပဲ အစိုးရအသိအမှတ်ပြုကျောင်းအဖြစ် လက်ခံပြီးဆက်ဖွင့်သည်။ အစိုးရကျောင်းဆရာ/မများ၏ လစာမှာ မူလတန်း (၄၀)၊ အလယ်တန်း (၁၂၀)နှင့်အထက်တန်း (၂၄၀)ဟု သတ်မှတ်ထားသော်လည်း ဤကျောင်းတွင် မူလတန်းပြ (၈၀)၊ အလယ်တန်းပြ(၁၁၀)နှင့်အထက်တန်းပြ (၁၂၀)ဟူ၍ သတ်မှတ်ပေးပြီး ဖဆပလအစိုးရ၏ ခြေရှုပ်မှုကို ကျော်လွှားနိုင်ခဲ့သည်။
နောက်တနှစ် KYO(Karen Youth Organezation) ကရင်လူငယ်အဖွဲ့မှ ခြေရှုပ်လာပြန်သည်။ ဤကျောင်းသည် ကေအဲန်ယူ ခေါင်းဆောင် မန်းဘဇန်တို့မှ ဦးစီးဖွင့်လှစ်ထားသဖြင့် ကေ၀ိုင်အို မန်းဝင်းမောင်တို့မှ မကျေနပ်ပေ။ ထိုကြောင့် ၎င်းတို့ စည်း ရုံးသိမ်းသွင်းထားသော (B.Ed)ပညာရေး ၀ိဇ္ဇာဘွဲ့ရ ဆရာမနှစ်ဦးအားခေါ်သွင်းလာသည်။ ကျောင်း၏တိုးတက်မှုကို အဟန့်အ တားလုပ်ရပ်ဖြစ်သည်။
ကေ၀ိုင်အို ဆရာမနှစ်ဦးမှာ သတင်းကျွတ်တွင် ကျောင်းတလပိတ်ရေးကို ကန့်ကွက်ပြီး (၁၀)ရက်သာ ပိတ်ရန် အဆိုတင် သွင်းသည်။ သို့သော် ၎င်းတို့ အဆိုတင်သွင်းမှုများအား ပယ်ချခဲ့ကြသည်။ ဆက်၍ ၁၉၄၈ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၁)ရက်နေ့ တွင် မအူပင်မြို့ပေါ်၌ ကျောင်းလုံးကျွတ် ဆန္ဒပြပွဲစီစဉ်သည်ကို ၎င်းတို့မှ ကန့်ကွက်ဟန့်တားကြသည်။ ထိုသို့ ကန့်ကွက်ဟန့် တားမှုကို အချို့ကျောင်းသားများမှ “ခင်ဗျားတို့ သစ္စာဖောက်တွေ”ဟုပြောဆိုကြသဖြင့် ကျောင်းသားထုအတွင်း ၎င်းတို့ ခြေ ရှုပ်မှုများ ဆုံးရှုံးသွားခဲ့သည်။
တနေ့တွင် ဧရာဝတီတိုင်း ကရင် ပညာဝန်မှ “ဟေ့- မန်းဘဇန် ၊ မင်းကျောင်းအုပ်လုပ်နေတယ် မဟုတ်လား၊ ကျောင်းအုပ် လုပ်ပြီးဘယ်လိုလဲ ” ဟု မေးလာသဖြင့် “ဒီလိုပေါ့ ပညာဝန်ရယ်- အမျိုးသားရေးအတွက် လုပ်ရတာပါ”ဟု ပြန်ဖြေကြားလေသည်။ ထိုအချိန်၌ တမျိုးသားလုံးမှာ အမျိုးသားရေးစိတ်ဓာတ်များ တက်ကြွနေသဖြင့် တိုင်းပညာဝန်မှ ၀င်ရောက်ဟန့်တား ခြင်းမပြုပေ။
စောဘဇန်မှ မန်းဘဇန်သို့ပြောင်းလဲခေါ်ရခြင်းနှင့် ပတ်သက်၍ ဥက္ကဌကြီးမန်းဘဇန်မှ-
“မန်းတတ်တာနဲ့ပတ်သက်ပြီး နည်းနည်းပြောချင်တယ်။ အခြားကြောင့်မဟုတ်ဘူး။ ကျနော်တို့ကရင်ထဲမှာ အစွဲအလန်းရှိတယ်။ ဒီအဖွဲ့အစည်းဟာ စကောဦးဆောင်တာလား၊ ပိုးဦးဆောင်တာလားပေါ့၊ ကျနော်တို့ကတော့ မလိုပါဘူး။ ပိုးဖြစ်ဖြစ်၊ စ ကောဖြစ်ဖြစ် ဦးဆောင်ရင်ပြီးတာပဲ။ ဒါကြောင့် ကျနော်နာမည်ကို စောဘဇန်ကနေ မန်းဘဇန်လို့ပြောင်းတတ်လိုက်တယ်။ မန်းဘဇန်ဖြစ်သွားတယ်။ မန်းတတ်ချင်လို့၊ ပိုးကရင်အစွဲကြီးလို့မဟုတ်ဘူး။ တဖက်က ပိုးကရင်လူထုကို စည်းရုံးဘို့၊ ပိုးက ရင်တွေ တော်လှန်ရေးမှာ ပါဝင်လာဘို့ဖြစ်ပါတယ်။ ဒီလိုမှမလုပ်ရင် ပိုးကရင်တွေ သိပ်ဘဝေမကျဘူး။ တို့မန်းတွေလဲပါတယ် ဆိုတော့ သူတို့သဘောကျတယ်။ လုပ်ငန်းအောင်မြင်ရေးအတွက်ပေါ့”ဟု ဖေါ်ပြသည်။
ဤကျောင်းသည် ပညာရေးဘက်တွင် အောင်ချက်ကောင်းခြင်း၊ အမျိုးသားရေးလှုပ်ရှားမှုတွင် ကျောင်းလုံးကျွတ်ဆန္ဒပြခြင်းနှင့် ကေအဲန်ယူကျောင်းဖြစ်သောကြောင့် ဖဆပလအစိုးရမှ မျက်မုန်းကျိုးနေသည်။ ကရင်အမျိုးသားများ လက်နက်ကိုင် တော်လှန်ရေးစတင်သည့် (၁၉၄၉) ခုနှစ်၊ ဇန်န၀ါရီလ၊ (၃၁)ရက်နေ့၌ K. N.D.O ကို မတရားအသင်းကြေညာပြီး ဤ ကျောင်းအား မီးရှို့ဖျက်ဆီးလိုက်တော့သည်။
ဖဆပလအစိုးရ၏ မီးတင်ရှို့မှုကြောင့် ကရင်အမျိုးသား အထက်တန်းကျောင်းကြီးသည် မီးလောင်ပြာကျ ပျက်စီးသွားပြီးဖြစ် သော်လည်း ကရင်တမျိုးသားလုံး၏ နှလုံးသားတွင် ဤသို့သော အထက်တန်းကျောင်းများ၊ ကောလိပ်တက္ကသိုလ်များ၊ ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်၊ စိုက်ပျိုးရေးတက္ကသိုလ်၊ စက်တက္ကသိုလ်၊ စသည့်တက္ကသိုလ်ကြီးများ၊ အနာဂတ်တွင် ဖွားမြင် လာမည့် အဖကရင်ပြည်တွင် အနှံ့အပြားပေါ်ထွက်လာမည်ဟု မျှော်လင့်ယုံကြည်နေသည်။
ကျောင်းသားလေးများ၏ စာအံသံ၊ တေးသီသံနှင့် ခေါင်းလောင်းသံများသည် အဖကရင်ပြည်၏ ထက်ဝေဟင်ကောင်းကင် ပြင်၌ အမြှောက်သံ၊ ဗုံးသံ၊ စိန်ပြောင်းသံများကို ဖုံးအုပ်လွှမ်းခြုံသွားလိမ့်မည်ဟု ယုံကြည်မျှော်လင့်နေကြသည်။
မအူပင်မြို့ ကရင်အမျိုးသားအထက်တန်းကျောင်းကြီး မီးလောင်ပြာကျသွားသည်နှင့် မန်းဘဇန်၏ အမျိုးသားကျောင်းအုပ် ဘ၀သည်လည်း တခန်းရပ်သွားရသည်။
No comments:
Post a Comment