၁။ လက်နက်ချစကား အလျဉ်းမပြောရ။ ၂။ ကရင်ပြည် ပြီးပြည့်စုံရမည်။ ၃။ ကရင့်လက်နက် ကရင့်လက်ထဲရှိရမည်။ ၄။ ကရင့်ကြမ္မာ ကရင်ဖန်တီးရမည်။


အှ်ဆံင်းလာ.ဆါ် ကိုဝ်.ဟှာဍေ။


Sunday, 1 August 2010

မန်းဘဇန်နှင့်ကရင့်တော်လှန်ရေး အပိုင်း(၂)

(ကေအဲန်ယူ)ကရင်အမျိုးသားအစည်းအရုံး
အထွေထွေအတွင်းရေးမှူးချုပ်နှင့်
ကော်သူးလေအစိုးဝန်ကြီးချုပ် ပဒိုဘသင်၏ အမှာစာ။

ဥက္ကဌကြီးမန်းဘဇန်ဟာတော်လှန်ရေးအစပိုင်းမှာထက်မြက်တက်ကြွတဲ့လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့တဲ့အတွက် ကေအဲန်ဒီအို(K.N.D.O) တပ်ဖွဲ့ကို ခေါင်းဆောင်ရန် တာဝန်အပ်နှင်းခံရသူဖြစ်ပါတယ်။ ပထမဦးဆုံးသော ကေအဲန်ဒီ အို ဗိုလ်ချုပ်ဖြစ်ခဲ့ပါတယ်။ ကရင်အမျိုးသားရဲ့ဘ၀ကို နားလည်ပြီး ကရင်အမျိုးသားအပေါ် အမြဲသစ္စာရှိတဲ့ ခေါင်းဆောင်တစ် ဦးဖြစ်ပါတယ်။ နိုင်ငံတကာနှင့်အညီ ကရင့်တော်လှန်ရေးအား ရှေ့ဆောင်တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ အမျိုးသား ရေး၊ ဒီမိုကရေစီနဲ့ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု ဖေါ်ထုတ်ဖွဲ့စည်းရေး သဘောတရားကို အဓိကတာဝန်ခံ ခေါင်းဆောင် ခဲ့တဲ့ ခေါင်းဆောင် တစ်ဦးလည်းဖြစ်တယ်။ တိုင်းရင်းသားလူမျိုးပေါင်းစုံ စည်းလုံးညီညွတ်ရေးအတွက် လက်တွေ့ခေါင်း ဆောင်ခဲ့သူဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစုကို ရှေ့ဆောင်ဖွဲ့စည်းခဲ့တဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်။ နိုင်ငံ တကာတွင် သဘောတရားရေး ရှုပ်ထွေးနေစဉ်ချိန်တွင် ကရင့်တော်လှန်ရေးအားမှန်ကန်စွာခေါင်းဆောင်နိုင်ခဲ့သလိုကရင့်တော်လှန်ရေးအတွင်းစည်းလုံးညီညွတ်မှုကို ပြန်လည်တည်ဆောက်နိုင်ခြင်ဖြစ်သည်။ ထို့ကြောင့် ဥက္ကဌကြီးမန်းဘဇန်သည် စစ်မှန်တဲ့ကရင် မျိုးချစ်ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ တော်လှန်ရေးအတွင်းအတူတကွ လက်တွဲတိုက်ပွဲဝင်ခဲ့ကြသော ရဲဘော်ခေါင်းဆောင်များအပေါ်အထူးတွယ်တာသံယောဇဉ်ကြီးမားသောခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ ကရင့်တော်လှန်ရေးသမိုင်းကိုပြုစုပါကဥက္ကဌကြီးမန်းဘဇန်၏အခန်း¾ကိုထည့်သွင်းရေးသားခြင်းမပြုပါက ပြည့်စုံမည်မ ဟုတ်ပါ။ မိမိ၏ သားသမီး များကိုလည်း ကရင့်တော်လှန်ရေးအား အလုပ်အကြွေးပြုရေးကို မှန်ကန်စွာပညာပေး ရှေ့ဆောင် နိုင်ခဲ့တဲ့ ခေါင်းဆောင်တဦးဖြစ် ပါတယ်။
အခုလိုဥက္ကဌကြီးမန်းဘဇန်ရဲ့ ကိုယ်ရေးသမိုင်းမှာ စာရေးတဲ့အတွက်အထူးဂုဏ်ယူပါတယ်။ ဥက္ကဌကြီးမန်းဘဇန်၏ ကရင့်တော်လှန် ရေးသဘောတရားသည် အမြဲခေတ်မှီနေမည်သာ ဖြစ်သည်။

လေးစားစွာဖြင့်
(စောဘသင်)

၁၁
ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး တွဲဖက်အထွေထွေအတွင်းရေးမှူး(၁)၊ ဒီအေဘီစစ်ကော်မတီအတွင်းရေးမှူးဗိုလ်ချုပ် မောင်မောင်၏ အမှာစာ
စောဘဇန်(သို့မဟုတ်)မန်းဘဇန်နှင့်
ကရင့်တော်လှန်ရေးစာအုပ်အတွက်
လူ့လောကတွင်ဖြစ်ပျက်ပြန်ပြောင်းလဲလှုပ်ရှားနေ၍မမျှော်လင့်ခြင်းများနှင့်တွေ့ကြုံရခြင်းသည်လောက ဓမ္မတာပင်ဖြစ်ပါသည်။ ကျွန်တော်အရင်တုန်းကတစ်ခါမျှစိတ်မကူး၊မရည်ရွယ် ၊ မထင်မှတ်ခဲ့ခြင်းများသည် မိမိကိုယ်တိုင်ပင်ပြန်မသိခဲ့တာလည်းရှိခဲ့ပါသည်။ဤသို့ဖြစ်ပျက်နေစဉ်အတွင်းမှာပင်ဥက္ကဌကြီးမန်းဘဇန်သည် လောကနိယာမတရားအရ အနိစ္စ ရောက်ခဲ့ရပါသည်။ ၎င်း၏ရှေ့ဆောင်မှုအောက်တွင် အမျိုးသားလွတ်မြောက်ရေး တာဝန်ကို ထမ်းဆောင်နေစဉ်မှာ အရေးကြီးသည့်အခါများတွင် ပို၍ရင်းနှီး စွာနေခဲ့ရပါသည်။ ၄င်းအား အထူးပင်သတိရမိပါသည်။
ယခုဥက္ကဌကြီးမန်းဘဇန်နှင့် ကရင့်တော်လှန်ရေးစာအုပ်ကို အခက်အခဲများကြားမှ မဖြစ်မနေထုတ်မည် ဆို၍ များစွာအားရ၀မ်းသာ ဖြစ်မိပါသည်။ ဂုဏ်ယူပါသည်။ ဤစာအုပ်အတွက် အမှာစာရေးရန်တောင်းဆိုလာ၍ကျွန်တော်အမြန်ကြိုးစားကာရေးပေးခဲ့ပါသည်။ သို့သော်ဟိုသွားသည်လာ အလုပ်များသွားကြ၍ စာမူပြောက်ဆုံးကြောင်း နှင့် မိတ်တူမူရင်း ယူမထားမိသဖြင့် ယခုတဖန်ထပ် ရေးပေးရန် တောင်းဆိုလာသဖြင့် ဥက္ကဌကြီးအကြောင်းကို ကျွန်တော် သိသလောက် ထပ်ရေးပေးလိုက်ပါသည်။
မြန်မာနိုင်ငံကိုအင်္ဂလိပ် ကိုလိုနီဝါဒီများအုပ်စိုးနေစဉ် ကျွန်တော်ငယ်ငယ်တုန်းက အသက်အား ဖြင့် (၈)နှစ်လောက်ရှိပါမည်။ (ခန့်မှန်း ၁၉၃၅ လောက်ရှိမည်) ။ ကျွန်တော့ဦးမင်း(cpo)စောမောင်တဲကကျွန်တော်ကိုအဖေါ်ခေါ်ပြီးဓနုဖြူမှမအူပင်မြို့ကိုသေနတ်ပြစ်(ဒါဘာပွဲကို ခေါ်သွားပါသည်။ မူအူပင် ပလိပ်တန်းလျား(cpo) စောသန်းစိန်ဖိုး၏ အိမ်တွင် သွားတည်းခိုရပါသည်။ အားလပ်ချိန်ညနေခင်း မအူပင်ပေါ်တော်မူ ကရင်ရပ်ကွက်သို့ သွားလည်ကြပါသည်။ ပေါ်တော်မူဝိုင်း ရေကာတာပေါ် လျှောက်သွားသည်မှာ စောဘဇန်သည် လေးထောင့်သံပုံး(၂)လုံးနှင့် ရေထမ်းခပ်နေသည် ကိုတွေ့ ရပါသည်။ ကျွန်တော့်ဦးလေး စောမောင်တဲက စောဘဇန်ကိုခေါ်ပြီး နှုတ်ဆက်လိုက်သည်။ ကျွန်တော့်ကိုတော့ "ငါ့တူ စောဘဇန်ဟာ ကောလိပ်ကျောင်းသားတစ်ယောက်ဖြစ်ပြီး ရေထမ်းတယ် သွေးမကြီးဘူး ၊ မင်းလည်းဒါကိုအတုယူပါ" ဟုဆုံးမခဲ့ပါသည်။ ပထမဦးဆုံး စောဘဇန်ကို ကျွန်တော်စတွေ့ခဲ့သည်မှာ ထိုအချိန်ကဖြစ်သည်။ နောင်အချိန် များတွင်တော့ သတိမမူမိခဲ့။ တွေးပေမတွေး၊ ခေါင်းထဲမှာပင် မစဉ်းစားခဲ့မိပေ။ သို့သော်သူ့မကြောင်းပြောရင်တော့ သူနှင့်စတွေ့ခဲ့ဖူးသည် ကိုသတိရမိနေမိပါသည်။
ထိုသို့အချိန်ကား ၁၉၄၅ ခုနှစ် ၊ ကျွန်တော်မအူပင်မြို့သို့ အလုပ်သွားရှာသောအခါ ကျွန်တော့်သူ ငယ် ချင်းထံမှ သိရှိရသည်ကား မအူပင် ကရင်ရပ်ကွက် မှ ဘောလုံးအသင်းတွင် ပါဝင်ကစားခဲ့ကြသော နံမည်ကြီးဘောလုံး သမားများမှာ ဘကျော်လေး၊ စောပေါချားမိန်းတော၊ စောဘဇန်တို့ဖြစ်ကြောင်းပင်ဖြစ်သည်။ ထို့ကြောင့်အားကစားသမား ကောင်းတစ်ယောက်ဖြစ်ခဲ့ကြောင်းကိုလည်း သိခဲ့ရသည်။
ထိုမှတဖန်၁၉၄၇ခုနှစ်၊ မေလရောက်သောအခါကျွန်တော်သည် ညောင်တုန်မြို့ (၁၄)လမ်းသို့ ရောက် ပြီးမြို့နယ်ရိက္ခာ ထောက်ပံ့ရေးဌာနတာဝန်ခံ ဖြစ်နေချိန်ဖြစ်သည်။ တမနက်ခင်းမှာ ကျွန်တော် ဈေးမှပြန်လာစဉ် (၁၅) လမ်း ရှစ်ခရစ်ယာန်မဓ္မဆရာ ဦးစံငြိမ်းအိမ်ဖက်မှ လျှောက်လာသော လူတစ်ယောက်တွင် နှစ်လုံးပြူးတလက်ပါလာ သည် ကိုတွေ့ရသည်။ ကျွန်တော်ဌာနရုံးအတွင်းသို့ဝင်ပြီး ပြန်ထွက်လာသည်။ ဈေးဖက်ကိုဆက်သွားသည်။ ကျွန်တော့ ကိုတွေ့တော့ ပြုံး၍နှုတ်ဆက်သည်။ ကျွန်တော်လည်း အံ့သြနေသည်။ ထိုအထဲမှ တစ်ယောက်ကိုတော့ ကျွန်တော် ကောင်းကောင်းမှတ်မိသည်။ ထိုသူကတော့ စစ်ပြန်ဗိုလ်အေးထွန်းဖြစ်သည်။ ၀ါးခယ်မမြို့နယ် မောင်းတီးမောင်း သာဖြစ်နေ သည်။ သူနှင့်အတူ ဂျပန် တော်လှန်ရေးတိုက်ပွဲမှာ ဆုံခဲ့သည်။ ဓနုဖြူတောင်ဖက် ပျဉ်ထောင်စုရွာမှာ ဂျပန်နှင့် တိုက်ပွဲဖြစ် စဉ်ကဖြစ်သည်။ ကျွန်တော်လည်း ဌာနရုံးအတွင်းဝင်ပြီး ဇနီးသည်ကို "ခုနကထွက်သွားတာဘယ်သူလဲ။ ဘာကိစ္စလာသလဲ " ဟုမေးလိုက်သည်။ ဇနီးက "ကျွန်မဆရာလေ ၊ ဆရာဘဇန်နဲ့လူတစ်ယောက်ဖြစ်တယ် ။ လာလည်၊ နှုတ်ဆက်တာ" ဟု ပြောသည်။ ဇနီးသည်ကမအူပင်မှာကျောင်းနေခဲ့တာပြောပြပြီး စောဘဇန်သည် ဇနီးသည်၏ဆရာဖြစ် ကြောင်း သိရသည်။ သူဘယ်ဆက်သွားမည်ဆိုတာကတော့ မသိ။
မကြာခင်တစ်နာရီအကြာတွင် ကျောင်းဆရာမကြီးနော်လှဝင်း တိုက်ရှေ့သို့ရောက်လာသည်။ ဆရာမကြီး က"ဟေ-့မောင်မောင် အစည်းအဝေး သွားမလား။ စောဘဇန်တို့ ညမှရောက်ကြတယ်။ ဒီမနက်နတ်ပေးရွာကိုသွားပြီး ကေအဲန်ယူမြို့နယ်အစည်း အရုံးဖွဲ့ဖို့ဖြစ်တယ်။ ဘယ်လိုသဘောရသလဲ" စသဖြင့် မေးလာသည်။ ကျွန်တော်လည်း စိတ်ထဲ တွင် အံ့သြ၀မ်းသာသွားသည်။ "ကဲဆရာမကြီးလဲ သွားမလား လာသွားမယ်" ပြောပြီး နှစ်ယောက်သား စက် ဘီးနောက်ထိုင် ဆိုက်ကားဖြင့် နာရီဝက်ခန့်ဖြင့် စီးကာ နတ်ပေးရွာသို့ထွက်ခဲကြသည်။ ညောင်တုန်မြို့၏တောင်ဖက်(၃) မိုင် ခန့်ဝေးသည်။
ထိုနံနက်မှာပင် နတ်ပေးရွာ မန်းစိန်သန့်အိမ်သို့ ရောက်ခဲ့ကြပြီး အစည်းအဝေးတက်ခဲ့ကြသည်။ ဤအစည်း အဝေးပွဲမှာပင် ဆရာဘဇန် (မန်းဘဇန်၊ စောဘဇန်) ကို ကောင်းစွာသိရှိလာခဲ့ကြရသည်။ ဆရာမကြီးနော်လှဝင်း အားပေးမှုကြောင့် ယခုလိုခေါင်းဆောင်တွေကို သိလာရပါသည်။တချိန်တွင်းမှာကျေးရွာခေါင်းဆောင်များကအဆိုသွင်းထောက်ခံ၍ကျွန်တော်မြို့နယ်ကေအဲန်ယူ အစည်းအရုံးတွဲဖက် အတွင်းရေးမှူးဖြစ်ခဲ့သည်။ မန်းဘဇန်နှင့် ရင်း နှီးကျွမ်းဝင်ခဲ့သည်။
၁၉၄၈ ခုနှစ် မတ်လအတွင်း တွင်ဦးနုက စောဖိုးသင်(ကရင်ရေးရာဝန်ကြီး) မှတဆင့် ကရင်လူထုကိုယ်စားလှယ်တစ်ခရိုင်လျှင်(၅)ယောက်ခေါ်ခဲ့သည်။ကရင့်အရေးကိုရှင်းပြဟောပြောရန်ဖြစ်သည်။ ထိုစဉ်က KNU/KYO ဟူ၍ နှစ်ဖွဲ့ဖြစ်နေသည်။ ကရင်လူငယ်အဖွဲ့မှ ခေါ်ခြင်းဖြစ်သည်။ သို့သော်လည်း ညောင်တုန်းမြို့နယ် ကရင်တွေက ကျွန်တော်ကို သိ၍ စည်းဝေးပွဲမှ ကောက်ခံရသည်။ ဆရာဘဇန်မှ မအူပင်ကနေ၍ ထိုအကြောင်းကို ကြားသောအခါ အထူးစစ်သားလွတ် ၍ စာပို့သည်။ “စောမောင်မောင်၊ မင်းနောက်မှာ ကရင်လူထုရှိနေတယ်။ KYO ကခေါ်တဲ့အစည်းအဝေးကို မသွားပါနဲ့ ”ဟု တားသည်။
ထိုအချိန်မှာ KNU မှလည်း အရေးပေါ်ညီလာခံကို ရန်ကုန်၊ ပဲခူး ကရင်အထက်တန်းကျောင်းမှာ ခေါ်ထား သည်။ ကျွန်တော်သွားချင်သည်။ သွားခဲ့သည်။ ကျွန်တော် ဦးနုခေါ်တဲ့အစည်းအဝေးရော၊ ကေအဲန်ယူ အစည်းအဝေးရော၊ “ခွ”တက်ခဲ့သည်။ များစွာ ဗဟုသုတ ရရှိပါသည်။ တသက်မမေ့စရာတွေ တွေ့ရှိခဲ့ပါသည်။ ဤသည်မှာ ဆရာ၊ ဆရာမတို့၏ ကြီးမြတ်လှသော ကျေးဇူးဖြစ်ကြောင်း အထူးမှတ်တမ်းတင်ထားရမည်။ ကရင်ခေါင်းဆောင်လူကြီးများကို များစွာသိခဲ့ရ သည်။
၁၉၄၉ ခု၊ အင်းစိန်မှ ဆုတ်ခွာလာသောအခါ ညောင်တုန်းမြို့ကိုရောက်ကြသည်။ ဗိုလ်ချုပ်စန်းကေ၊ ကော်ကဆာဟန်တာ သမွှေး၊ မန်းဘဇန်၊ မန်းနေလွန်း၊ ဗိုလ်ကျော်စိန်နှင့် အခြားအရေးကြီးသော ခေါင်းဆောင်များပါဝင်သည်။ တချို့စခန်းချနေ ကြသည်။ တချို့ ခရီးဆက်နေကြသည်။ ကျွန်တော်က ဆရာဘဇန်အား ချည်းကပ်ပြီး “ဆရာ၊ ကျွန်တော်တို့မြို့ကို သိမ်းထား ပြီးပြီ၊ ဘာတွေဘယ်လိုလုပ်ရမလဲ ပြောပြပါဦး”ဟု မြို့နယ်ခေါင်းဆောင်များနှင့်အတူ မေးမြန်းခဲ့ပါသည်။ ဆရာဘဇန်က “ဟေ့၊ စောမောင်မောင် မြို့လူထုနဲ့တည့်အောင်ပေါင်း၊ လူထုအကျိုးလုပ်ရင် ဒါအုပ်ချုပ်ရေးပဲ” ဟု လွယ်လွယ်နဲ့ပဲ ညွန်ပြခဲ့ပါ သည်။ နောက်မြို့ပေါ်ရှိ လူထုများကို ခေါ်ယူပြီး ရှင်းလင်းပွဲစည်ကားစွာ ပြုလုပ်ခဲ့ပေးခဲ့သည်။ ဆရာဘဇန်၊ မန်းနေလွန်းတို့ ဟောပြောရှင်းလင်းပေးခဲ့သည်။ ကျွန်တော်တို့ ပိုသဘောပေါက် ၀မ်းသာကြသည်။
၁၉၄၉ ခု၊ မိုးရာသီ ဇူလိုင်လလောက်မှာ ညောင်တုံးမြို့၊ သွန်းဘုရာတံစောင်းအနီးရှိ ဦးဖိုးမြ၏ တိုက်တွင် မြစ်ဝကျွန်းပေါ်ဒေ သ တခုလုံး ညီလာခံတရပ်လုပ်ခဲ့ကြသည်။ ဤအစည်းအဝေးမှာ ဗိုလ်ချုပ်စိုင်းကေ၊ မန်းဘဇန်၊ ကော်တဆာဟန်တာသမွှေး တို့ ရှေ့ဆောင်ခဲ့ကြသည်။ စည်းဝေးပွဲမှာ လူထုကို စည်းရုံးကြရမည်။ အမိန့်နဲ့ ညွန်ကြားချက်တွေကို လိုက်နာကြရမယ်။ လူထုဆန့်ကျင်ရေးတွေမလုပ်ရဘူး။ စသည်ဖြင့် ရှင်းပြခဲ့ကြသည်။ ကိုယ်စားလှယ်တပ်မှူးတစ်ယောက်က လူကြီးတွေဒီ လောက်ပြောရင် နည်းလည်ပါပြီဟု ခပ်ဆတ်ဆတ်ပြန်ပြောခဲ့သည်။ ထိုအခါ ဆရာဘဇန်မှာ ကေအင်ဒီအို ဗိုလ်ချုပ်ဖြစ်နေပြီး “ဟုတ်မှလည်းလုပ်ပါ။ တကယ်နားလည်ကြပါ။ ကျွန်တော် မိန်းမဦးခေါင်းနှစ်ခါ မမှန်စေချင်တော့ဘူး”ဟု ပြောသဖြင့် စည်းဝေးပွဲမှာ ပွဲကျခဲ့ကြသေးသည်။ ရဲရဲတောက်ပြောခဲ့သည်။
ညောင်တုန်းမြို့နယ်မှ ဆုတ်ခွာလာရစဉ် ညဥ့်ဘက်ဖြစ်သည်။ ညဖက်သွားရင်းလာရင်း ဆရာမန်းဘဇန်အား ငါးဆူးစူးခဲ့ သည်။ မြွေကိုက်ခံရတယ်ဆိုပြီး အတော်လေး စိတ်ထိခိုက်ခဲ့သေးတယ်။ မြစ်ဝကျွန်းပေါ်တိုင်းတွင် နိုင်ငံရေးသင်တန်းကျောင်း များဖွင့်ပြီး သင်ကြားပို့ချခဲ့သည်။ စာပေပညာတတ်များ ပေါများသည်ဖြစ်၍ အချို့ဘွဲ့ဒီကရီရသူများက “ဒီသင်တန်းမှာ ဆရာ ဘယ်သူလဲကွ။ ဘဇန်လား။ သူလည်းဘီအေ၊ ငါတို့လည်းဘီအေပဲကွ။ ဘာတက်စရာလိုသလဲ ”ဟု အထင်သေးပြောဆိုခြင်း များကိုလည်း ခံနိုင်ရည်ရှိခဲ့ပေသည်။
ကရင့်တော်လှန်ရေးသည် ၁၉၄၉ခုနှစ်မှ ၁၉၅၃ ခုနှစ်အထိ စစ်အုပ်ချုပ်ရေးအလိုအလျှောက်ကျခဲ့သည်။ ၁၉၅၃ခုနှစ်ကျမှ ဒုတိယလမ်းစဉ်ကိုချမှတ်ပြီး လူထုကို ချည်းကပ်စည်းရုံးကာ လူထုအခြေခံ ရရှိလာခဲ့ခြင်းဖြစ်သည်။ နိုင်ငံရေးလမ်းစဉ်မှာ ဒီမိုကရေစီသစ်ကို အခြေခံသည့် လမ်းစဉ်ဖြစ်သည်။ မန်းဘဇန်မှ ဒီမိုကရေစီသစ်ကို လေ့လာပြီး ချမှတ်ခဲ့သော ဒုတိယလမ်းစဉ် ဖြစ်သည်။ မန်းဘဇန်မှာ ပြောင်မြောက်စွာ စုပေါင်းခေါင်းဆောင်မှုယူခဲ့သည်။ ဖိနှိပ်ခံရခြင်းမှ တော်လှန်သောလမ်းစဉ်ကိုရှာ ပြီး ပညာတွေပေးခဲ့သည်။ကရင့်တော်လှန်ရေးအတွင်းအလှည့်အပြောင်းများလုပ်ခဲ့ရသည်။ တော်လှန်သည့်နိုင်ငံရေးကို ပို၍ လေ့လာခဲ့ရသည်။
အချို့နိုင်ငံရေးကိုနားမထောင်ပဲစစ်ရေးတစ်ခုတည်းကိုသာအားသန်သူများကမန်းဘဇန်အားအနီဖြစ်လာပြီ။ ကွန်မြူနစ်ဖြစ် တယ်ဟု စွပ်စွဲခဲ့ကြသေးသည်။
ကျွန်တော်တို့ ကရင့်တော်လှန်ရေးအတွင်းမှာ အယူအဆများကွဲပြားခဲ့သည်။ ၁၉၆၃ ခုနှစ် ကွန်ဂရက်မှာ ကွဲခဲ့ကြသည်။အချုပ်အားဖြင့်ကေအဲန်ယူပါတီ၏ပထမခံယူထားသောလမ်းစဉ်မှာနယ်ချဲ့ပဒေသရာဇ်စနစ်နှင့် မဟာဗမာလူမျိုးကြီးဝါဒ ဆန့်ကျင်ခြင်းဖြစ်သည်။ ကေအာစီမှ ဗမာကိုသာ ရန်သူထားတိုက်ရမယ်။ သီးခြားကရင်ပြည်ဖြစ်ရမည်ဟုခံယူပြီးစစ်အုပ်ချုပ်ရေးပုံစံလုပ်လာကြသည့်သဘောထားအပေါ်ကွဲခဲ့သည်။ မန်းဘဇန်သည်ကေအဲန်ယူပါတီဥက္ကဌအနေဖြင့်ပုံမှန်နယ်ချဲ့ပဒေသရာဇ်နှင့်မဟာဗမာလူမျိုးကြီးဝါဒီစနစ်ကိုခိုင်ခိုင်မာမာရပ်တည်ဆန့်ကျင်ပြီးရှေ့ဆောင်ခဲ့သည်။ဗမာကိုရန်သူအဖြစ်လမ်းစဉ်တွင်သတ်မှတ်ထားပြီးတိုက်လိုသော ကေအာစီအုပ်ချုပ်သည် ၁၉၆၃ခုနှစ် ငြိမ်းချမ်းရေး ဆွေးနွေးကြစဉ် မဟာလူမျိုးကြီးဝါဒီ တော်လှန်ရေးကော်စီအစိုးရထံ လက်နက်ချပူးပေါင်းသွားခဲ့သည်။ နှစ်နှစ်၊ သုံးနှစ်ကာလအတွင်း ပျောက် ကွယ်သွားခဲ့သည်။ဤသည်မှာကြီးမားသောသင်ခန်းစာဖြစ်ပေသည်။မေ့မရနိုင်သည့်ဖြစ်ရပ်ကြီးပင်ဖြစ်သည်။
နောက်တဖန် သဘောတရားရေးအရ အမျိုးသားတိုးတက်ရေးပါတီအဆင့် ခံယူကြသော ကေအဲန်ယူပါတီအတွင်း၌ ကွန်မြူ နစ်ပါတီကဲ့သို့ ခံယူလာကြသောအခါ မော်အတွေးအခေါ်ကို စိုက်ထူလာကြပြီး ပါတီတွင်းမှာ တိုက်ပွဲတွေဖြစ်ပေါ်လာသည်။ မော်အယူအဆလက်မခံသူများသည် ပြန်လည်ပြင်ဆင်ရေး အချောင်သမားတွေဟူ၍ပင် စွပ်စွဲပုတ်ခတ်ကာ ခေါင်းဆောင်အ ချင်းချင်း အပြစ်ရှာလာကြသည်။ “ပြဿနာကို ဖော်ထုတ်ဖွင့်ချတိုက်ပွဲဝင် ”ဆိုသည့် (၃)ချက်နည်းကို လုပ်လိုလာကြသည်။ ဤလုပ်ရပ်များကြောင့် ဥက္ကဌကြီး မန်းဘဇန်သည် ကေအဲန်ယူပါတီမှ ၁၉၆၈ ခုနှစ်တွင်နှုတ်ထွက်ခဲ့သည်။၎င်းနှင့်အတူပါတီဗဟိုကော်မတီအချို့ပါဝင်သည်။ကေအဲန်ယူတပ်ဦးဖွဲ့စည်းပြီး တော်လှန်ရေးကို ရှေ့ဆောင်သည်။
ဤပါတီတွင်း အတွေးအခေါ်အယူအဆရေး၊ နိုင်ငံရေးပြဿသနာများပြင်းထန်စွာဖြစ်ပေါ်နေချိန်တွင် ကျွန်တော်နှင့်ပို၍နီးကပ်စွာ တိုင်ပင်ဆွေးနွေးခဲ့ကြသောကြောင့် တယောက်အကြောင်းတယောက်ပိုသိပြီး ရင်းနှီးသည်။အယူအဆ၊အတွေးအခေါ်တို့များစွာတူညီကြသည်။သို့သော်လည်းမိမိအဖွဲ့အစည်းကွဲသည့်အခါ KNLC နှင့် ရဲရဲပြန်လည်စည်းလုံးညီညွတ်ရေး ကို အရယူခဲ့ကြပါသည်။
ဗိုလ်ချုပ်မောင်မောင် (၂၃-၈၉၃)

ကေအင်န်ယူ ကရင်အမျိုးသားအစည်းအရုံး၊(KNU Karen nation organization)
အထွေထွေအတွင်းရေးမှူး (၂) ပဒိုစံလင်း၏ အမှာ

ဥက္ကဌကြီး မန်းဘဇန်၏ သားကြီး သြရသမန်းရောဘတ်ဇန်မှ ကျွန်တော့်အား ၎င်း၏ဖခင်ကြီးကိုယ်တိုင် အသံသွင်းထားသော တော်လှန်ရေးတသက်တာ လုပ်ဆောင်ချက်များစာအုပ်ကို လာပြပါသည်။ ထိုစာအုပ်နှင့်ပတ်သက်၍အမှာစာရေးပေးရန်လည်းတောင်းခံလာသည်။ ကျနော်သည်တော်လှန်ရေးကာလတလျှောက်ဥက္ကဌကြီးမန်းဘဇန်နှင့်အရင်းနှီးဆုံးသောလုပ်ဖေါ်ကိုင်ဖက်ရဲဘော်များတွင် တဦးပါဝင်သူဖြစ်သည်။ ထိုကြောင့် ၀မ်းမြောက်ခြင်းများစွာဖြင့် အမှာစာရေးပေးမည်ဖြစ် ကြောင်း ကတိပေးလိုက်ပါသည်။

ထိုစာအုပ်ကို ဖက်ကြည့်ရာ ကျနော်တို့ချီတက်လာခဲ့သော တော်လှန်ရေး သက်တမ်းတလျှောက်အသိများ ပိုမိုကြွယ်ဝလာစေ ပါသည်။ အမျိုးသားတော်လှန်ရေးစွမ်းအားကိုလည်း များစွာဖြစ်စေပါသည်။ ကျတော့်အနေနှင့် အဖွဲ့စည်းအတွင်းတာဝန်ယူ လုပ်ဆောင်နေရပါသည်။ မိခင်အဖွဲ့အစည်း၏ တာဝန်ပေးချက်အရ၁၉၅၄ခုနှစ်မှ၁၉၇၅ခုနှစ်အထိအခြားအဖွဲ့အစည်းများနှင့် တပ်ပေါင်းစုလုပ်ငန်းများတွင် တာဝန်ယူ လုပ်ဆောင်ခဲ့ရသည်။ မိခင်အဖွဲ့အစည်းကိုဤစာအုပ်တွင်ကျနော်မသိသေးသော အချက်အလက်များ အတော်သိခဲ့ရပါတယ်။ ထိုကြောင့်လည်း ဤစာအုပ်သည် ၎င်းထမ်းဆောင်ခဲ့သော တော်လှန်ရေးကာလတလျှောက်အချက်အလက်များအတော်ကိုပြည့်စုံလုံလောက်သည့်အတွက်သမိုင်းဝင်စစ်တမ်းတစောင်လည်းဖြစ်ပေသည်။ကရင့်တော်လှန်ရေးအတွက် မှတ်တမ်းဝင်ရမည်လည်းဖြစ်ပါသည်။

ရေးသားဖေါ်ပြချက်များသည်တက်သစ်စကရင်လူငယ်ကလေးများအတွက်သာမကတော်လှန်ရေးတိုက်ပွဲဝင်နေကြသောလူမျိုးပေါင်းစုံရဲဘော်များအတွက်အသိကိုပြည့်ဝစေပြီးတိုက်ပွဲဝင်စိတ်ဓာတ်များခိုင်မာစေပါသည်။ ဤနေရာ ဥက္ကဌကြီး မန်း ဘဇန်၏ အစွမ်းထက်မြက်ချက်ကို ပြောလိုပါသည်။ စစ်ကျွန်ခေတ်၊ ကိုလိုနီခေတ်၊ ၁၉၃၈ခုနှစ်၊ ကျောင်းသားသပိတ် (၁၃၀၀ ပြည့်နှစ်အရေးတော်ပုံ) နယ်ချဲ့ဆန့်ကျင်ရေး အရေးတော်ပုံကြီးတွင် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂမှပါဝင်သော ရဲရဲ ထောက်တိုက်ပွဲဝင်ခဲ့သည်။ ကရင့်တော်လှန်ရေးမစမီ ၁၉၄၇၊ ၁၉၄၈နှစ်များတွင် တပြည်လုံးရှိ ကရင်အမျိုးသားများအား (KNU) ၏ ရှေ့ဆောင်မှုအောက်တွင် ပါဝင်စုစည်းပြီး အမျိုးသားအတွက် တိုက်ပွဲဝင်လာအောင်ရှေ့တန်းမှ လှုံ့ဆော်စည်းရုံးနိုင်ခဲ့သည်။ကရင့်သမိုင်းကိုကရင်သာဖန်တီးနိုင်ကြောင်း ဟောပြောရာတွင်လည်းကောင်း၊ သုဝÀတိုင်းဂျာနယ်တွင်လည်းကောင်း ရဲရဲတောက်ရေးသား စည်းရုံးနိုင်ခဲ့သဖြင့် မီးခဲဘဇန်ဆိုသည့်ဘွဲ့နှင့် တပြည်လုံးတွင် ကျော်ကြားလာခဲ့သည်။

လက်နက်ကိုင်တော်လှန်ရေးစတင်ချိန်တွင်ရန်သူဖဆပလ၏လူမျိုးရေးအဓိကရုန်းဖန်တီးနေမှုကိုဟန့်တားနိုင်ရုံမကလူမျိုးစုံချစ်ကြည်ရေးကိုတည်ဆောက်နိုင်ခဲ့သည်။ကော်ခိုဘဦးကြီးချမှတ်လမ်းညွန်ခဲ့သည့်တပ်ပေါင်းစုလုပ်ငန်းများကို၁၉၅၂ခုနှစ်မှစပြီးအကော်အထည်ဖော်နိုင်ခဲ့သည်။အဓိကတပ်ပေါင်းစုလုပ်ငန်းတွင်ဦးစီးပါဝင်လုပ်ဆောင်နိုင်ခဲ့သလို၎င်းမပါဝင်သောတပ်ပေါင်းစုများမှာ မရှိသလောက်ပင်ဖြစ်သည်။ မိမိနိုင်ငံ၏ အခြေအနေ လူမျိုးရေးလှုပ်ရှားမှုနှင့် နိုင်ငံတကာ အခြေအ နေတို့ကိုပေါင်းစပ်ကာ ကရင့်တော်လှန်ရေး အောင်ပွဲခံအမျိုးသm;'Drdkua&pDvrf;pဉ်ကိုရှေ့ဆောင်ချမှတ်ပေးနိုင်ခဲ့သည့်အထဲတွင်ရှေ့တန်းမှပါဝင်ခဲ့သည်။

ဤသို့ပြောင်မြောက်သော အမျိုးသားတော်လှန်ရေးသမား ခေါင်းဆောင်ကြီးရေးသားသော စာအုပ်သည် အဘယ်မှဝေဖန်စရာရှိပါမည်နည်း။ကျွနုပ်တို့အတွက်အားသစ်သာတိုးပွားဖြစ်ပေါ်စေသည်။ အခြေအနေသည် နေ့စဉ်နှင့်အမျှ ပြောင်းလဲတိုးတက်နေသည့်အပေါ် အခြေအနေအချိန်အခါ ကာလဒေသနှင့် ဟပ်မိစပ်မိအောင်ဖေါ်ညွန်းထားသောစာအုပ်လည်းဖြpfသည်။ တနည်းဆိုရသော ကျွန်ုပ်တို့ ကရင်အမျိုးသားသမက လူမျိုးစုများပါ အကျိုးရှိစေသည့် စာအုပ်ကောင်းတစ်အုပ်လည်း ဖြစ်သည်။

ထိုကြောင့် ကျွန်ုပ်တို့ လူမျိုးများအနေနှင့် ဤစာအုပ်အပေါ်အခြေခံပြီး မိမိတို့အမျိုးသားလွတ်မြောက်ရေး အောင်ပွဲပန်းတိုင်အတွက်စံထားထိုက်သောစာအုပ်တအုပ်ဖြစ်သည်။ဤသို့ဘက်စုံသောစာအုပ်လည်းဖြစ်၍ တော်လှန်လိုသူတိုင်းလက်ဝယ် ကိုင်ဆောင်ထားသင့်ကြောင်း အမှာစာရေးသားပါသည်။
(ပဒိုစံလင်း)
တွဲဘက်အထွေထွေအတွင်းရေးမှူး(၂)
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဗဟို-

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ ဒုတိယဦးစီးချုပ်နှင့် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု စစ်ကော်မတီအတွင်း ရေးမှူး ဒုဗိုလ်ကြီး တာမာလာဘော၏ အမှာစာ

မြန်မာပြည်လွတ်မြောက်ရေးမတိုင်မီ၁၉၃၈ခုနှစ်တွင်ကျွန်တော့်အနေနှင့်ဗြိတိသျှတပ်မတော်တွင်စတင်ဝင်ရောက်အမှုထမ်းခဲ့သည်။ ဤကာလသည် မြန်မာပြည်တွင် အမျိုးသားရေးစိတ်ဓါတ် အထူးတိုးတက်နေပြီး နယ်ချဲ့ဆန့်ကျင်ရေး၊ နိုင်ငံ လွတ်လပ်ရေးအတွက် ကြိုးပမ်းနေချိန်ဖြစ်သည်။

ထိုစဉ်က ဥက္ကဌကြီး မန်းဘဇန်သည် တက္ကသိုလ်ကျောင်းသားဘ၀နှင့် အမျိုးသားနိုင်ငံရေးလှုပ်ရှားမှု တွင်ပါဝင်ခဲ့သည်။သို့ရာတွင်၎င်းအား လူသိမများသေးချေ။ ကျွန်တော့်အနေနှင့်လည်း ၎င်း၏အမည်ကိုပင် မကြားဘူးသေးချေ။

၁၉၄၅ခုနှစ်နောက်ပိုင်းစစ်ပြီးခေတ်တွင်ကရင့်အမျိုးသားလှုပ်ရှားမှုပေါ်ပေါက်လာရာမန်းဘဇန်ဟူသောအမည်သည် တစတစပေါ်လွင်လာသည်။ အထူးသဖြင့် ၁၉၄၇ခုနှစ် ကရင့်အမျိုးသားအစည်းအရုံးမှစ၍ မန်းဘဇန်ဟူသောအမည်သည် ပို၍ ထင်းရှားလာသည်။ သုဝဏတိုင်းသတင်းစာတွင် ၎င်း၏အမည်ကို ဥက္ကဌကြီးစောဘဦးကြီးတို့နှင့် မကြာခဏဖတ်ရူခဲ့ရသည်။ ထိုစဉ်က ၎င်းသည် ကရင့်အမျိုးသားအစည်းရုံး (KNU) ဗဟိုကော်မတီ အလုပ်အမှုဆောင်အဖွဲ့ဝင် ကာကွယ်ရေးဌာန တာဝန်ယူထားသူဖြစ်သည်။ ထိုစဉ်ကကျွန်တော်သည်ကရင့်သေနတ်ကိုင်တပ်ရင်း(၁)တွင်တာဝန်ထမ်းဆောင်နေချိန်ကရင့် တော်လှန်ရေးစတင်သည်နှင့် ကျွန်တော်တို့တပ်ရင်းပါ ပါဝင်ပူးပေါင်းပြီး တောင်ငူမှ မိတ္တီလာ၊ မန္တလေး၊ မေမြို့သို့ချီတက်ပြီးထိုမှတဆင့်တောင်ငူသို့ပြန်ဆင်းလာသည်။သို့ရာတွင်ထိုအချိန်အထိဥက္ကဌမန်းဘဇန်ကိုကျွန်တော်မတွေ့ဖူးသေးပေ။၁၉၅၀ခုနှစ်ဥက္ကဌစောဘဦးကြီးကျဆုံးပြီးနောက်မြစ်ဝကျွန်းပေါ်တွင်ဖြစ်စေ၊ အရှေ့တိုင်းနှင့် ပဲခူးရိုးမတိုင်းတွင်ဖြစ်စေ၊ ဥက္က ဌကြီး မန်းဘဇန်၏ ဦးဆောင်မှုသည် အလျှင်အမြန်ပင် အရေးပါသည့်နေရာသို့ ရောက်ရှိလာသည်။

၁၉၅၆ ခုနှစ် ညောင်လေးပင်ခရိုင် မောကိုကွန်ဂရက်ကိုကျင်းပသည့်အခါ မြစ်ဝကျွန်းပေါ်တိုင်း၊ ပဲခူးတိုင်း၊ အရှေ့တိုင်းမှာ ကရင်များ စုံညီစွာတက်ရောက်ခဲ့ကြသည်။ ဤကွန်ဂရက်တွင် ကျွန်တော့်အနေနှင့် ဥက္ကဌကြီးမန်းဘဇန်ကို စတင်တွေ့သိခဲ့ ခြင်းဖြစ်သည်။ ထိုစဉ်က ၎င်း၏အသက်မှာ (၄၀)နီးပါးသာ ရှိသေးသဖြင့်ကျန်းမာကြံ့ခိုင်ပြီး အလွန်တက်ကြွစွာ အလုပ်လုပ် နေသည့် အရွယ်လည်းဖြစ်သည်။

၁၉၅၉ခုနှစ်တွင် ဖါပွန်ခရိုင်မြောက်ပိုင်း ထိုထိုပလောတွင်ဥက္ကဌကြီး မန်းဘဇန်ကိုယ်တိုင်ဦးစီး၍ နိုင်ငံရေးသင်တန်းဖွင့်ခဲ့ရာကျွန်တော်အပါဝင်ခရိုင်အသီးသီးနှင့်တပ်မဟာအသီးသီးမှခေါင်းဆောင်အများအပြား တက်ရောက်ခဲ့ကြသည်။ ကျွန်တော် အနေနှင့် ပထမဆုံးအကြိမ် နိုင်ငံရေးသင်တန်း စတင်တက်ရောက်ခဲ့ခြင်းလည်းဖြစ်သည်။ဥက္ကဌကြီးမန်းဘဇန်၏သင်ကြားပို့ချမှုရှင်းလင်းဖွင့်ဆိုမှုများသည် အလွန်ရှင်းလင်းကောင်းမွန်သဖြင့်သင်တန်းသားအားလုံးပင်ဥက္ကဌကြီးပို့ချမှုကိုအားလုံးစိတ်ဝင်စားခဲ့ကြသည်။ ကြိုးစား၍လေ့လာဆည်းပူးခဲ့ကြသည်။ ဤအချိန်မှစ၍ ကျွန်တော်သည် ဥက္ကဌကြီးအား ထူး ချွန်သောနိုင်ငံရေးခေါင်းဆောင်တဦးအဖြစ်မှတ်ယူခဲ့သည်။၎င်း၏ဦးဆောင်မှုကို သက်ဝင်ယုံကြည်ခဲ့သည်။ ၎င်းနှင့်အတူ ကျရာတာဝန်များကို ထမ်းဆောင်ခဲ့သည်။

ဥက္ကဌကြီးမန်းဘဇန်နှင့်အတူ ရှည်လျှားသည့်တော်လှန်ရေးသမိုင်းကို ဖြတ်သန်းရင်း ကျွန်သည် ဥက္ကဌကြီး၏ ထူးခြားသည့်အ ရည်အချင်းများကို တွေ့မြင်ခဲ့ရသည်။

ပထမအားဖြင့်ဥက္ကဌကြီးသည်ပြည်တွင်းပြည်ပနိုင်ငံရေးအခြေအနေကိုဂရုတစိုက်လေ့လာနေခဲ့ခြင်းပင်ဖြစ်သည်။
ဒုတိယအချက်မှာ အဖိနှိပ်ခံအမျိုးသားများ၊ အဖိနှိပ်ခံပြည်သူများ တော်လှန်ရေးအင်အားစုများအား စည်းလုံးညီညွတ်ကြရန် ဇွဲသတ္တိကြီးမားစွာနှင့် ကြိုးပမ်းခဲ့သည်။
တတိယအားဖြင့်ကရင့်တော်လှန်ရေးအနေနှင့်ရင်ဆိုင်နေရသည့်နိုင်ငံရေး၊စီးပွားရေး၊စစ်ရေးပြဿနာများကိုလည်း စိတ်ရှည်လက်ရှည် ကြိုးပမ်းကိုင်တွယ်ဖြေရှင်းခဲ့သည်။
စတုတ္တအားဖြင့် ဥက္ကဌကြီးသည် သင်တန်းပေးရာတွင်ဖြစ်စေ၊ အောက်ချေကို ပညာပေးရာတွင်ဖြစ်စေ၊ အများနားလည် အောင် ရှင်းလင်းစွာပို့ချပညာပေးနိုင်ခြင်းဖြစ်သည်။
ဥက္ကဌကြီးမန်းဘဇန်သည်ကျောင်းသားဘ၀မှစ၍အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲတွင်တက်ကြွစွာပါဝင်ခဲ့သည်။ ကရင့် တော်လှန်ရေးကိုလည်း ရှည်ကြာစွာဦးဆောင်ပေးခဲ့သည်။ ၎င်း၏ ဘ၀ထူးခြားသည့် ကြိုးပမ်းမှုများစွာကိုလည်း ပြုလုပ်ခဲ့ သည်။ ထိုကြိုးပမ်းမှုများအနက် အောက်ပါကြိုးပမ်းမှုများသည် ထင်ရှားသည့် ကြိုးပမ်းမှုများပင်ဖြစ်သည်။ ၎င်းတို့မှာ -

ပထမအားဖြင့် ဥက္ကဌကြီးမန်းဘဇန်သည် ဥက္ကဌကြီးစောဘဦးကြီးကျဆုံးပြီးနောက် ကရင့်လက်နက်ကိုင်တော်လှန်ရေးကို နိုင် ငံရေးအရ၊ စစ်ရေးအရ၊ မှန်ကန်သော အမျိုးသားတော်လှန်ရေး
လေလမ်းကြောင်းပေါ်တွင်စုစည်းမြှင့်တင်နိုင်ခဲ့သည်။ဤသည်မှာ၎င်းသမိုင်းဝင်ကြိုးပမ်းစွမ်းဆောင်မှုပင်ဖြစ်သည်။

ဒုတိယကြိုးပမ်းစွမ်းဆောင်နိုင်ခဲ့မှုမှာမဟာမိတ်အင်အားစုများနှင့်ဖြစ်ပွားနေသည့်လက်နက်ကိုင်ပဋိပက္ခများကိုအဆုံးသတ်နိုင်ခဲ့ခြင်းဖြစ်သည်။ ဤအချက်သည်လည်း ၎င်း၏ အရေးပါသော စွမ်းဆောင်မှုကြီးပင်ဖြစ်သည်။ ဥပမာအားဖြင့် ၁၉၅၂ခုနှစ် တွင် အနန်းကုန်းသဘောတူညီချက် (ဇင်၊ ဇံ) ကိုပြုလုပ်နိုင်ခဲ့ခြင်းဖြင့် ယခင်ကေအဲန်ယူနှင့် စီဘီပီ (C.P.B) အကြား လက် နက်ပဋိပက္ခကို အဆုံးသတ်နိုင်ခဲ့သည်။

တတိယစွမ်းဆောင်မှုမှာ တပ်ပေါင်းစုတည်ဆောက်ရေးကို အကောင်အထည်ဖေါ်နိုင်ခဲ့ခြင်းဖြစ်သည်။ ၎င်းအနေနှင့် ၁၉၅၆ ခု နှစ်တွင် (လညတ) တပ်ပေါင်းစုကိုလည်းကောင်း၊ ၁၉၅၉ခုနှစ်တွင် (မဒညတ) တပ်ပေါင်းစုကိုလည်းကောင်း ဖွဲ့စည်းနိုင်ခဲ့ သည်။ ၁၉၆၀ ခုနှစ် (လလမဖ)ကို ဖွဲ့စည်းနိုင်ခဲ့သည်။ ၁၉၆၅ခုနှစ်တွင် (ညလတ)ကို ဖွဲ့စည်းခဲ့သည်။ ၁၉၆၇ ခုနှစ်တွင် (လည တ) ၁၉၇၀တွင် (တညလ)ကို ဖွဲ့စည်းခဲ့သည်။ ၁၉၇၅ခုနှစ်တွင် (ပမဒတ)ကို ဖွဲ့စည်းခဲ့သည်။ ၁၉၇၆ခုနှစ်တွင် (မဒတ)ကို ဖွဲ့ စည်းခဲ့သည်။ ဤတပ်ပေါင်းစုများသည်ဥက္ကဌကြီးမန်းဘဇန်၏အကြံအဥာဏ် ဦးဆောင်ကြိုးပမ်းမှုနှင့် တခုမျှမကင်းခဲ့ပေ။ ဤများလှသောတပ်ပေါင်းစုများကိုကြည့်လျှင်၎င်း၏တပ်ပေါင်းစုဆိုင်ရာမမောနိုင်မပန်းနိုင်ဇွဲခိုင်စွာနှင့်ကြိုးပမ်းခဲ့သည်မှာ ထင်ရှားပေသည်။

စတုတ္တအရေးပါသည့် ကြိုးပမ်းမှုကြီးတခုမှာ ၁၉၆၃ခုနှစ်မှစ၍ အဖွဲ့အစည်းအတွင်း ၀ဲယာအယူအဆ ရိုက်ခတ်မှုကြောင့် အကွဲ ကွဲအပြားပြားဖြစ်ခဲ့သည့် အမျိုးသားစည်းလုံးညီညွတ်ရေးကို ၁၉၇၅ခုနှစ်တွင် ပြန်လည်တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်သည်။

ဥက္ကဌကြီးမန်းဘဇန်၏ တသက်တာသည် နိုင်ငံရေးအရ ကြီးမားသည့် ကြိုးပမ်းအားထုတ်မှုများကို လုပ်ဆောင်ခဲ့သည်။ ဤ လုပ်ဆောင်ချက်များကြောင့်ပင် ပြည်တွင်းပြည်ပနှစ်ရပ်စလုံးမှ သိရှိခဲ့ကြသည်။ လေးစားမှုကိုရရှိခဲ့သည်။ ယခု ၎င်းရေးသား ချက်များအားစုစည်း၍ ပုံနှိပ်ထုတ်ဝေမည်ဟု သိရှိရသည့်အခါ ကျွန်တော့်အနေနှင့်အတိုင်းမသိဝမ်းသားမိသည်။ဤစာအုပ်မှတဆင့်တော်လှန်ရေးများအားလည်းကောင်း၊အဖိနှိပ်ခံအမျိုးသားများ၊အဖိနှိပ်ခံပြည်သူများအားအကျိုးပြုနိုင်ပါစေသတည်းဟုဆုတောင်းလိုက်ရပါသည်။
(ဒုဗိုလ်ချုပ်ကြီး တာမလာဘော)
ဒုတိယစစ်ဦးစီးချုပ်
ကရင်အမျိုးသားလွှတ်မြောက်ရေးတပ်မတော်

ကေအဲန်ဒီအို ဗိုလ်ချုပ်ဗိုလ်မှူးချုပ်ကျော်သောင်း၏ အမှာစာ
အမှာစာရေးရန်အတွက် ကျွန်တော်တွင် တာဝန်ရှိပါသည်။ အထူးလည်း စိတ်ဝင်စားပါသည်။ အမှာစာအစား အချိန်ယူ၍ ကျနော့်ဖခင်ကြီး၊ ခေါင်းဆောင်ကြီးအား ဂါဝရပြု၊ ဂုဏ်ပြုသည့်အနေဖြင့် ဖခင်ကြီး၊ ခေါင်းဆောင်ကြီး၏ ရှေ့ဆောက်ချက်၊ ခေါင်းဆောင်ခဲ့သည့်အချက်များ မိန့်ခွန်းသြ၀ါဒများကို ကျနော်ကိုယ်တွေ့၊ခံယူကျင့်သုံးလုပ်ဆောင်လာသည်ကို(စာအုပ်ငယ်)အဖြစ်ရေးသားပြုစု၊ထုတ်ဝေသွားမည်ဖြစ်သည်။

ဖခင်ကြီးခေါင်းဆောင်ကြီး၏တော်လှန်ရေးးခေါင်းဆောင်မှု(ပြည်တွင်းပြည်ပ)သည်ဘက်စုံစွာ ပိသုကာ၊ ထာဝစဉ်သတိရပါသည်။ ဂုဏ်ပြုပါသည်။ ချစ်ခင်လေးစားပါသည်။

(ကျော်သောင်း)
ကေအဲန်ဒီအို

ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး
ဒူးပလာယာခရိုင် ဥက္ကဌကြီး
ဖူးတာအယ်(ဗိုလ်မှူးကြီးတင်ဦး)၏ အမှာစာ

ဥက္ကဌကြီးမန်းဘဇန်ကိုယ်ရေးသမိုင်းနှင့်ပါတ်သက်ပြီးရေးသားပြုစုသူများအား အထူးကျေးဇူးတင်ပါတယ်။ ကျွန်တော့်အ နေနှင့် လည်း အောက်ပါတိုင်းအမှာစာ အကျဉ်းချုပ် ရေးသားလိုပါသည်။

ဥက္ကဌကြီးမန်းဘဇန်နှင့် ကျွန်တော်သည် (၁၉၄၆)ခုနှစ် မအူပင် (K.C.O) အစည်းအဝေးကစပြီး ရင်းနှီးကျွမ်းဝင်ခဲ့ပါသည်။ အ တွေးအခေါ်ခံယူမှု တူညီသည့်အပေါ် တော်လှန်ရေးတလျှောက် အဆက်မပြတ် နီးနီးကပ်ကပ် လုပ်ဆောင်ခဲ့သည့် တပည့် တဦးလည်းဖြစ်ပါသည်။

ကရင်အမျိုးသားများသည်ထောင်နှင့်ချီပြီးအဖိနှိပ်ခံဘ၀မှအသဲနှလုံးကြွေပြုန်းပျက်စီးခဲ့ရပြီးအကြောင်တ
ရားလွမ်းမိုးကာမိမိကိုယ်ကိုအထင်သေးပြီးအရေးကြုံလာလျှင်ထွက်ပြေးတိမ်းရှောင်ဘို့လောက်သာသိသည့်ခေတ်နောက်ကျကရင်ဘ၀ကနေအမျိုးသားလွတ်မြောက်ရေး၊လက်နက်ကိုင်တော်လှန်ရေးကြီးဖြစ်ပေါ်လာအောင်စည်းရုံးလှုံ့ဆော်ပေးရာတွင်ထိပ်တန်းမှခေါင်းဆောင်များအနက်

(မီးခဲဘဇန်)ဟူ၍ သတင်းစာ ခေါင်းကြီးပိုင်းများမှ ရွံရှာမုန်းတီးစွာ ဖေါ်ပြလာရခြင်းနှင့်၊ ကရင်အမျိုးသားလွတ်မြောက်ရေး၊ လက်နက်ကိုင် တော်လှန်ရေးကြီး ဖြစ်ပေါ်လာရခြင်းကပင်လျှင် ဥက္ကဌကြီးမန်းဘဇန်အနေနှင့်အရေးကြီးသည့် အခန်းမှ ပါဝင်နေကြောင်း မီးမောင်းထိုးပြနေခြင်းဖြစ်သည်။

၁၉၄၉ခုနှစ် ကရင့်တော်လှန်ရေး ဖြစ်ပေါ်လာသည့်အချိန်တွင် လမ်းစဉ်မဲ့၊ မှုမဲ့၊ စည်းကမ်းမဲ့၊ ဖြစ်လာရသဖြင့် ဖြစ်ရိုးဖြစ်စဉ်အ တိုင်း တဗိုလ်တမင်း၊ နယ်စားပယ်စားများ ဖြစ်ပေါ်လာခြင်း၊ ကိုယ်ကျိုးရှာ အချောင်သမားများ မှိုလိုပေါက်လာခြင်းကြောင့် ကရင်လူထုကြီးတရပ်လုံး စိတ်ဓါတ်ကျဆင်းလာကာ ကရင့်တော်လှန်ရေးသည် အဆိုးဆုံးအခြေအနေနဲ့ ရင်ဆိုင်လာရသည်။

ဤသို့အခြေအနေမျိုးနှင့် ရင်ဆိုင်နေရစဉ်တွင် မကြောက်မရွံ့နောက်မတွန့်ပဲ ခေါင်းဆောင်ပီသစွာဖြင့် ဥက္ကဌကြီးမန်းဘဇန် သည် မိမိလုပ်ရမည်တာဝန်ကို အချိန်မဆိုင်းပဲလုပ်ခဲ့သည်။ ၁၉၅၁-၅၂ခုနှစ်များတွင် မြစ်ဝကျွန်းပေါ်ရှိခရိုင်ခေါင်းဆောင်များ၊ တပ်မှူးများကို လိုအပ်သလိုခေါ်ယူစုစီးပြီး ပညာပေးသင်တန်းများ အဆက်မပြတ်ဖွင့်ခြင်း၊မှန်ကန်မြတ်တရားသည့်တော်လှန်ရေးလမ်းစဉ်ချမှတ်နိုင်ရေးအတွက်ရဲရဲတင်းတင်း ရှေ့ဆောင်ပညာပေးခဲ့သည်။ အများဆန္ဒတူညီမှုကို အရယူပြီး၁၉၅၃ခုနှစ် ၀ိန့်ထောင် ကွန်ဖရင့်ကျင့်ပကာ ကရင့်တော်လှန်ရေး အခြေခံလမ်းစဉ်ကို မူအားဖြင့် ချမှတ်နိုင်ခဲ့သည်။ အစမ်းသဘောဖြင့် မြစ်ဝကျွန်းပေါ်တွင် အောင်မြင်ခဲ့သောကြောင့် ၁၉၅၆ခုနှစ် အရှေ့ကော်သူးလေတိုင်း (မောကို)ညီလာခံ တွင် ကော်သူးလေတပြည်လုံးအတွက် တရားဝင်လမ်းစဉ်အဖြစ် ချမှတ်နိုင်ခဲ့သည်။

ကရင့်တော်လှန်ရေးလမ်းစဉ်သည်နယ်ချဲ့ဆန့်ကျင်ရေး၊ပဒေသရာဇ်ဆန့်ကျင်ရေး၊အမျိုးသားလွတ်မြေက်ရေးနှင့်ဒီမိုကရေစီတော်လှန်ရေးဖြစ်သည်။ ယင်းလမ်းစဉ်ချမှတ်သည့်အချိန်ကစပြီး မြစ်ဝကျွန်းပေါ်တိုင်းနှင့် အရှေ့တိုင်းမှာပါ ဆန့်ကျင် ဘက်အင်အားစုများ မနည်းလှပါ။ ဥက္ကဌကြီးမန်းဘဇန် အမြော်အမြင်ရှိရှိနှင့် စိတ်ရှည်သီးခံစွာဖြင့် ဖြောင်းဖြခဲ့သည်။ ဆွေး နွေးညှိနှိုင်းသောနည်းဖြင့် ဖြေရှင်းခဲ့သည်။ ၎င်းကို အတိုက်အခံပြုနေသည့် မည်သည့်ရဲဘော်ကိုမျှ ညံ့ဖျင်းသောစိတ်ဓါတ်ဖြင့် အညှိုးမထားခဲ့ပေ။ ရဲဘော်၊ ရဲဘက်စိတ်ဓါတ်အပြည့်နှင့် ပြုပြင်စရာရှိလျှင် ပြင်ပေးသည်။ကိုယ်ကျိုးရှာအချောင်သမားဝါဒလုံးဝမလုပ်၊အခွင့်ထူးခံဘ၀ကိုလည်းမခံယူ၊တော်လှန်ရေးအော်ပွဲခံဘို့ကလွဲလျှင် ဘာဂုဏ်ပကာသနကိုမှမမက်မောပဲ၊ ဥက္ကဌကြီးမန်းဘဇန် အလိုချင်ဆုံးအရာမှာ (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် စစ်မှန်သော ဖယ်ဒရာပြည်ထောင်စုပင် ဖြစ်သည်။
ဥက္ကဌကြီးမန်းဘဇန် ရှေ့ဆောင်ချမှတ်ထားသော နိုင်ငံရေးလမ်းစဉ်သည် အတိုက်အခံအင်အားစုများ၏ ဆန္ဒကြောင့် အချို့ အချက်အလက်များ ပြန်ပြင်လည်ပြင်ဆင်ရပါသည်။ သို့သော် အနှစ်သာရအားဖြင့် နယ်ချဲ့ဆန့်ကျင်ရေး၊ပဒေသရာဇ်ဆန့် ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး၊ ဒီမိုကရေစီတော်လှန်ရေး၏ အနှစ်သာရမှာ ယနေ့အထိ တရားဝင်တည်ရှိနေပါသေး သည်။ ဤသို့တော်လှန်ရေး၏ အနှစ်သာရတို့ တရားဝင်တည်ရှိနေခြင်းတို့ကြောင့်ရန်သူများဘယ်လိုပင်တိုက်တိုက်မပျက်စီးပဲယနေ့အထိကရင့်တော်လှန်ရေး အခိုင်အမာရတည်နိုင်ယုံမက မြန်မာတပြည်လုံး အမျိုးသားလွတ်မြောက်ရေး ဒီမိုကရေစီ တော်လှန်ရေးများကိုပါ ရပ်တည်နိုင်ရေးအတွက် အကျိုးပြုနေပါသည်။

ဥက္ကဌကြီးမန်းဘဇန်၏ နိုင်ငံရေးလမ်းစဉ်၊ မူအရလူတန်းစား(၄)ရပ်ကို တော်လှန်ရေး၏ အင်အား၊ တော်လှန်ရေး၏မဟာမိတ်ယင်းလူတန်းစား(၄)ရပ်ကို တပ်ပေါင်းစုဖွဲ့စည်းပြီး ဘုံရန်သူစစ်အစိုးရကိုတိုက်မှ တော်လှန်ရေးအောင်ပွဲခံနိုင်မည်၊(၀ါ)တပ်ပေါင်းစုနှင့်သာ တော်လှန်ရေးအောင်ရမည်ဟု ဆိုခြင်းဖြစ်သည်။

တပ်ပေါင်းစုနှင့်သာတော်လှန်ရေးအောင်ပွဲခံမည်ဆိုခြင်းကြောင့် ဥက္ကဌကြီးမန်းဘဇန်၏ သဘောတရားကို လူအချို့က ဆန့် ကျင်ကြသည်။ ကရင့်တော်လှန်ရေးအနေဖြင့်လည်း အောင်ပွဲခံနိုင်သည်ဟု ဆိုကြသည်။ ဥက္ကဌကြီးမန်းဘဇန်အနေနှင့် စိတ်ရှည်စွာနှင့် ရှေ့ဆောင်သည်။ လက်တွေ့တင်ပြသည်။ ၁၉၅၇-၅၈ခုနှစ်က (မဒညတ) စတင်ဖွဲ့စည်းခဲ့သည်။ ဗကပနှင့် လူမျိုးစု အဖွဲ့အစည်းများပါသည်။ ဤသည်မှာ တပ်ပေါင်းစုကို ဦးစားပေးကြောင်းဖေါ်ပြခြင်းဖြစ်သည်။ နောက်ထပ် တပ်ပေါင်းစုများ တစုပြီးတစု (မဒတ) အထိ ဖွဲ့စည်းခဲ့သည်။ ယနေ့ ဖွဲ့စည်းထားသော (မဒမခ)သည် ဥက္ကဌကြီးမန်းဘဇန်လိုလာသော (အသီး အပွင့်) ပင်ဖြစ်သည်။



ကျနော်၏ အမှာစာကို အချုပ်ပြရလျှင်--

(၁) ကရင်အမျိုးသား လက်နက်ကိုင်တော်လှန်ရေးကြီး ဖြစ်လာရန် လုပ်ပေးနိုင်သည့်အတွက် ဥက္ကဌကြီးမန်းဘဇန်၏လုပ်အားစွမ်းပကားသည်ကြီးမားလှပါပေသည်။တော်လှန်သောမျိုးချစ်ခေါင်းဆောင် ပီသပါပေသည်။

(၂) ကရင့်တော်လှန်ရေးကြီး မပြိုမကွဲ၊ မပျက်စီးသွားစေရန်နှင့် အောင်ပွဲအတွက် အာမခံချက် အပြည့်အ၀ရှိသည့် နိုင်ငံရေး လမ်းစဉ်ကို ရှေ့ဆောင်ချမှတ်ပေးခဲ့သော ဥက္ကဌကြီးမန်းဘဇန်၏ ကြီးမြတ်သောဂုဏ်ကျေးဇူးကို ကျွန်တော်တို့ဘယ်အခါမှ မမေ့သင့်ပါ။

(၃) ဥက္ကဌကြီးမန်းဘဇန်ရှေ့ဆောင်ခဲ့သည့် (တပ်ပေါင်းစုနှင့်သာတော်လှန်ရေးအောင်ပွဲခံရမည်)ဆိုသည့် အချက်ကို ကျွန် တော်တို့ယုံကြည်ကြရမည်။

ရဲဘော်တာအယ်
ဗဟိုအမြဲတမ်းကော်စီ
ကေအဲန်ယူကရင်အမျိုးသားများ အစည်းအရုံး
ဒူးပလာယာခရိုင်


မြန်မာနိုင်ငံ မွတ်စလင်လွတ်မြောက်ရေးအဖွဲ့(ဥက္ကဌ)
ဒီအေဘီတွဲဘက်နိုင်ငံခြားရေးတာဝန်ခံ ဦးကျော်လှ၏အမှာစာ

၁၉၇၇ ခုနှစ် နိုဝင်ဘာလ လယ်ဆောင်းရာသီနေ့တနေ့၏ နံနက်ပိုင်းအချိန်၊ ဆောင်းရာသီဆိုသော်လည်း ထိုနေ့သည် အခြား နေ့များနှင့် မတူပဲ နှင်းမြူကင်းစင်ပြီး သိပ်မချမ်းအေးလှချေ။ နေလုံးကြီးမှာ ၀ါးတပြန်ကျော်မြင့်တက်နေပြီဖြစ်သော်လည်း သောင်းရင်းမြစ်အကွေ့တနေရာရှိ ကော်မူးရာမြို့သူ မြို့သားများမှာအိပ်ရာမှမထကြသေးချေ။ဤဒေသသို့ကျွန်တော်ရောက်လာသည်မှာပူပူနွေးနွေးပင်ရှိသေးသဖြင့် မဆလတို့စိုးမိုးရာဒေသနှင့် ဤလွတ်မြောက်နယ်မြေကို အလျင်စလို နှိုင်း ယှဉ်ကြည့်မိသည်။

မဆလတို့ စိုးမိုးရာဒေသမှ ပြည်သူများသည် စားဝတ်နေရေးကြပ်တည်းသည့်အကြား မဆလ သူလျှိုဒလံများကို အချိန်ပြည့် ကြောက်နေရသည့်ကတမျိုး၊ ညဥ့်နက်အချိန်အတော်တောင်မှ ဧည့်စာရင်း လာစစ်မလားဟု ရင်တထိတ်ထိတ်နေကြရသည် ကတကြောင်း ကောင်းစွာအိပ်စက်ခြင်းမပြုနိုင်ပေ။ လွတ်မြောက်နယ်မြေ ကော်မူးရာကားလွတ်လပ်စွာရောင်းဝယ်ဖောက်ကားစားသောက်နိုင်၍ မဆလတို့၏ ရန်အသွယ်သွယ်မှကင်းဝေးသဖြင့်မြို့လူထုများမှာ စိတ်အေးချမ်းသာစွာ အိပ်စက်ခြင်း မပြုနိုင်ကြသည်ဟု တွက်ဆမိခဲ့သည်။

ထိုနေနံနက်(၉)နာရီခန့်မှာ ဥက္ကဌကြီးမန်းဘဇန် တည်ခိုးရာအိမ်သို့ရောက်သွား၏။ မိတ်ဆွေကြီး ဗိုလ်မှူးရောဘတ်ဇန်မှ ကျွန် တော်အား ဥက္ကဌကြီးနှင့် မိတ်ဆက်ပေးခဲ့သည်။ ဥက္ကဌကြီးက ရှေ့ဦးစွာ ကျွန်တော်၏ ကျန်းမာရေးအခြေအနေနှင့် စားဝတ် နေရေးအခြေအနေများကို မေးမြန်း၏။ တပ်ရင်းမှူးဗိုလ်မှူး ကြီးထောလှနှင့် ဒုတပ်ရင်းမှူးဗိုလ်မှူးသန်းမောင်တို့မှ လိုအပ် သည်များကို ဖြည့်ဆည်းကူညီပေးကြောင်းကျွန်တော်မှ ပြန်လည်းဖြေကြားပါသည်။ လွတ်မြောက်နယ်မြေသို့ရောက်ခါစ ကျွန်တော့်မှာ တော်လှန်ရေးထိပ်သီးခေါင်းဆောင်တဦး၏ လှိုင်လှဲုပျူငှာ၊ ရင်းရင်းနှီးနှီး နှုတ်ဆက်မှုကို ရယူနေရသဖြင့် တိတ် တခိုးသဘောကျ ပီတိဖြစ်နေမိသည်။

ထိုနောက် ဥက္ကဌကြီးမှာ ကျွန်တော်တို့၏ တော်လှန်ရေးလှုပ်ရှားမှုအခြေအနေနှင့် ရည်ရွယ်ချက်ကို ဆက်လက်မေးမြန်းပြန်သည်။ ထိုအခါ ကျွန်တော်မှ ထိုလှုပ်ရှားမှုများ၏ ခေါင်းဆောင်များမှာ အာဇာနည်သူရဲကောင်းကြီးမန်းငွေအောင်(ဗိုလ်မှူးသောသီ)ဖြစ်ကြောင်းအစချီပြီးအောက်ပါအတိုင်း
ပြောပခဲ့သည်။

“ရန်ကုန်မှာရှိတုန်းက ကျွန်တော်တို့တတွေ စစ်အုပ်စုလက်အောက် မြန်မာနိုင်ငံအခြေအနေများကို မကြာခဏသုံးသပ်ခဲ့ကြပါ တယ်။ မဆလရဲ့ဖောက်ပြန်တဲ့ ဆိုရှယ်လစ်စီးပွားရေးစနစ်ကြောင့် ပြည်သူတွေ စားဝတ်နေရေးကြပ်တည်းမှု၊လူမျိုးရေးမုန်းတီးမှု၊ဟန်ပြမျိုးချစ်ဝါဒနဲ့တိုင်းရင်းသားများအားဘာသာရေးအရ ခွဲခြားဖိနှိပ်မှု၊ ဒီမိုကရေစီဆိတ်သုဉ်းပြီး ပြည်တွင်းစစ်ပိုမို နက်ရိုင်းလာမှုများကို ဆွေးနွေးတတ်ကြပါတယ်။ ဒီအရာတွေ အားလုံးရဲ့တရားခံဟာ မဆလစစ်ဝါတီတစုသာ ဖြစ်တယ်လို့ ကျွန်တော်တို့အားလုံး သဘောတူလက်ခံထားပါတယ်”

“အဲဒီတော့ အဲဒီစစ်ဝါဒီတစုကို ဖယ်ရှားနိုင်မှပဲ ပြည်သူလူထုတရပ်လုံး ဆင်းရဲဒုက္ခကင်းဝေးကြပြီး ဘာသာရေးအရ ဖိနှိပ်မှု များ လွတ်ကင်းကာ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်နိုင်ကြမှာဖြစ်ပါတယ်။ တိုင်းရင်းသားအားလုံးရဲ့ စည်းလုံးညီညွတ်မှုကို ပြန်လည်တည်ဆောက်နိုင်မှာဖြစ်တယ်။ အဲဒီအခါမှ ပြည်တွင်းစစ်လည်းရပ်စဲပြီးပြည်သူတရပ်လုံးသာယာဝပြောတဲ့ဘ၀သစ်ကို ပြန်လည်တည်ဆောက်နိုင်ကြမှာ ဖြစ်ကြောင်းကို ကျွန်တော်တို့အားလုံး သဘောထားထပ်တူကြတယ် တဆက်တည်းမှာပဲအာဏာရှင်စနစ်ဆိုးကိုဖယ်ရှာပြီးစစ်မှန်တဲ့ဒီမိုကရေစီမှသည်ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန်မှာ ကျွန်တော်တို့ အဓိက ရည်ရွယ်ချက်ဖြစ်သည်”ဟု ကျွန်တော်မှ တင်ပြခဲ့ပါသည်။

ဥက္ကဌကြီးသည် ကျွန်တော်၏ တင်ပြချက်ကို ဂရုတစိုက်နားထောင်းပြီး တစုံတရာဆုံးရှုံးသွားဟန်ဖြင့် တောက်တချက်ခေါက် ကာ “မဆလဟာ ခင်ဗျားတို့ကို နိုင်ငံတော်ပုန်ကန်မှုနဲ့စွဲဆိုထားတယ်။ အမှန်မှာတော့ နိုင်ငံတော်ကို သစ္စာဖောက်ပုန်ကန်နေ ကြတာ သူတို့ပဲ။ လူထုကို ဖိနှိပ်သတ်ဖြတ်ပြီး တိုင်းပြည်ကို ဖျက်ဆီးနေတယ်မဟုတ်လား။ တော်လှန်ရေးသမားတွေဟာ တိုင်းချစ် ပြည်ချစ်သူတွေပါ။ တိုင်းပြည်နဲ့လူမျိုးအကျိုးအတွက် ဖက်ဆစ်စနစ်ကို တော်လှန်နေရတာပါ ”ဟုဆိုကာ ဤသို့ ဆက်လက်ပြောပြသေး၏။

“ဒီနေ့( ၁၉၇၇ ခုအချိန်ကာလကိုဆိုလိုသည်) ကမ္ဘာမှာဝါဒအမျိုးမျိုး၊ စနစ်အမျိုးမျိုးရှိကြတယ်။ ကမ္ဘာမှာအဆိုးရွားဆုံးစနစ်က တော့ ဖက်ဆစ်စနစ်ပဲ။ ဖက်ဆစ်ဝါဒကသာ ကမ္ဘာကိုလွှမ်းမိုးနိုင်မယ်ဆိုရင် ကမ္ဘာတခုလုံးအမှောင်ကျပြီး လူသားတရပ်လုံး ပျက်ပြုန်းနိုင်မယ့် အခြေအနေမှာရှိတယ်။ အဲဒီတော့ မြန်မာ့မြေပေါ်က ဖက်ဆစ်စနစ်ကို ဖယ်ရှားဖို့ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ပြီး အချင်းချင်းသစ္စာရှိရှိနဲ့ မလျော့တဲ့ဇွဲလုံ့လနဲ့ တိုက်ပွဲဝင်ဖို့လိုတယ်”ဟု ပြောခဲ့သည်။ ဥက္ကဌကြီးမန်းဘဇန် ၏ မိန့်မှာချက်များကိုအမြဲကြားယောက်နေမိပါသည်။ဥက္ကဌကြီးမန်းဘဇန်မှာဘ၀တပါးသို့ကူးပြောင်းသွားလေပြီ။ သို့သော် ဥက္ကဌကြီး၏ မှန်ကန်သောအတွေးအခေါ်သည် ထာဝရတည်တံ့နေမည်ဖြစ်သည်။

ဥက္ကဌကြီးမန်းဘဇန်ကောင်းရာသုဂတိလားပါစေ။
ကျော်လှ (ဥက္ကဌ)
မြန်မာနိုင်ငံမွတ်စလင်လွတ်မြောက်ရေးအဖွဲ့။တွဲဖက်နိုင်ငံခြားရေးတာဝန်ခံ
(မြန်မာနိုင်ငံဒီမိုကရက်တစ်တပ်ပေါင်းစု)

စီအာဒီဘီ
ဥက္ကဌကြီး ဦးတင်မောင်ဝင်၏ အမှာစာ

သူငယ်ချင်း ရောဘတ်ဇန်….
သူငယ်ချင်းရဲ့ဖခင် ဥက္ကဌကြီး မန်းဘဇန်အကြောင်းနဲ့ပတ်သက်လို့ သားဖြစ်သူကိုယ်တိုင်က စာအုပ်တအုပ် ပြုစုရေးသားမယ် လို့ ကြားသိရတဲ့အတွက် အထူးဝမ်းသာမိတယ်။ အမှတ်မထင် မောင်ရင်နဲ့ တွေ့ကြတုန်းက ကိုယ့်ကို အမှာစာရေးပေးဖို့ ပြော ကြတဲ့အခါ ကိုယ်ချက်ချင်းဆိုသလိုပဲ ရေးပေးပါ့မယ်လို့ အဖြေပေးခဲ့တယ်။ တချိန်တည်းမှာ ကိုယ်ဘာသွားပြီး တွေးမိသလဲ ဆိုတော့ ကိုယ့်ရဲ့ဖခင်ကြီး ဦးဝင်ပြောတဲ့စကားကို သတိရလိုက်မိတယ်။

အချိန်ကတော့ ၁၉၆၉ခုနှစ်၊ ဒီဇင်ဘာ(၁၇)ရက်နေ့ဖြစ်ပါတယ်။ ပြည်တွင်းမှာ နေလို့မရတော့တဲ့အဆုံး တောခိုဖို့ စီစဉ်ပြီးတာ နဲ့ သာသနာရိပ်သာမှာ တရားအားထုတ်နေတဲ့ ကိုယ့်ရဲ့ဖခင်ကို သွားပြီးကန်တော့တယ်။ဒီတော့ကိုယ့်ဖခင်ကဘာပြောလဲဆိုရင်“ငါ့သားမင်းဖြတ်သန်းသွားရမယ့်နေရာာ ကရင့်တော်လှန်ရေးနယ်မြေဖြစ်တယ်။ကရင်-ဗမာပြဿနာဟာယနေ့အထိမပြီးသေးဘူး၊လူမျိုးရေးမုန်းတည်းမှုတွေရှိနေသေးတယ်။ဒီတော့မင်းတို့ရဲ့လမ်းခရီးမှာအန္တရာယ်ဖြစ်နိုင်တယ်။ဒါပေမယ့်ဘာမှမပူနဲ့၊ငါ့ရဲ့တပြည့်ရင်းလည်းဖြစ်၊မိတ်ဆွေကောင်းလည်းဖြစ်၊ နိုင်ငံရေး အသိတရားလဲရှိတဲ့ မန်းဘဇန် တ ယောက်တော့ ရှိတယ်။ သူ့ဆီကို ရအောင်ဆက်သွယ်ပြီး မင်းဟာ ဦးဝင်းရဲ့သားဖြစ်ကြောင်း အသိပေးပါ၊ ကောင်းစွာ စောင့် ရှောက်ပါလိမ့်မယ်”လို ပြောခဲ့တယ်။

အဲ့ဒီလို သတိပေးစကားပြောပြီးဒါနဲ့ ကိုယ့်ဖခင်က ဆက်လက်ပြီး ပြောပြန်တယ်။ “ကဲ-ငါ့သား…. မထူးပါဘူး၊ ငါလည်းလိုက်မယ်။ မင်းပြင်ဆင်သင့်တာပြင်ဆင်ပေတော့၊ ပြည်တွင်းမှာနေပြီး အသက်ရှည်လျက်နဲ့ သေနေရတဲ့ဘ၀အဖြစ် မခံလိုဘူး၊ ဒီမို ကရေစီရေးတိုက်ပွဲကို ငါမသေခင် အပြီးတိုက်သွားချင်တယ်”လို့ ပြောခဲ့တယ်။ ဒါပေမယ့် ကိုယ့်ဖခင်က တောတွင်းခရီးကြမ်း ကို မခံနိုင်ရှာဘူး။ မဆလ တပါတီအာဏာရှင်တွေရဲ့ရေကြည်အိုင် အကျဉ်းစခန်းမှာ (၄)နှစ်ကျော်ကြာ ခံစားလာခဲ့ရတဲ့ နှလုံး ရောဂါကြောင့် လမ်းခုလတ်မှာပဲ အသက်ဆုံးရှုံးခဲ့ရတယ်။ တို့အတွေ ကရင့်တော်လှန်ရေး တပ်မဟာ(၁)နယ်မြေရောက်တဲ့အ ခါ မောင်ရင်နဲ့ လွဲသွားခဲ့တာ မှတ်မိမှာပေါ့။ ဒါပေမယ့် ရည်မှန်းချက် ခရီးကိုတော့ ချောချောမောမော ရောက်ခဲ့ပါတယ်။

များမကြာခင်မှာပဲ ၀န်ကြီးချုပ်ဟောင်း ဦးနုခေါင်းဆောင်တဲ့ ပါလီမန်ဒီမိုကရေစီပါတီ (ပီ-ဒီ-ပီ)မှာ တို့ဝင်ရောက်ခဲ့ပြီးနောက် ဥက္ကဌကြီး မန်းဘဇန်၊ ဗိုလ်ချုပ်ကြီးမြ၊ ပဒိုသန်းအောင်၊ ပဒိုမောင်မောင် အစရှိတဲ့ ခေါင်းဆောင်တွေနဲ့ ရင်းနှီးခဲ့ကြတယ်။ (တ ညလ) တပ်ပေါင်းစုကို ခက်ခက်ခဲခဲ ဖွဲ့စည်းခဲ့ကြတယ်။ အဲ့ဒီအခါမှာ ဥက္ကဌကြီးမန်းဘဇန်ရဲ့ နိုင်ငံရေးရင့်ကျက်မှုတွေ၊ ဆွေး နွေးတင်ပြချက်တွေဟာ အင်မတန်မှ တန်းဖိုးရှိတဲ့အပြင် လက်ဝဲစွန်း လက်ယာစွန်း (၂)ဘက်ကို မရောက်အောင်ထိန်းပြီး ကရင် အမျိုးသားရေးအကျိုးစီးပွားအတွက်ဦးထိပ်ထားလုပ်ဆောင်ခဲ့တာကိုကွက်ကွက်ကွင်းကွင်းမြင်တွေ့ခဲ့ရပါတယ်။

အဲဒီနောက် ဥက္ကဌကြီးနဲ့ မကြာခဏ တဦးချင်းတွေ့ဆုံပြီး နိုင်ငံရေးအသိချင်း ဖလှယ်ခဲ့ဘူးတယ်။ တခါတလေလဲ အငြင်းပွားခဲ့ ရတယ်။ ကိုယ်တို့မသိမှီလိုက်တဲ့ ကရင်ပြည်နယ်ပြဿနာတွေကိုလဲ သူ့ဆီကတဆင့် ပြန်ကြားခဲ့ရတာတွေရှိပါတယ်။ ဥက္ကဌကြီးရဲ့လမ်းညွန်မှုနဲ့ ဆုံးမသွန်သင်မှုတွေဟာ အင်မတန်မှ ကြွယ်ဝတဲ့အတွက် ကိုယ့်ရဲ့နိုင်ငံရေး အနှစ် (၃၀)ခရီးကို သွားတဲ့နေရာမှာ ညဥ့်နက်သန်းခေါင် မီးရှုးတန်ဆောင်လို သင်ခန်းစာယူနိုင်စရာတွေ အများကြီးရှိခဲ့ပါတယ်။

အမှန်အတိုင်း ပွင့်ဟပြောရရင်တော့ ဒု- ဥက္ကဌပဒိုသန်းအောင်မကွယ်လွန်မီ တလကျော်လောက်က သူ့ရဲ့အိမ်မှာ ကိုယ်သွား အိပ်ခဲ့တယ်။ ညဘက် ခပ်ချမ်းချမ်းနဲ့ မီးဖိုပြီး ဒု -ဥက္ကဌ နဲ့ကိုယ်အတိတ်က နိုင်ငံရေးဖြစ်ရပ်တွေကိုစကားလက်ဆုံပြောမကုန်ဖြစ်ခဲ့ကြတယ်။အဲဒီတုန်းကပဒိုသန်းအောင်ပြောတဲ့စကးကို အခုပြန်ပြီး ကိုယ်မှတ်မိနေတယ်။ “ကိုတင်မောင်ဝင်း- ကျွန် တော့်ဆရာ ဥက္ကဌကြီးမန်းဘဇန်သာ အခုထိ အသက်ထင်ရှားရှိနေအုံးမယ်ဆိုရင် ဒီကနေ့ တော်လှန်ရေးတိုက်ပွဲဟာ သိပ် ကြည့်ကောင်းမှာပဲ။ ဥက္ကဌကြီးမန်းဘဇန် အသေစောသွားတာ နှမြောလှတယ်ဗျာ၊ ကျွန်တော်တို့ရဲ့ပညာတွေ အတော်များ များရလိုက်ပေမယ့် အလင်းရောင်ရဲ့တန်ဖိုးကို အမှောင်နဲ့တွေ့မှ သိရသလို တော်လှန်ရေးတိုက်ပွဲ ပြင်ထန်းလာတဲ့အခါကျမှ သူ့ရဲ့တန်ဘိုးကို ကျွန်တော်တို့သိရတော့တယ်”လို့ ပြောသွားရှာပါတယ်။

သူငယ်ချင်းရောဘတ်ရေ..ဒိုတတွေရဲ့အသက်တွေလဲ မငယ်တော့ဘူး။ ဒီအချိန်ဟာ ကရင်-ဗမာ သွေးစည်းညီညွတ်ရေးဟာသိပ်ရေးကြီးတယ်။တော်လှန်ရေးအင်အားစုတွေအားလုံး ညီညွတ်ရေးဟာလည်းသိပ်အရေးကြီးတယ်။ခရစ်တော်ရဲ့အလိုန္ဒအတိုင်း‘လူသားဝါဒ’ဟာရှေ့တန်းကိုရောက်လာဖို့အရေးကြီးတယ်။လူပီသတဲ့လူနဲ့ လူမပီသတဲ့လူ၊ လူ့ကျင့်ဝတ်ကို လိုက်နာစောင့်စည်းနိုင်တဲ့လူနဲ့ မစောင့်စည်းနိုင်တဲ့လူကို ပြတ်ပြတ်သားသား စည်းခြားရတော့မယ်၊ ဒါမှာလဲ‘လူ့အခွင့်အရေး’ ဟာပိုမိုထင်ရှားလာပြီး (တရားမျှတမှု၊ လွတ်လပ်မှု၊ အခွင့်အရေးတူညီမှုနဲ့ ပြည့်စုံတဲ့) လူသားကမ္ဘာကြီးကို ငြိမ်းချမ်းစွာ တည်ဆောက်နိုင်လိမ့်မယ်၊ အဲဒီလို သွေးစည်းညီညွတ်မှုတွေ လိုအပ်နေချိန်မှာ ဥက္ကဌကြီးသာ အသက်ထင်ရှားပြီး ဒို့ကို လမ်းညွန်မှု တွေ ဆက်ပေးနိုင်အုံးမယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲလို့ တမ်းတမိတယ်။

ဥက္ကဌကြီးမန်းဘဇန် ဘုရားသခင်၏ စောင့်ရှောက်မှုကို ထာဝရခံယူနိုင်ပါစေ။
တင်မောင်ဝင်း
ဥက္ကဌ
မြန်မာပြည်ဒီမိုကရေစီ ပြန်လည်တည်ဆောက်ရေးဦးစီ ကော်မတီ
(စီအာဒီဘီ)


၁၉၇၅ခုနှစ်၊ ကရင်နှစ်သစ်ကူးနေ့တွင် ကေအဲန်ယူ ဥက္ကဌကြီးမန်းဘဇန်
ပြောကြားသောမိန့်ခွန်းများ
ကရင်အမျိုးသားအပေါင်းတို့-

ဤနှစ်သစ်ကူးမင်္ဂလာတော်အခါနေ့တွင်ယခုကဲ့သို့အမျိုးသားအပေါင်းတို့အားစကားပြောကြားရတဲ့အတွက် များစွာာဝမ်းမြောက်ရပါတယ်။ဤမင်္ဂလာအခါတော်နေ့မှာ- ကရင်နှစ်သစ်ကူးနေ့နဲ့ ကရင့်တော်လှန်ရေး အပြန်အလှန်ဆက်စပ်နေပုံကို ပြောကြားလိုပါတယ်။

ဦးစွာကရင့်နှစ်သစ်ကူးနေ့ရဲ့ထူးခြားချက်ကိုပြောလိုပါတယ်။ကရင်နှစ်သစ်ကူးနေ့ဟာကရင့်ဓလေ့ထုံးစံတရပ်အနေနဲ့ယူထားတဲ့နေ့ဖြစ်ပါတယ်။ကရင်လူ့အဖွဲ့အစည်းဖြစ်ပေါ်လာချိန်ကစပြီးဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ကရင်တွေ ဟာ မြေပြန့်ဒေသနဲ့ တောင်ပေါ်ဒေသတွေမှာ နေထိုင်ကြပါတယ်။ တော်ပေါ်ဒေသမှာ နေထိုင်ကြတဲ့ ကရင်အမျိုးသားတွေက တော့ ကရင်နှစ်သစ်ကူးနှစ်ကို အစဉ်မပျက် နှစ်စဉ်ကျင်းပခဲ့ကြပါတယ်။မြေပြန်ဒေသမှာနေထိုင်တဲ့ကရင်အမျိုးသားတွေမှာတော့ နှစ်ပေါင်းအတော်ကြာ နှစ်သစ်ကူးနေ့ဟာ နစ်မြုပ်ခဲ့ပါတယ်။ ၁၉၃၇ ခုနှစ်လောက်မှ မြေပြန့်ဒေသမှာ ကရင်နှစ်သစ်ကူး နေ့ပေါ်ထွက်လာပါတယ်။၁၉၃၇ခုနှစ်မှာ အင်္ဂလိပ် ကိုလိုနီအုပ်စိုးသူတွေက ကရင်အမျိုးသားခေါင်းဆောင်ကြီးတွေရဲ့ကြိုးပမ်းမှုကြောင့်ကရင်နှစ်သစ်ကူးနေ့နဲ့ကရင်အမျိုးသားအလံတော်ကို အသုံးပြုပိုင်ခွင့် တရားဝင်အသိအမှတ်ပြုခဲ့ပါတယ်။

ကရင်နှစ်သစ်ကူးနေ့ ဖြစ်ပေါ်လာရခြင်းဟာ ကရင်အမျိုးသားတွေရဲ့စိတ်ဓာတ်နဲ့ အခြေအနေကို များစွာပြောင်းလဲခဲ့ပါတယ်။ ကရင်နှစ်သစ်ကူးနေ့ဟာ အမျိုးသားနေ့အသွင်ကိုဆောင်ပါတယ်။ ကရင်နှစ်သစ်ကူးနေ့မတိုင်မီက ကျနော်တို့ကရင်အ မျိုးသားတွေဟာ မျိုးနွယ်စုအရ၊ ဘာသာရေးအရ၊ ဒေသအရ ကွဲပြားမှုတွေရှိနေပါတယ်။ တဦးနဲ့တဦးဆက်ဆံမှုတွေ အလွန် နည်းပါးခဲ့ပါတယ်။ ကျနော်တို့ ကရင်အမျိုးသားတွေရဲ့ အမျိုးသားရေးစိတ်ဓာတ်ဟာလည်း ပြာဖုံးနေတဲ့မီးလိုဖြစ်နေပါတယ်။ ကရင်နှစ်သစ်ကူးနှစ်ကို ကျင်းပလာတဲ့အချိန်ကစပြီး ကရင်တွေရဲ့အတွေးအခေါ်နဲ့ အခြေအနေတွေဟာ ပြောင်းလဲလာတော့ တယ်။ ကရင်နှစ်သစ်ကူးနေ့မှာ ကရင်အမျိုးသားတိုင်း စည်းလုံးလာကြတယ်။ မိသားစုစိတ်ဓာတ်တွေဖြစ်ပေါ်လာတယ်။ ယ ခင်ကစွဲလန်းခဲ့တဲ့ မျိုးနွယ်စုအစွဲ၊ ဘာသာရေးအစွဲ၊ ဒေသအစွဲတွေဟာတစတစပျောက်လာပြီး တဦးနဲ့တဦးဆက်ဆံရေးဟာ အင်မတန်ကောင်းမွန်လာတယ်။ ကရင်တမျိုးသားလုံးဟာ စိတ်ဓာတ်အရေးရော၊ လက်တွေ့အရပါ စုစည်းလာကြတယ်။

အဲဒီလိုကရင်အမျိုးသားလုံးရဲ့စုစည်းရမိလိုက်တဲ့အခြေအနေကိုကရင်နှစ်သစ်ကူးနေ့ကဖန်တီးပေးခြင်းဖြစ်သည်။
ကရင်နှစ်သစ်ကူးနေ့ဟာမီးခဲ့ပြာဖုံးနေသလိုဖြစ်ခဲ့တဲ့အမျိုသားရေးစိတ်ဓါတ်ကိုပေါက်ကွဲပေါ်ထွက်လာစေတယ်။ ကရင် နှစ်သစ်ကူးနေ့မှာ ကရင်အမျိုးသား ခေါင်းဆောင်တွေဟာ ကရင်အမျိုးသားထုကြီးကို နှစ်သစ်ကူးနေ့အကြောင်းအရာ၊သာဓကတွေ၊ကရင်လူမျိုးရေးဘ၀ဖြစ်ပေါ်မှုဖြစ်စဉ်အကြောင်းအရာတွေကိုပောာပြေားလိုက်ပါတယ်။ခေါင်းဆောင်တွေကအဲဒီလိုပြောလာတဲ့အခါမှာကျွန်တော်တို့ကရင်အမျိုးသားတွေဟာ မိမိတို့ရဲ့ဘ၀ဖြစ်ပေါ်မှုတွေကို တွေးတောလာကြတယ်။ မိမိတို့ရဲ့ဘ၀ဟာ လူမျိုးရေးအရ၊ ယဉ်ကျေးမှုအရ၊ လူမှုရေးအရ၊ ဖိနှိပ်ခံကြရပြီး စီးပွားရေးအရ သွေးစုတ်ချယ်လှယ်ခံရတာ ဆိုတာ သိလာကြတယ်။

မိမိတို့ ဘ၀ဖြစ်ရပ်အပေါ် နာကျဉ်းမှုတွေရှိလာကြတယ်။ ဒီနာကျဉ်းမှုတွေဖြစ်လာတာနဲ့ တဆက်တည်း အမျိုးသားလွတ်လပ်ရေးနဲ့ ဘ၀ဖြစ်ပေါ်တိုးတက်မှုကို လိုလားကြတယ်။ ငါတို့ကရင်တွေဟာ လွတ်လပ်တဲ့ ကရင်ပြည်၊ ကရင့်အုပ်ချုပ်ရေး၊ ကရင့် စီးပွားရေး၊ ကရင့်ယဉ်ကျေးမှု၊ ကရင့်လူမှုရေးတွေနဲ့ အသက်ရှည်နေထိုင်မှ ဘ၀ပြောင်းလဲမှုရှိလာတော့မယ်ဆိုတာ သိရှိလာ ကြတယ်။ ကရင်အမျိုးသား ခေါင်းဆောင်ကြီးတွေကလည်း ကရင်တွေရဲ့လွတ်လပ်ရေးနဲ့ ဘ၀တိုးတက်ဖြစ်ပေါ်ရေးအတွက် အင်္ဂလိပ်အစိုးရဆီမှာ ကရင်ပြည်ပေးဘို့ တောင်းဆိုခဲ့ကြသည်။ ကရင်ပြည်ဆိုတာ ကရင်ဟာ လူမျိုးတမျိုးဖြစ်လို့ ရှိရမှာဖြစ် တယ်။ လွတ်လပ်တဲ့ကရင်ပြည်ဟာ ကရင်လူမျိုးတွေရဲ့ မွေးရာပါအခွင့်အရေးဖြစ်တယ်။ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်ဖြစ် တယ်။ မှန်ပါတယ်။ ကျွန်တော်တို့ကရင်အမျိုးသားတွေဟာ လွတ်လပ်တဲ့၊ အချုပ်အခြာအာဏာပိုင်တဲ့ ကရင်ပြည်၊ ကရင် တမျိုးသားလုံးရဲ့အကျိုးစီးပွားကိုကိုယ်စားပြုတဲ့၊ကရင်တမျိုးသားလုံးကရွေးကောက်တင်မြှောက်တဲ့အစိုးရ၊ ကရင့်လူမှုဘ၀ကို မြှင့်တင်ပေးတဲ့ စီးပွားရေး၊ ခေတ်မှီတဲ့အတွေးအခေါ်တွေဖြစ်ပေါ်လာတဲ့ ကရင့်ယဉ်ကျေးမှု၊ လွတ်လပ် တိုးတက်တဲ့ ကရင်လူမျိုးဖြစ်လာစေမယ်၊ ကရင့်ဘာသာရေး၊ စတာတွေရှိနေမှသာ ကရင်အမျိုးသားတွေဟာ လွတ်လပ်မယ်၊ ခေတ်မှီမယ်၊ကမ္ဘာနဲ့ ရင်ဘောင်တန်းပြီးလုပ်နိုင်မယ်ဖြစ်သည်။

ကျွန်တော်တို့ကရင်အမျိုးသားတွေဟာ စိတ်ဓာတ်တွေပြင်းပြစွာ ဖြစ်ပေါ်နေတဲ့အချိန်မှာ ဒုတိယ ကမ္ဘာစစ် ကြီးဖြစ်လာပြီးမြန်မာပြည်ကိုဂျပန်များသိမ်းလိုက်တယ်။မဟာဗမာဝါဒီတွေနဲ့ ဖက်ဆစ်ဂျပန်တွေပူးပေါင်းပြီး မြန်မာပြည်ကို သိမ်းယူခဲ့သည်။ မဟာ ဗမာဝါဒီတွေက လက်တွေ့ကျကျ ကရင်တွေအပေါ် အနိုင်ကျင့်လာမှု၊ ဂျပန်တွေရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဖက်ဆစ်အုပ်စိုး နည်းနဲ့ အုပ်စိုးလာမှုကြောင့် ကရင်တွေရဲ့အမျိုးသားရေးနဲ့လွတ်လပ်ရေးစိတ်ဓာတ်ဟာအမြင့်ဆုံးသို့ရောက်သွားပြီး။မဟာဗမာဝါဒီတွေနဲ့ ဖက်ဆစ်ဂျပန်တွေကို လက်နက်စွဲကိုင်တော်လှန်ကြတယ်။ ကရင်နှစ်သစ်ကူးနေ့ရဲ့ဖန်တီးပေးလိုက်တဲ့ ကရင် အမျိုးသားစည်းလုံးညီညွတ်ခြင်းဟာ ကရင့်တော်လှန်ရေးကို များစွာအကျိုးဖြစ်စေပါတယ်။ ကျွန်တော်တို့ကရင်တွေဟာမဟာဗမာဝါဒီနဲ့ ဖက်ဆစ်ဂျပန်တွေကို ထိရောက်စွာ တော်လှန်နိုင်ခဲ့ကြတယ်။ ဒီတော်လှန်ရေးက ပေးအပ်လိုက်တဲ့ အသိတ ရားကတော့ ကရင်အမျိုးသားတည်မြဲရေး၊ လွတ်လပ်ရေးနဲ့ ဘ၀ဖြစ်ပေါ်တိုးတက်စေရေးဟာ လက်နက်ကိုင်တိုက်ခိုက်နည်းမှ တပါး အခြားမည်သည့်နည်းနှင့်မှ မဆောင်ရွက်နိုင် ဆိုတာဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးသွားပြီးနောက် ကရင်တွေရဲ့အခြေအနေတွေဟာ လုံးဝပြောင်းလဲသွားတယ်။ ကရင်တမျိုးသားလုံးဟာတက်တက်ကြွကြွလှုပ်ရှားနေတယ်။ကရင်ပြည်ပေးရမယ်ဆိုတာကရင်တိုင်းပါစပ်က ပေါ်ထွက်နေတယ်။ ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးကို ကရင်ပြည်ရရေး၊ ကရင့်လွတ်လပ်ရေး၊ ကရင့်ဘ၀တိုးတက်ဖြစ်ပေါ်လာရေးကို ရှေ့ဆောင် နိုင်ဖို့  ဖွဲ့စည်းပေးကြတယ်။ ကေအဲန်ယူဟာ ကရင်တမျိုးသားလုံးအတွင်းမှာ နစ်မြုပ်တပူတပေါင်းတည်းနဲ့ ကရင်တွေရဲ့လို အင်ဆန္ဒအတိုင်း ရှေ့ဆောင်တိုင်ပွဲဝင်ကြသည်။

ကေအဲန်ယူဟာ ဖြစ်ပေါ်နေတဲ့အခြေအနေနဲ့ကိုက်ညီစွာ ကရင်အမျိုးသားရေးလှုပ်ရှားမှုကို ရှေ့ဆောင်မှုပေးခဲ့တယ်။ ကေအဲန်ယူရဲ့ရှေ့ဆောက်မှုအောက်မှာ ကရင်တမျိုးသားလုံးဟာ စည်းစည်းလုံးလုံးရှိပြီး တက်တက်ကြွကြွ လှုပ်ရှားခဲ့သည်။

ဒုတိယကမ္ဘာစစ်ကြီးအပြီမှာ ကေအဲန်ယူနဲ့ ကရင်အမျိုးသားလုံးဟာ လွတ်လပ်တဲ့ကရင်ပြည်ပေးဘို့ အင်္ဂလိပ်ကိုလိုနီအစိုးရထံ တောင်းဆိုတိုက်ပွဲဝင်ကြတယ်။ ဒီလိုတောင်းဆိုတိုက်ပွဲဝင်တာဟာ နိုင်ငံရေးအနှစ်သာရအရ နယ်ချဲ့စနစ်ဆန့်ကျင်ရေး ဖြစ်သည်။ ဒီနိုင်ငံရေးရဲ့ အနှစ်သဘောကိုတော့ ကျွန်တော်တို့ ကရင်တွေတောင် ကောင်းကောင်းသဘောမပေါက်ခဲ့ဘူး။ ကရင်ပြည်တောင်းဆိုတာကို အင်္ဂလိပ်အစိုးရက လုံးဝမလိုလားဘူး။ ကရင်ပြည်ပေးလိုက်ရင် သူတို့ရဲ့ ကရင်တွေအပေါ် ကျွန် ပြုမှုနဲ့ သွေးစုပ်ချယ်လှယ်မှုတွေ ပြုလုပ်နိုင်တော့မှာမဟုတ်လို့ ဖြစ်တယ်။

ကေအဲန်ယူနဲ့ ကရင်အမျိုးသားတွေရဲ့ တောင်းဆိုချက်ကို အင်္ဂလိပ်အစိုးရက ပယ်ချတယ်။ ဒီလိုပယ်ချတာကိုအံသြဘို့လည်း မလိုဘူး။ အဆန်းလည်းမဟုတ်ဘူး။ နယ်ချဲ့စနစ်ကို ကျင့်သုံးတဲ့ ကိုလိုနီသမားတွေဟာ ဘယ်တော့မှ ကျွန်ပြုခံနေရတဲ့လူမျိုး တွေကို သနားသဖြင့်ဘဲဖြစ်ဖြစ်၊ ဥပဒေအကြောင်းအရဘဲဖြစ်ဖြစ် ပေးရိုးထုံးစံမရှိခဲ့ဘူး။ ကျွန်ဘ၀ကလွတ်မြောက်ဘို့ တိုက်ယူ မှသာရမှာဖြစ်ပါတယ်။ အင်္ဂလိပ်အစိုးရက ကရင်အမျိုးသားတွေရဲ့တောင်းဆိုချက်ကို ပယ်ချလိုက်တော့ ကျွန်တော်တို့ ၀မ်း နည်းခြင်းလည်း မရှိဘူး။ စိတ်ဓာတ်လည်းမကျဘူး။ တခုတော့ရှိပါတယ်။ အင်္ဂလိပ်အစိုးရဟာ သစ္စာမဲ့တဲ့ကတိမတည်တဲ့အစိုးရဖြစ်တယ်ဆိုတာကရင်တမျိုးသားလုံးသိရှိလာတယ်။ ကျွန်တော်တို့ဟာ လွတ်လပ်ရေးကို တိုက်ယူမှရမယ်လို့ အလေး အနက်ခံယူထားပြီး ဖြစ်ကြတဲ့အတွက် ဆက်လက်တိုက်ပွဲဝင်ဖို့ တိုက်တွန်းချင်ပါတယ်။ ကရင်ပြည်ရဘို့ ကျွန်တော်တို့က အင်္ဂလိပ်အစိုးရကို ဆန့်ကျင်တော်လှန်ဘို့ အခြေအနေမဖြစ်ပေါ်ခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ အင်္ဂလိပ်အစိုးရဟာ သူတို့ရဲ့ လက်ဝေခံဖြစ်ကြတဲ့ ဗမာအမျိုးသားတွေအပေါ်သစ္စာဖေါက်တဲ့ ဗမာဓနရှင်တွေနဲ့အပေးအယူလုပ်၊ စေ့စပ်ပြီး မြန်ပြည်ကို လွတ်လပ်ရေးပေလိုက်တယ်။

မြန်မာပြည်လွတ်လပ်ရေးရလာတဲ့အခါ တိုင်းပြည်ကို နယ်ချဲ့လက်ဝေခံဗမာဓနရှင်တွေက အုပ်စိုးတယ်၊ ဒီဗာမာဓနရှင်အုပ်စိုး သူတွေက မြန်မာပြည်ကို နယ်ချဲ့သြဇာခံ၊ ကိုလိုနီအပိုင်တိုင်းပြည်ဖြစ်အောင် ပြုလုပ်လိုက်သည်။ မဟာဗမာဝါဒနဲ့ နိုင်ငံရေးအ ဏာကိုကျင့်သုံးပြီး တိုင်းရင်းသားလူမျိုးပေါင်းစုံကို ဖိနှိပ်လာတယ်။

ကျနော်တို့ ကရင်အမျိုးသားတွေက လွတ်လပ်တဲ့ကရင်ပြည်ရရှိဘို့ ဆက်လက်တိုက်ပွဲဝင်ကြတယ်။ ဒီလိုတိုက်ပွဲဝင်ခြင်းဖြင့် ကျွန်တော်တို့ ကရင်အမျိုးသားတွေနဲ့ ဗမာဓနရှင်အုပ်စုတွေအကြား အပြင်းအထန် ပဋိပက္ခကဖြစ်လာတယ်။ ပဋိပက္ခ တစတစကြီးထွားလာပြီး နောက်ဆုံးတော့ လက်နက်ကိုင် ပဋိပကဖြစ်တဲ့ ကရင့်တော်လှန်ရေးနဲ့ ဗမာဓဏရှင်အုပ်စိုးသူတွေရဲ့ တန်ပြန်တော်လှန်ရေးဖြစ်သည်။

အထက်ကဖော်ပြလာတဲ့ကရင်အမျိုးသားစည်းလုံးညီညွတ်မှုကိုရလာခြင်း၊ကရင်အမျိုးသားလွတ်မြောက်မှု၊ တော်လှန်ရေး ဖြစ်ပေါ်လာခြင်းတွေဟာ ကရင်နှစ်သစ်ကူးနေ့က အစပျိုးလိုက်တဲ့၊ ဖြစ်ပေါ်လာတဲ့ အကြောင်းအရင်းတွေပဲဖြစ်ပါတယ်။ က ရင်နှစ်သစ်ကူးနေ့နဲ့ ကရင်အမျိုးသားလှုပ်ရှားမှုဟာ အပြန်အလှန် ဆက်စပ်မှီခိုအကျိုးပြုနေခြင်း ဖြစ်ပါတယ်။

ဒီနေ့ ကျနော်တို့ ကရင်နှစ်သစ်ကူးပွဲတော်ကို ကျင်းပကြတယ်။ ကျနော်တို့ဟာ ပျော်ရွှင်ကြတယ်။ ပျော်ရွှင်မှုနဲ့ပဲ ကရင်နှစ် သစ်ကူးပွဲတော်ကို ကျင်းပမယ်ဆိုရင် ဒီပွဲတော်ဟာ အမျိုးသားအကျိုးအတွက် အကျိုးဖြစ်စေသင့်သလောက် ဖြစ်မှာမဟုတ် ဘူး။ ဒီနှစ်သစ်ပွဲတော်ကို အမျိုးသားအကျိုးတခုခု ဖြစ်လာစေဘို့အတွက် ကျနော်တို့တခုခုလုပ်ရမယ်။ ကျနော်တို့ ဘာလုပ်ကြမလဲ၊ ဘာလုပ်ရမလဲဆိုတာကို စဉ်းစားလိုက်တဲ့အခါ ဖြစ်ပေါ်နေတဲ့အခြေအနေအရ ကျနော်တို့ဟာ တော်လှန်ရေးနဲ့ကိုက် ညီတဲ့ အတွေးအခေါ်တွေရှိဘို့ လိုအပ်ပါတယ်။ အဲဒီအတွေးအခေါ်တွေကို ဒီအချိန်ကစပြီး ကျနော်တို့ ခံယူတိုက်ပွဲဝင်ကြရ မှာဖြစ်တယ်။ အတွေးအခေါ်နဲ့ ပတ်သက်လို့ ကျနော်ပြောကြားလိုပါတယ်။

ကျွန်တော်တို့ ကရင်တွေဟာ နှစ်ပေါင်းများစွာ ကျွန်ပြုခံကြရတယ်။ ကမ္ဘာ့လူ့အဖွဲ့အစည်းဖြစ်ပေါ်မှု၊ ဖြစ်စဉ်အရဆိုရင် နယ်ချဲ့ စနစ်၊ မြေရှင်ပဒေသရာဇ်စနစ်၊ ဒီစနစ်နှစ်ခုက ပေါ်လာတဲ့ မဟာလူမျိုးကြီးဝါဒတို့ကြောင့်ဖြစ်တယ်။ ကျနော်တို့ဟာ လက်ရှိဆင်နွဲနေတဲ့ တော်လှန်ရေးအောင်ပွဲခံဘို့နဲ့ အသက်ရှည်ရဘို့အတွက် နယ်ချဲ့စနစ်၊ မြေရှင်ပဒေသရာဇ်စနစ်၊ မဟာလူမျိုးကြီး ၀ါဒတို့ကို ဆန့်ကျင်တာဟာ အမျိုးသားလွတ်မြောက်ရေးဖြစ်တယ်။ ဒီဆန့်ကျင်ရေးဖြစ်ပေါ်လာရတာဟာ ကရင်ဘ၀ရဲ့ဖြစ် ပေါ်မှု၊ ကျနော်တို့ ကရင်တွေရဲ့ဖြစ်ပေါ်မှုကို အနှစ်ပေါက်အောင်လေ့လာကြမယ်ဆိုရင် ကျွန်တော်တို့ အခုလို ကျွန်ပြုခံနေရ တာဟာ အဲဒီနယ်ချဲ့စနစ်၊ မြေရှင်ပဒေသရာဇ်စနစ်၊ မဟာလူမျိုးကြီး ၀ါဒတွေကြောင့် ဖြစ်တယ်ဆိုတာ တွေ့မြင်သိရှိခဲ့ရတယ်။ ဒီစနစ်ဆိုး၊ ၀ါဒဆိုးတွေကို ဘယ်လိုဆန့်ကျင်ကြမလဲ၊ ဒီတော့ ကျနော်တို့ဟာ အဲဒီစနစ်ဆိုးတွေကို ကိုယ်စားပြုတဲ့ နေ၀င်းအစိုးရကို အပြုတ်တိုက်ပြီး အချုပ်အခြာအာဏာကို သိမ်းယူရမယ်။ အဲဒီအာဏာနဲ့ လွတ်လပ်တဲ့ ကရင်ပြည်နဲ့ ပြည်နယ်ပေါင်းစု၊ ပြည်ထောင်စုကို ဖွဲ့စည်းရမယ်။

နယ်ချဲ့စီးပွားရေး၊ မြေရှင်ပဒေသရာဇ်စီးပွားရေးတွေကို ဆန့်ကျင်တဲ့ အမျိုးသားဒီမိုကရေစီ စီးပွားရေးကို တည်ဆောက်ရ မယ်။ အဲဒီဆန့််ကျင်ရေးတွေ လုပ်နိုင်ဘို့ ကျနော်တို့မှာ မှန်ကန်တဲ့မျိုးချစ်စိတ်ဓာတ်ဖြစ်တဲ့ လူမျိုးစုံသွေးစည်းညီညွတ်ရေးစိတ်ဓာတ်ကိုမွေးမြူရမယ်။ဒီစိတ်ဓာတ်အရတွေးခေါ်လုပ်ကိုင်ဆောင်ရွက်ရမယ်။ ဒီနေ့ ကရင်တမျိုးသားလုံး တွေးခေါ်နေရမယ့် အဓိကအတွေးအခေါ်က နယ်ချဲ့စနစ်၊ မြေရှင်ပဒေသရာဇ်စနစ်နဲ့ မဟာလူမျိုးကြီးဝါဒဆန့်ကျင်ရေး အတွေးအခေါ်ဖြစ်တယ်။ ဒီအတွေးအခေါ်ကို ထားရှိကြမယ်ဆိုရင် ကျွန်တော်တို့ ကရင်တွေဟာ လွတ်လပ်ခေတ်မှီပြီး ကမ္ဘာကြီးနဲ့ ရင်ဘောင်တန်း လိုက်နိုင်တဲ့လူမျိုးဖြစ်လာမှာပဲ။ ဒီလိုအတွေးအခေါ်မျိုးရှိထားမယ်ဆိုရင် ကျနော်တို့ ကရင်တွေကို လိမ်ညာလို့ရမှာမဟုတ်ဘူး။ လူပေါ်လူဇော် အလုပ်ခံရမှာလဲမဟုတ်ဘူး။ ကျွန်ပြုခံရဘို့ အကြောင်းမရှိတော့ဘူး။ ကျနော်တို့ ကရင်တွေဟာ အဲဒီအတွေး အခေါ်မျိုးရှိသေးသမျှ တော်လှန်ရေးကို ရှည်ကြာစွာတိုက်ပွဲဝင်နေရမှာဖြစ်ပါတယ်။ ဒီလိုအတွေးအခေါ်မျိုးမရှိရင် တကယ် လွတ်လပ်တဲ့ လူမျိုးဖြစ်လာမှာမဟုတ်ဘူး။ ကျွန်တော်တို့ဟာ အမျိုးသားကို တကယ်ချစ်မြတ်နိုးကြတယ်၊ လွတ်လပ်ရေးကို တကယ်လိုလားတယ်၊ လွတ်လပ်ခေတ်မှီတဲ့ လူမျိုးအဖြစ်ရရှိချင်ရင် ဒီအတွေးအခေါ်ကို ခံယူကြဘို့ အလေးအနက်ပန်ကြား တိုက်တွန်းလိုပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ နှစ်သစ်ကူးအတွင်းမှာ နိုင်ငံတကာအခြေအနေ၊ မြန်မာပြည်အခြေအနေတွေဟာ ထူးခြားတဲ့အကြောင်းရပ်တွေ ဖြစ်လာဘို့ရှိတယ်။ ဒီအကြောင်းရပ်တွေက ဆိုးတဲ့အကြောင်းရပ်လဲပါရှိသလို ကောင်းတဲ့အ ကြောင်းရပ်တွေလဲ ပါရှိပါလိမ့်မယ်။ ဘယ်လိုအခြေအနေဆိုးမျိုး ဖြစ်ပေါ်လာပါစေ၊ ကျနော်တို့ ကရင်တမျိုးသားလုံး၊ တစိတ် တသဘော၊ တစည်းတလုံးတည်းနဲ့ ရင်ဆိုင်သွားကြ၊ လက်တွဲသွားကြဘို့ ပြောကြားလိုပါတယ်။

ဒီနှစ်သစ်ကူးနေ့ဟာ ကရင်အမျိုးသားတွေသာမက မြန်မာပြည်နဲ့ ကမ္ဘာတ၀ှမ်းလုံးရှိ လူသားတွေအတွက် မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပြီး စည်းလုံးညီညွတ်မှု၊ ငြိမ်းချမ်းသာယာမှုနဲ့ တိုးတက်မှုတွေ ရရှိလာစေဘို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။


ကျွန်ုပ်နှင့် ခေါင်းဆောင်ကြီးစောဘဦးကြီး

မန်းဘဇန်ရေးသည်
ဘဲဂရက်ရွာဟာ ပုသိမ်မြို့အရှေ့ဘက် မိုင် (၄၀)လောက်အကွာ ပုသိမ်၊ ဟင်္သာတ မီးရထားလမ်းပေါ်မှာရှိတဲ့ ရွာတရွာဖြစ် တယ်။ အိမ်ခြေနှစ်ရာလောက်ရှိပြီး ကရင်အမျိုးသား ခရစ်ယာန် ဘာသာဝင်တွေ အများဆုံးနေထိုင်ကြတယ်။ ဘဲဂရက်ရွာမှာ နေတဲ့ စောသာမြတ်ကြီးနဲ့ ဇနီးတို့က ၁၉၀၅ခုနှစ်မှာ စောဘဦးကြီး ကိုမွေးဖွားခဲ့ပါတယ်။

ဘိလပ်ပြန် စောဘဦးကြီး ။ ။ စောဘဦးကြီးဟာ ပုသိမ်မြို့မှာရှိတဲ့ ကိုသာဖြူကျောင်းလို့ခေါ်တဲ့ နီကယ်စကောကရင်အထက် တန်းကျောင်းမှာ အထက်တန်းအောင်သည့်အထိ ပညာသင်ကြားခဲ့သည်။ အထက်တန်းအောင်မြင်ပြီးတဲ့နောက်မော်လမြိုင်ရှိအထူးအင်္ဂလိပ်ကျောင်းဖြစ်တဲ့မစ္စတာဝက်ဒက်ဝဖွန်
်ကျောင်းမှာ ဆက်လက်ပညာသင်ကြားပြီး ဗြိတိန်နိုင်ငံကို သွားရောက် ပြီး ၀တ်လုံပညာကို သင်ကြားခဲ့တယ်။ အဲဒီနောက် စောဘဦးကြီးဟာ ၀တ်လုံတော်ရတဦးဖြစ်လာခဲ့တယ်။ ဗြိတိန်နိုင်ငံမှာ ပညာသင်ကြားနေခိုက် ဘိလပ်သူတဦးနဲ့ မေတ္တာမျှပြီး အိမ်ထောင်ကျခဲ့တယ်။ သားတယောက်၊ သမီးတယောက်ရခဲ့တယ်။ ၀တ်လုံတော်ဘွဲ့ရပြီးတဲ့နောက် စောဘဦးကြီးနဲ့ မိသားစုဟာ ဗမာပြည်ကို ပြန်လာပြီး ပုသိမ်မြို့၊ ကန်သုံးဆင့်ရပ်ကွက်မှာနေ ထိုင်ကြတယ်။ စောဘဦးကြီးဟာ ဥစ္စာဓန ပေါကြွယ်ဝသူ ဖြစ်ရုံသာမက ပညာတတ်တဦးလည်းဖြစ်တယ်။ ရုပ်ရည်ချောမော သန့်ပြန့်တဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီးခိုင်ဖြစ်ခဲ့သည်။

စောဘဦးကြီးနဲ့ ကျွန်ုပ် သိကျွမ်းလာခြင်း။ ။ ။ ၁၉၃၈ခုနှစ်မှာ ကျွန်ုပ်ဟာ ရန်ကုန်တက္ကသိုလ် ပထမနှစ်ဝိဇ္ဇာတန်းမှာပညာသင်ကြားနေတယ်။တနေ့ရန်ကုန်မြို့မှာအင်္ဂလိပ်ဘာသနဲ့ထုတ်ဝေတဲ့ရန်ကုန်
ဂေဇက် အင်္ဂလိပ်သတင်းစာတစောင်ကို ဖတ်မိ တယ်။ ရှမ်းပြည်သီပေါနယ်က စော်ဘွားမျိုးနွယ်တဦးရဲ့ နန်းတွင်းလုပ်ကြံမှု အမှုအခင်းတခုအကြောင်းပဲဖြစ်တယ်။ စောသီ ဟဆိုသူတဲ့ ဇော်ဘွားရဲ့ တူက စော်ဘွားကိုလုပ် ကြံသတ်ဖြတ်တယ်လို့ စွပ်စွဲတဲ့အမှုဘဲ။ အဲဒီအမှုမှာ တရားခံအဖြစ် စွဲဆိုခံရ တဲ့ စောသိဟဖက်က နာမည်မကျော်ကြားသေးတဲ့ ၀တ်လုံတော်ရ စောဘဦးကြီးက ရှေ့နေလိုက်တယ်။ စောဘဦးကြီးရဲ့ လျှောက်လွဲချက်ကြောင့် စောသီဟလည်း ကွင်းလုံးကျွတ်လွတ်သွားခဲ့တယ်။ စောဘဦးကြီးရဲ့ အရည်အချင်းနဲ့ ဂုဏ်သိက္ခာ ဟာ ထင်ပေါ်ကျော်ကြားလာတယ်။

ပုဂ္ဂိုလ်အရ စောဘဦးကြီးနဲ့ သိကျွမ်းလာခြင်း။ ။ ။ ၁၉၃၉ ခုနှစ်မှာ ဒုတိယကမ္ဘာစစ်ဖြစ်လာပြီး ဂျပန်တွေက ဗမာပြည်ကို သိမ်းယူခဲ့တယ်။ အောက်မြန်မာပြည်မှာ မဟာဗမာဝါဒီ ဘီအိုင်အေ (BIA)တပ်တွေရဲ့ ဗိုလ်ကျမှုကြောင့် ကရင်၊ ဗမာ လက် နက်ကိုင် ပဋိပက္ခ ဖြစ်လာရတယ်။ အဲဒီပဋိပက္ခဟာ တိုင်းပြည်အကျိုးနဲ့ ကရင်လူမျိုးရဲ့အကျိုးကို ထိပါးစေခဲ့တယ်။ ၁၉၄၂ ခု နှစ်မှာ ဂျပန်က မြန်မာပြည်ကို သိမ်းယူပြီးတာနဲ့ ဒေါက်တာဘမော်ကို အဓိပတိခန့်ပြီး ရုပ်သေးအစိုးရ ဖွဲ့စည်းပေးခဲ့သည်။ ဒေါက်တာဘမော်အစိုးရဟာ ကရင်၊ ဗမာ ပြဿနာဖြေရှင်းရေး၊ ကရင်၊ ဗမာ သင့်မြတ်ရေးကို ဆောင်ရွက်ဖို့ စောဘဦးကြီး၊ စောစံစီဖိုး၊ စောဘမောင်၊ ဆရာသာထို၊ မန်းဘခင်၊ စောဖါးစ၊ ဒေါက်တာစောလှထွန်းတို့ပါဝင်တဲ့ ကေစီအိုကရင်အဖွဲ့ချုပ်ကို ဖွဲ့စည်းပေးခဲ့တယ်။ အစိုးရအဖွဲ့ရဲ့ကိုယ်စားလှယ် အဖွဲ့အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်နု၊ သခင်သန်းထွန်း၊ ပအိုဝ်း ဦးလှဖေတို့ ပါဝင်တဲ့ကိုယ်စားလှယ်အဖွဲ့ကို ဖွဲ့စည်းစေတယ်။ ကျုပ်ဟာ အဲဒီအချိန်က ၀န်ကြီးပအိုဝ်း ဦးလှဖေရဲ့ရုံးမှာ အထက် တန်းစာရေးအဖြစ် ခန့်ထားခြင်းခံရတယ်။ လုပ်ငန်းအရ စာရေးဖြစ်ပေမယ့် အဓိက ဦးလှဖေနဲ့ တွဲပြီး နိုင်ငံရေးလုပ်ရတာဖြစ် တယ်။ ဦးလှဖေဟာ အဲဒီအချိန်မှာ ကရင်၊ ပအိုဝ်း အမျိုးသားကြီးတဦးဖြစ်တယ်။ နိုင်ငံရေးမှာ ဗမာတွေနဲ့ ရင်ဘောင်တန်းပြီး လုပ်နိုင်တဲ့စွမ်းရည်ရှိတယ်။ ကရင်၊ ဗမာ ပြဿနာတွေကို တွေ့ဆုံဆွေးနွေးရာမှာ ဦးလှဖေက ကျွန်ုပ်ကို အဲဒီဆွေးနွေးပွဲတိုင်း လေ့လာသူအဖြစ် ခေါ်သွားလေ့ရှိတယ်။ ဦးလှဖေ မိတ်ဆက်ပေးလို့ စောဘဦးကြီးနဲ့ ကျွန်ုပ်တို့ ပုဂ္ဂိုလ်ရေးအရ သိကျွမ်းလာခဲ့ တယ်။ တွေ့ဆုံပွဲတွေမှာ စောဘဦးကြီးကို ကျွန်ုပ်စိတ်ဝင်စားလာတယ်။

စောသီဟအမှုမှာ စောဘဦးကြီးရဲ့အောင်မြင်မှုတွေက ကျွန်ုပ်ဦးနှောက်ထဲမှာ ကြေးမှုံသဖွယ်ထင်ဟပ် ပေါ်လွင်လာတယ်။ စောဘဦးကြီးရဲ့တည်ကြည်လေးနက်မှုနဲ့ လက်တွေ့ကျကျတင်ပြချက်တွေဟာ စောဘဦးကြီးကို ပိုမိုလေးစားအထင်ကြီးလာ စေတယ်။ ကရင်ထဲမှာ ဒီလိုခေါင်းဆောင်တွေ ရှိလာတဲ့အတွက် ကျွန်ုပ်တို့အဖို့ အမျိုးသားရေးလုပ်ဖို့ ပိုပြီးစိတ်ဓာတ်တက်ကြွ လာစေတယ်။ စောဘဦးကြီးဟာ ကျွန်ုပ်လေးစားမြတ်နိုးတဲ့ ခေါင်းဆောင်ဖြစ်လာတယ်။

၁၉၄၅ ခုနှစ်၊ မေ(၂)ရက်နေ့မှာ ရန်ကုန်မြို့ကို ဗြိတိသျှတွေ သိမ်းယူလိုက်တယ်။ ၁၉၄၅ ခုနှစ် (၂၆)ရက်နေ့မှာ ရန်ကုန်မြို့မှာ ကေစီအိုက ရှေ့ဆောင်ပြီး ကရင်အရေး အမျိုးသားရေးအတွက် ညီလာခံတရပ်ကျင်းပခဲ့သည်။ အဲဒီညီလာခံကို မအူပင်ခရိုင် ကိုယ်စားလှယ်တဦးအနေနဲ့ ကျွန်ုပ်လဲ တက်ရောက်ခဲ့တယ်။ အဲဒီညီလာခံမှာ စောဘဦးကြီးနဲ့ပြန်ဆုံတဲ့အခါမှာ စောဘဦးကြီး ကျွန်ုပ်ကို ဟေ့ ဘဇံ၊ ခင်ဗျားအစိုးရအလုပ်ပြန်လုပ်အုံးမလား လို့မေးတယ်။ ကျွန်ုပ်က အစိုးရအလုပ်လုပ်ဖို့ စိတ်မ၀င်စားတော့ ဘူး။ အမျိုးသားရေးက အရေးကြီးလာလို့ အမျိုးသားရေးမှာ ခြေစုံပစ်လုပ်ဖို့ ဆုံးဖြတ်ထားပြီလို့ ဖြေလိုက်တယ်။ စောဘဦးကြီး က ဒီအဖြေကို ကြိုဆိုတဲ့အနေနဲ့ လက်ဆွဲနှုတ်ဆက်ပြီး အမျိုးသားရေးကို ဒို့များတွဲလုပ်ကြပါစို့လို့ ပြောခဲ့တယ်။

စောဘဦးကြီးရဲ့ ခေါင်းဆောင်မှု ။ ။ ။ ၁၉၄၅ခု၊ ဇွန်လညီလာခံမှာ ကေစီအို (K.C.O) အဖွဲ့ကို ဖွဲ့စည်းရာမှာ စောဘဦးကြီး ဟာ ဗဟိုကော်မတီအဖြစ် ရွေးချယ်ခြင်းခံရတယ်။ ၁၉၄၆ခု ကေစီအို နှစ်ပတ်လည်း အစည်းအဝေးဆုံးဖြတ်ချက်အရ ဗြိတိန် ပြည်ကို ကရင်ကြည်ချစ်ရေး စေလွတ်ရာမှာ အဖွဲ့ဝင်တဦးအဖြစ် ရွေးချယ်ခြင်းခံရတယ်။ ၁၉၄၆ခုနှစ်၊ မြန်မာပြည်မှာ နယ်ချဲ့ ဆန့်ကျင်ရေး အထွေထွေသပိတ်ကြောင့် ဘုရင်ခံ ဆာဒေါ်မန်စမစ်အစိုးရ ပြုတ်ကျသွားပြီး ဆာဟူးဘရန့်စ်နဲ့ ဖဆပလအဖွဲ့ ကိုယ်စားလှယ်တွေပါဝင်တဲ့ အစိုးရတက်လာတယ်။ အစိုးရအဖွဲ့မှာ စောဘဦးကြီးကို ၀န်ကြီးအဖြစ် ရွေးချယ်ခန့်ထားတယ်။

စောဘဦးကြီးဟာ ကရင်အမျိုးသားရေးမှာ ခေါင်းဆောင်တဦးဖြစ်ရုံသာမက မြန်မာပြည်အရေးမှာလည်း အရေးပါတဲ့ ခေါင်းဆောင်တဦးဖြစ်တယ်။ ၁၉၄၇ခုနှစ်မှာ ကွန်ုပ်နှင့် စောဘဦးကြီးတို့ လက်တွဲပြီး အမျိုးသားရေးတာဝန်တွေ ထမ်းဆောင်လာခဲ့ ရတယ်။ အဲဒီနှစ်မှာ ကေအဲန်ယူအဖွဲ့မှ စောစံဖိုသင်နဲ့ ကေ၀ိုင်အို အဖွဲ့ဝင် မန်းဘခိုင်၊ မန်းဝင်းမောင်၊ စောကျော်စိန်၊ စောစိန် တင်တို့ နှုတ်ထွက်သွားကြသည်။ ကေအဲန်ယူ ဗဟိုကော်မတီ အသစ်တခုဖွဲ့စည်းဖို့ အရေးပေါ်ညီလာခံကျင်းပတဲ့အခါ စောဘဦးကြီးဟာ ဥက္ကဌ ဖြစ်လာပြီး ကျွန်ုပ်ဟာလည်း ကာကွယ်ရေး တာဝန်ခံဖြစ်လာခဲ့တယ်။ ကျွန်ုပ်နဲ့စောဘဦးကြီးဟာ အ တွေးအခေါ် ခံယူချက်ခြင်းတူညီလို့ အလုပ်လုပ်ရာမှာ ညီညွတ်မှု၊ တိုးတက်မှုရှိခဲ့သည်။ စောဘဦးကြီးကို ကျွန်ုပ်က ခင်မင် လေးစားတဲ့ ခေါင်းဆောင်ကြီးအဖြစ် ခံယူဆက်ဆံသလို စောဘဦးကြီးကလည်း ကျွန်ုပ်ကို ခင်မင်လေးစားတဲ့ ရဲဘော်ရဲဘက် တိုက်ဖေါ်၊ တိုက်ဖက်အဖြစ် ခံယူဆက်ဆံတယ်။

စောဘဦးကြီးဟာ မျက်မှောက်ခေတ်ရဲ့ တော်လှန်တဲ့ကရင်အမျိုးသားပေါင်း ခေါင်းဆောင်ကြီးဖြစ်တယ်။ ကမ္ဘာ့အမြင်ရှိတဲ့ ခေတ်ရဲ့ဖြစ်ပေါ်မှုကို သိကျွမ်းတဲ့ပုဂ္ဂိုလ်လည်းဖြစ်တယ်။ လူမျိုးပေါင်းစုံ ချစ်ကြည်ရေးစိတ်ဓာတ်၊ဖိနှိပ်မှုနဲ့သွေးစုပ်ချယ်လှယ်တဲ့စိတ်ဓာတ်ကိုဆန့်ကျင်တဲ့ စိတ်ဓာတ်လည်းရှိတယ်။ စောဘဦးကြီးဟာ စုစုပေါင်းခေါင်းဆောင်မှုနဲ့ဒီမိုကရေစီ ဗဟိုချုပ် ကိုင်မှုစနစ် လိုက်စားခံယူသူဖြစ်တယ်။ အလုပ်လုပ်ရာမှာ သေနင်္ဂဗျူဟာအရခိုင်မာပြီး၊ နည်းပရိယာယ်အရ ကြွယ်ဝပျော့ ပြောင်းစွာ လုပ်ကိုင်သူဖြစ်တယ်။ ဆုံးဖြတ်ချက်ချရာမှာ အမှားအယွင်းမရှိရအောင် အာရုံစိုက်ပြီး စဉ်းစားဝေဖန် အကဲဖြတ်ဆုံးဖြတ်လေ့ ရှိတယ်။ ကရင်အမျိုးသားရေးကို လက်ဖြန့်အသနားခံတောင်း၍မရနိုင်ဘူး။ လက်နက်ကိုင်တိုက်ပွဲသာရနိုင်တယ်ဆိုတဲ့လေးနက်တဲ့ခံယူချက်ရှိသူဖြစ်တယ်။ပုဂ္ဂိုလ်ရေးခံယူချက်အပေါ်မှာ စံနမူနာထားလောက်တယ်။

ပညာတတ်ကျွမ်း၊ ဥစ္စာဓနပေါကြွယ်ဝပြီး ရာထူးဂုဏ်ထူးတွေရှိပေမဲ့ ဘ၀င်မြင့်ခြင်းမရှိဘူး။ စောဘဦးကြီးရဲ့ ၀တ်စားဆင်ရင်၊ နေထိုင် စားသောက်မှုတွေဟာ ထယ်ထယ်ဝါ၀ါ မရှိဘူး။ လူလတ်တန်းစားတယောက်အဆင့်မျိုးနဲ့ နေထိုင်တယ်။ ၁၉၄၈ခုနှစ် နေ့တနေ့မှာ စောဘဦးကြီး၊ ကျွန်ုပ်နှင့် မန်းဂျိန်းစ်ထွန်းအောင်၊ စောဟန်တသာမွှေးတို့ဟာ အမျိုးသား စည်းလုံးလှုံ့ဆော်ရေး အတွက် မြောင်းမြခရိုင်၊ လပ္ပတ္တမြို့နယ်၊ ထက်ပင်ကိုင်းကျေးရွာသို့ ရောက်ရှိသွားတယ်။ ကျွန်ုပ်တို့ရောက်ပြီး နောက်တနေ့မှာ ထိုဒေသတ၀ိုက်ရှိ လူထုအစည်းအဝေးတရပ် ပြုလုပ်တယ်။ အစည်းအဝေးမကျင်းပမည် ခေါင်းဆောင်တွေဟာ တည်းခိုအိမ် မှအစည်းအဝေးကျင်းပရာ မ¾ကိုအသွားမှာ လူထုကြီးက တန်းစီပြီး ဖါးစည်တီး၊ ပန်းကုန်းစွတ်ပြီး ဂုဏ်ပြုဘို့စီစဉ်တယ်။ လူ ထုက စောဘဦးကြီးကို ဘီးလပ်ပြန်ဝတ်လုံတော်ရ ကရင်ခေါင်းဆောင်အဖြစ် ဗြိတိသျှဘုရင်ခံများ ၀တ်စားသလို ခန့်ငြားစွာ ၀တ်စားလာမည်ဟု ထင်မှတ်ကြတယ်။ ဒါပေမယ့် စောဘဦးကြီးဟာ ကာကီဘောင်းဘီတို၊ စပို့ရှပ်အင်္ကျီဝတ်ပြီး အစည်းအ ဝေးတက်လာတာကို တွေ့ရတဲ့အခါ အံ့သြသွားကြတယ်။

စောဘဦးကြီးဟာ ရိုးရိုးကျင့်၊ မြင့်မြင့်ကြံတတ်သူဖြစ်တယ်။ စိတ်နေသဘောထား ရိုးသားဖြူစင်တယ်။ လူသားတိုင်းကိုအတန်းစားမရွေး လူရယ်လို့သဘောထားပြီး ဆက်ဆံတယ်။ ကိုယ်ချင်းစာနာစိတ်ရှိတယ်။ အမျိုးသားအတွက် တကယ့်ကိုယ် ကျိုးစွန့်သူဖြစ်တယ်။ မိမိရဲ့လယ်ယာအလုပ်သမားတွေအပေါ် စာနာစိတ်ရှိတယ်။ လယ်လုပ်ခတွေကို လယ်သမား အလုပ်သ မားတွေ ပေးနိုင်သလောက်သာယူတယ်။ လယ်ယာအလုပ်သမားတွေရဲ့ ခင်မင်ရင်းနှီးမှုကို ခံယူရရှိတယ်။ အမျိုးသားရေး လုပ်ငန်းလုပ်ရာမှာ အမျိုးသားရေး အာရုံတခုတည်းထားရှိပြီး ခြေစုံပစ်လုပ်ကိုင်တယ်။

စောဘဦးကြီးဟာ မိမိရဲ့ လေးနက်တဲ့ခံယူချက်အတိုင်း ကရင်အမျိုးသားလွတ်မြောက်ရေးအတွက် မှန်ကန်မြတ်တရားတဲ့ တော်လှန်ရေးကို ရှေ့ဆောင်ဖေါ်ထုတ်ခဲ့သူဖြစ်တယ်။ တော်လှန်ရေးအပေါ်မှာ လေးနက်ပြတ်သားမှုနဲ့ သစ္စာရှိတယ်။ တော်လှန်ရေးလုပ်ငန်းတွေကို အခက်အခဲတွေကြားက ရဲရင့်တည်ငြိမ်ပြတ်သားစွား ရှေ့ဆောင်ခဲ့တယ်။

၁၉၄၉ခုနှစ် ဇန်န၀ါရီလ(၃၁)ရက်နေ့မှာ လက်နက်ကိုင်တော်လှန်ရေးစတင်လာပြီး၊ စောဘဦးကြီးဟာ ဗဟိုခေါင်းဆောင်တွေ ဖြစ်တဲ့ ကျွန်ုပ်၊ စောစိုင်းခေ၊ စကောမောလေး၊ စောဟန်တာသာမွှေး၊ မန်းဂျိန်းထွန်းအောင်၊ စောဘယ်လီတိုနဲ့အတူ အင်းစိန် တိုက်ပွဲအတွင်း အခက်အခဲ ပြဿနာပေါင်း မြောက်များစွာကြုံတွေ့ရပြီး တော်လှန်ရေးအတွေ့အကြုံ၊ အရည်အချင်းတွေရခဲ့တယ်။ အင်းစိန်တိုက်ပွဲဟာ ၁၉၄၉ခု ၊မေလ(၂၅)ရက် နေ့အထိရက်ပေါင်း(၁၁၁)ရက်အကြာမှာ အင်းစိန်မှ ဆုတ်ခွာခဲ့ရတယ်။ အင်းစိန်မှ ဆုတ်ခွာခဲ့ရာမှာ တော်လှန်ရေးဒဏ်မခံနိုင်တဲ့ မန်းဂျိန်းစ်ထွန်းအောင်၊ စောဘယ်လီ၊ ဦးဇန်တို့ဟာ တော်လှန်ရေးကို ဆုတ်ခွာသွားကြတယ်။ တော်လှန်ရေးမှာ ခေါင်းဆောင်ဘို့ စောဘဦးကြီး၊ ကျွန်ုပ်၊ စောစိုင်းခေ၊ စကောမောလေး၊ စောဟန် တာသာမွှေး တို့ကျန်ခဲ့တယ်။ အင်းစိန်ကဆုတ်ခွာပြီး ကျွန်တော်တို့ဟာ အင်းစိန်ခရိုင်ထန်းတပင်မြို့နယ်က ကြာအင်းဇောင်း ရွာကို ရောက်ကြလာတယ်။ စောဘဦးကြီး၊ စောစိုင်းခေ၊ စကောမောလေးတို့ တောင်ငူကို သွားရောက်ပြီး ဗဟိုလုပ်ငန်းတွေ ကို တာဝန်ယူလုပ်ဆောင်ဘို့နဲ့ကျွန်ုပ်နဲ့စောဟန်တာသာမွှေးတို့ကမြစ်ဝကျွန်းပေါ်ဒေသမှာတာဝန်ယူထမ်း
ဆောင်ဘို့ဖြစ် တယ်။ ၁၉၅၀ခုနှစ်၊ သြဂုဏ် လ(၁၂)ရက်နေ့ဟာ ကရင်အမျိုးသားတွေအတွက် ဆုံးရှုံးမှုကြီးတခုဖြစ်တဲ့ ကြေကွဲဝမ်းနည်းဖွယ်ရာနေ့ပဲဖြစ်တယ်။ အဲဒီမှာခေါင်းဆောင်ကြီးတွေဖြစ်တဲ့ စောဘဦးကြီးနဲ့ စောစိုင်းကေတို့ အပေါင်းပါတစုဟာ ကော့ကရိတ်မြို့ နယ် ထိုကော့ကုံးရွာမှာ ရန်သူလက်ချက်နဲ့ ကရင့်လွတ်မြောက်ရေးအတွက် အသက်စွန့်သွားခဲ့ရတယ်။ စောဘဦးကြီးဟာ အသက် (၄၅)နှစ်မှာ ကွယ်လွန်ခဲ့တယ်။ လက်နက်ကိုင်တော်လှန်ရေးတာဝန်ကို တနှစ်ကျော်လောက်သာ ထမ်းဆောင်သွား ရှာတယ်။

စောဘဦးကြီးရဲ့ မှန်ကန်တဲ့ရှေ့ဆောင်မှုကြောင့် မြတ်တရားတဲ့ ကရင်အမျိုးသားလွတ်လပ်ရေးနဲ့ ဘ၀ တိုးတက်မှုတော်လှန် ရေး ဖြစ်ပေါ်လာတယ်။ စောဘဦးကြီးဟာ မိမိအပေါ်ကျရောက်တဲ့ တာဝန်ကို ပြောင်မြောက်အောင်မြင်အောင်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။သူ့ရဲ့ရည်ရွယ်ချက်အလုံးစုံအောင်မြင်ရေးအတွက် ကျွန်ုပ်တို့ ဆက်လက်တိုက်ပွဲဝင်ကြရဦးမယ်ဖြစ်ကြောင်း တင်ပြလိုပ်ရပါသည်။


လွှတ်လပ်ရေးအတွက် ကိုယ့်ကြမ္မာကိုယ်ဖန်တီးပြီး တိုက်ယူရမယ်။
တိုက်ယူလို့ရတဲ့အခြေ အနေမှာရှိတယ်။ သေရင်မြေကြီး ရှင်ရင်ရွှေထီးပဲ။
လွှတ်လပ်ရေးကို ထက်မြက်တဲ့အရာ လူ့လောကမှာ မရှိဘူး။
(ဥက္ကဌကြီး မန်းဘဇန်)




အခန်း (၁)
အပိုဒ်(၁)
ဥက္ကဌကြီး မန်းဘဇန်၏ ခလေးဘဝ
ဓနုဖြူမြို့သည် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ၊ မအူပင်ခရိုင်အတွင်းရှိ မြို့ပိုင်ရုံးစိုက်ရာ မြို့နယ်တမြို့ဖြစ်သည်။ ၎င်းသည် ရန်ကုန်မြို့၏အနောက်ဘက် မိုင်တရာကျော်ကွာဝေးသော အရပ်တွင်တည်ရှိသည်။ ၎င်းမြို့သည် မြန်မာဘုရင့်များကြီးစိုးခဲ့ သည့်အချိန်မှစ၍ တည်ရှိလာခဲ့သော မြို့ဖြစ်သည်။ လူဦးရေတသိန်းနီးပါးရှိသော မြို့ဖြစ်သည်။ မြို့သူမြို့သားအများစုမှာ ဗမာလူမျိုးများ ဖြစ်သည်။

၎င်းမြို့တွင် ဥက္ကဌကြီးမန်းဘဇန် အိမ်ထောင်စုအပါအ၀င် ကရင်အိမ်ထောင်စု ငါးစုမျှရှိသည်။ ၎င်းမြို့တွင် နေထိုင် လုပ်ကိုင် စားသောက်သူများမှာ တချို့မှာ မြန်မာတပြည်လုံးသို့ ဖြန့်ဖြူးသော သင်ဖြူးဖျာလုပ်ငန်း၊ တချို့မှာပြည်တွင်း၊ ပြည်ပတွင်နာ မည်ကျော်ကြားသော ဆေးပြင်းလိပ် ထုတ်လုပ်သည့်လုပ်ငန်းကို လုပ်ကိုင်ကြသည်။

၎င်းမြို့တွင် မြောက်ပိုင်းနှင့်တောင်ပိုင်းဟူ၍ ရပ်ကွက်နှစ်ခုရှိသည်။ တောင်ပိုင်းသည် ဈေးပိုင်းရပ်ကွက်ဖြစ်ပြီး မြောက်ပိုင်း သည် မြို့ပိုင်ရုံး၊ ရဲဌာန၊ ဆေးရုံနှင့် စာသင်ကျောင်းများလည်းရှိရာ အမှုထမ်းများရပ်ကွက်ဖြစ်သည်။

၎င်းမြို့သည် မြန်မာ့သမိုင်းဝင် မြို့တမြို့ဖြစ်သည်။ ၁၈၅၃ခုနှစ်၊ ဒုတိယအင်္ဂလိပ်၊ မြန်မာစစ်ပွဲကို အဆုံးအဖြတ်ပေးခဲ့သော စစ်ပွဲကြီးဖြစ်သည်။ ဤမြို့တွင် ဖြစ်ပွားခဲ့သည်။ နာမည်ကျော်ကြားသော စစ်သူကြီး မဟာန္ဓုလဦးစီးသည့် မြန်မာတပ်များနှင့် ဗြိတိသျှနယ်ချဲ့ ကျူးကျော်ရေးတပ်များအကြား ကြီးမားပြင်းထန်သော တိုက်ပွဲကြီးဖြစ်ပွားခဲ့သည်။

ယင်းတိုက်ပွဲတွင် ဗြိတိသျှတို့မှ ပစ်လိုက်သော စိန်ပြောင်းကျည်တလုံးသည် စစ်သူကြီး မဟာဗန္ဓုလအနီးတွင် ပေါက်ကွဲပြီး ယင်းဒဏ်ရာဖြင့်ပင် မဟာဗန္ဓုလကျဆုံးသွားသည်။ ၎င်းကျဆုံးမှုကြောင့် မြန်မာတပ်များ ဖရိုဖရဲဖြစ်ပြီး နောက်ဆုံး တစတစ မြန်မာဘက်မှ အရှုံးပေးလိုက်ရသည်။

ထိုသို့အရှုံးပေးလိုက်ရခြင်းကြောင့်ဗြိတိသျှတို့သည်ဧရာဝတီတိုင်းနှင့်ပဲခူးတိုင်းတို့ကိုသိမ်းယူအုပ်ချုပ်ခွင့်ရရှိခဲ့သည်။ ၎င်းမြို့ တွင် ကိုလိုနီခေတ် မြန်မာ့နိုင်ငံရေးလောကတွင် နာမည်ကျော်ကြားသော နိုင်ငံရေးခေါင်းဆောင်တဦးဖြစ်သည့် ဒေါက်တာဘာမော်မွေးဖွားရာမြို့လည်းဖြစ်သည်။ ဥက္ကဌကြီးမန်းဘဇန်အား ဓနုဖြူမြို့၊ တောင်ပိုင်းရပ်ကွက်တွင် ၁၉၁၆ခုနှစ် ဖေဖေါ်ဝါရီ လ(၁၀)ရက်၊ ၁၂၇၇-ခုနှစ်၊ တပို့တွဲလဆန်း (၆)ရက်နေ့တွင် မွေးဖွားသည်။

မိဘနှစ်ပါးမှာ ပိုးကရင်မျိုးနွယ်စုဝင် အဘမန်းစိန်ပွင့်နှင့် အမိဒေါ်ချောတို့ဖြစ်သည်။ မန်းစိန်ပွင့်သည် ခရစ်ယာန်ဘာသာဝင်၊ ခေတ်ပညာတတ်တဦးဖြစ်သည်။ ဟင်္သာတမြို့ရှိ အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာသင်ပေးသောကရင်အမျိုးသားအထက်တန်းကျောင်းတွင်ဆယ်တန်းအောင်မြင်ခဲ့သည်။ ၎င်းနောက် ရန်ကုန်မြို့ရှိ နှစ်ခြင်းခရစ်ယာန် ဆရာဖြစ်ကောလိပ်ကျောင်း (Buptist Teachers College)မှဆရာဖြစ်သင် အောင်လက်မှတ်ရရှိသည်။ ယင်းဆရာအတတ်သင်ကောလိပ်ကျောင်းအောင် မြင်ပြီးနောက် ဓနုဖြူမြို့ရှိ အမေရိကန် နှစ်ခြင်းသသာနပြု အလယ်တန်းကျောင်း (A.B.M American Baptist Mission) တွင် အလယ်တန်းပြ ဆရာအဖြစ်အမှုထမ်းသည်။ မန်းစိန်ပွင့်၏ ဆွေမျိုးမျာမှာ ခရစ်ယာန်ဘာသာဝင်များဖြစ်သည်။

အမိဒေါ်ချောသည် ဓနုဖြူမြို့နယ်အပိုင်၊ ညောင်ချောင်းရွာသူဖြစ်သည်။ မြေရာများပိုင်ဆိုင်ပြီး အချို့ကို ကိုယ်တိုင်လုပ်၍ အချို့ကို ကိုယ်တိုင်လုပ်၍ အချို့ကို သီးစားချစားသော (မြေရှင်တပိုင်းချမ်းသာ) မြေရှင်တပိုင်း၊လယ်သမားတပိုင်း၊ချမ်းသာသောလယ်သမားတဦးဖြစ်သည်။ ၎င်းနှင့်၎င်း၏ဆွေမျိုးအားလုံးမှာ ဗုဒ္ဓဘာသာဝင်များဖြစ်သည်။ ဥက္ကဌကြီး မန်းဘဇန်သည် မိဘနှစ်ပါးနှင့် ဆွေမျိုးများ၏ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာများအကြား ကြီးပြင်းလာခဲ့ရလင့်ကစား (ဘာသာရေးဂိုဏ်းဂ နမရှိပဲ) ကြီးပြင်းလာသူဖြစ်သည်။

ဒေါ်ချောသည် စာအနည်းငယ်ရေးတတ်၊ ဖတ်တတ်သည်။ ညောင်ချောင်းရွာ၏ ကွမ်းတောင်ကိုင် အပျိုချောလည်းဖြစ်ခဲ့ သည်။ မန်းစိန်ပွင့်နှင့်အိမ်ထောင်ပြုပြီး မန်းစိန်ပွင့်၏ အသွင်တူ အိမ်သူဖြစ်ရေး စည်းရုံးသိမ်းသွင်းမှုကြောင့် ခရစ်ယာန်ဘာ သာဝင်ဖြစ်သည်။

ဥက္ကဌကြီးမန်းဘဇန်မှာညီအစ်ကိုမောင်နှမလေးဦးရှိသည်။အမအကြီးဆုံးမှာဂရေ့(စ်)စိန်ပွင့်(GRACE)ဒုတိယအမကြီးမှာ မာဂရက်စိန်ပွင့်တို့ဖြစ်သည်။ ၎င်းတို့နှစ်ဦးစလုံး ဆယ်တန်းအောင်မြင်ကြပြီး ရန်ကုန်ဆေးရုံကြီးတွင် သူနာပြုဆရာမကြီးများ အဖြစ် အမှုထမ်းခဲ့သည်။ အငယ်ဆုံးညီမလေးမှာ မဟင်္သာဖြစ်ပြီး နှစ်နှစ်သမီးအရွယ်တွင် ကွယ်လွန်သွားသည်။

မဟင်္သာဆုံးပြီးနောက် ကံဆိုးမိုးမှောက်ကျလာပါသည်။ အကြောင်းမှာ ဥက္ကဌကြီးမန်းဘဇန် အသက်(၄)နှစ်တွင်မိခင်ဒေါ်ချောသည်ပထမကမ္ဘာစစ်အပြီးကျရောက်လာသောတုတ်ကွေးကြီးရောဂါနှင့်ပင် ကွယ်လွန်သွားရှာသည်။

မိခင်ဒေါ်ချောကွယ်လွန်ပြီး မကြာမီ ဖခင်မန်းစိန်ပွင့်သည် မအူပင်မြို့အပိုင် စစ်ချောင်းနတ်စင်ရွာသူ စကောကရင်မျိုးနွယ်စု ၀င် ဒေါ်မြို့ဆိုသူနှင့် ဒုတိယအကြိမ်အိမ်ထောင်ပြုသည်။ ဒေါ်မြိုင်သည် ဗုဒ္ဓဘာသာဝင်ချမ်းသာသော လယ်သမားတဦးဖြစ် သည်။ ၎င်း၏ ဆွေမျိုးအားလုံးမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်။ ဖခင်မန်းစိန်ပွင့်နှင့် အိမ်ထောင်ပြုပြီး အသွင်တူရေးစည်းရုံး သိမ်းသွင်းမှုကြောင့်ခရစ်ယာန်ဘာသာဝင်ဖြစ်လာသည်။သူမသည်စာရေးတတ်၊စာဖတ်တတ်ရုံသာရှိသည်။

မန်းစိန်ပွင့်သည် ဒေါ်မြိုင်နှင့် သားမသီး (၃)ယောက်ထွန်းကားသည်။ ၎င်းတို့မှာ စပို(မထေးလ်ဒါစိန်ပွင့်)၊ ဘိုကြီး(ဘစိန်မြိုင်) နှင့် အငယ်ဆုံး ဖေါရှာစိန်ပွင့်တို့ဖြစ်သည်။

ဥက္ကဌကြီးမန်းဘဇန်သည် ဒုတိယအကြိမ် ကံဆိုးမိုးမှောင်ကျရောက်လာမှုကို ခံရပြန်သည်။ ဖေါရှာစိန်ပွင့်ကိုမွေးပြီး တနာရီအ ကြာတွင် ဒေါ်မြိုင်သွေးသွန်ပြီး ကွယ်လွန်သွားရှာသည်။ ဒေါ်မြိုင်ကွယ်လွန်ပြီးနောက် ဥက္ကဌကြီးမန်းဘဇန်မှာ-

လူတွေပြောတာ မိထွေးဟာဆိုးတယ်တဲ့၊ ဒါပေမဲ့ ဒေါ်မြိုင်ကျတော့ ဒီလိုမဟုတ်ဘူး။ မိထွေးနဲ့ကိုမတူဘူး။ တို့တတွေကိုသားသမီးလိုချစ်တယ်။သားသမီးလိုပြုစုပျိုးထောင်ပေးတယ်။ သူ့ဆီမှာရှိတာတွေအားလုံးပေးတယ်။ ကျနော်တို့မှာ သူ့ကျေးဇူး အများကြီးရှိတယ်။ ဒေါ်မြိုင်လက်ထဲမှာ ကျနော်တို့ ကြီးပြင်းလာတာဖြစ်တယ်။

ဒေါ်မြိုင်ကွယ်လွန်ပြီး မန်းစိန်ပွင့်သည် တပင်လဲတပင်ထူ၊ တလင်တမယားစနစ်ဖြင့် တတိယအကြိမ် အိမ်ထောင်ပြုပြန်သည်။
မန်းစိန်ပွင်၏ တတိယအိမ်ထောင်ရှင်မှာ မအူပင်ခရိုင်၊ အင်းတေးရွာသူ ဒေါ်မြဆိုသူဖြစ်သည်။

သူမသည် ပိုးကရင်မျိုးနွယ်စုဝင်၊ ဗုဒ္ဓဘာသာကိုးကွယ်သူ၊ ချမ်းသာသောလယ်သမားဖြစ်သည်။ ဒေါ်မြနှင့် သက်ဆုံးတိုင်သား သမီးမထွန်းကားခဲ့ပဲ ပေါင်းသင်းခဲ့သည်။

ဥက္ကဌကြီးမန်းဘဇန်၏ ငယ်အမည်မှာ ဦးဝေဖြစ်သည်။ ဦးဝေဟု ခေါ်တွင်ရခြင်းမှာ ၎င်းမွေးဖွားချိန်၊ ဧရာဝတီတိုင်း၊ ပညာဝန် ဦးဝေလင်းဆိုသူမှ အေဘီအမ်ကျောင်းကို စစ်ဆေးရန်အတွက်၊ ဓနုဖြူသို့ ရောက်ရှိလာသည်။ ၎င်းရောက်ရှိချိန်ကို အစွဲပြုပြီး အထိမ်းအမှတ်အားဖြစ်၊ ဦးဝေလင်းဟု ခေါ်ကြသည်။ ထို့နောက် တချို့မှဦးဝေ၊ တချို့မှဝေလင်းဟု ခေါ်ကြသည်။ နောက်ဆုံး ဝေလင်းဟုပျောက်ပြီး ဦးဝေသာတွင်တော့သည်။ အိမ်အခေါ်ဖြစ်သည်။ ကျောင်းတွင်ခေါ်ဆိုသောအမည်နှင့် အလုပ်လုပ်ရာ တွင် အမှုထမ်းအမည်မှာ ဘဇန်ဖြစ်သည်။

ဘဇန်အမည်တွင်လာရခြင်းမှာ ကြာသပတေးသားဖြစ်ခြင်း၊ ဇာတာနှင့် နေ့နာမ်၊ ဗေဒေကိန်း ဂဏန်းအရ မိခင်ဘက်မှအဒေါ် ဖြစ်သူ တွက်ချက်၊ မှည့်ခေါ်ခဲ့ခြင်းကြောင့်ဖြစ်သည်။

ဥက္ကဌကြီးမန်းဘဇန်မှာ-

“ကျွန်ုပ်ဟာ ခလေးဘ၀က ခလေးဆိုးဖြစ်ခဲ့တယ်။ ဒီလိုခလေးဆိုးဖြစ်ခဲ့တဲ့အကြောင်းကို ဓနုမြို့မှာ သက်ကြီးရွယ်အိုတွေက ကျွန်ုပ်တို့ကို ပြောပြလို့သိရှိရတယ်။ ကျွန်ုပ်တို့ဟာ မြို့အုပ်ရာထူးအဆင့်နဲ့ ဓနုဖြူမြို့ကို ခရီးထွက်ရင်းရောက်ရှိတယ်။ မြို့အုပ်စောဘဇန်လာပြီဆိုပြီး ကရင်ရပ်ကွက်မှာ သတင်းဖြစ်ပွားနေတယ်။

ဓနုဖြူမြို့ကိုရောက်တော့ ကျွန်ုပ်မွေးဖွားခဲ့တဲ့ ကရင်ရပ်ကွက်လေးကို သွားလည်တယ်။ ကျွန်ုပ်ရောက်တော့ အဲဒီရပ်ကွက်ရှိ တဲ့ သက်ကြီးရွယ်အိုတွေက နှုတ်ဆက်ကြပြီး အဖွားအိုအချို့က မင်းဦးဝေမဟုတ်လားလို့ မေးကြတယ်။ ဟုတ်ပါတယ်လို့ ကျွန်ုပ်ပြန်ပြောသောအခါမှာ သူတို့ရင်ဘတ်ကို လက်ဝါးနဲ့တီးပြီး၊ သြ-စောဘဇန်ဆိုတာ လက်စသတ်တော့ဒင်းကိုး လို့ပြော ကြတယ်။ ကျွန်ုပ်က ဘာဖြစ်လို့မေးတော့ နင်ဒီလိုမြို့အုပ်ဖြစ်လာတာ သိပ်အံ့သြစရာကောင်းတာပဲ။ ဘာဖြစ်လို့လဲလို့မေး တော့ နင်ငယ်ငယ်တုန်းက နင့်ကို တရွာလုံးက အလွန်ဆိုးတဲ့ခလေးဆိုလို့ သတ်မှတ်ကြတယ်။ နင်အခုလို ကြီးကြီးကျယ် ကျယ် ဖြစ်လာတာတွေ့တော့ ဒို့တတွေအံ့သြကြတယ် လို့ပြောကြတယ်။

၎င်းတို့ပြောပြချက်အရခလေးဘ၀မှာကျွန်ုပ်ဟာရွာကအော့နှလုံးနာလောက်အောင်ခလေးဆိုးဖြစ်ခဲ့တယ်။ အရိုက်မခံရတဲ့ နေ့ဟူ၍မရှိ။ ဘယ်လိုပဲ အရိုက်ခံရပါစေ အမှတ်မရှိ၊ ကျွန်ုပ်ရဲ့ ဆိုးသွန်းမှုဒဏ်ကို ကျွန်ုပ်ရဲ့မထွေး ဒေါ်မြိုင်ပင်ခံခဲ့ရတယ်“တ ဖန်-ဥက္ကဌကြီးမန်းဘဇန်မှာ မိထွေးဒေါ်နှင့်ပတ်သက်ပြီး ထပ်မံပြောကြားရာတွင် “ဒေါ်မြိုင်ဟာစိတ်သဘောထားပျော့ပြောင်းဖြူစင်သူတဦးဖြစ်ပြီး မိထွေးလို့တောင် မခေါ်ရက်လောက်အောင် ကျွန်ုပ်နဲ့ ကျွန်ုပ်အမများအပေါ် ကောင်းမွန်ခဲ့တယ်။ ကျွန်ုပ်ကို လည်း မိမိမွေးထုတ်လိုက်သောသားလို့ချစ်မြတ်နိုးသည်။ကျွန်ုပ်ဘယ်လိုပဲဆိုးဆိုး၊ကျွန်ုပ်အပေါ်အလွန်စိတ်ရှည်တယ်။ ကျွန်ုပ်ဆိုးသွမ်းမှုကြောင့် ကျွန်ုပ်ကို ရိုက်နှက်ဆုံးမတာကိုတောင် လက်မခံဘူး။ သူမဟာ စိတ်ရှည်သီးခံစွာနဲ့ ကျွန်ုပ်ကို ပြုစုပျိုးထောင်ပေးရာကနေ လိမ်မာယဉ်ကျေးတဲ့ခလေးဘ၀ကို ပြောင်းလဲလာစေပါတယ်၊ဒေါ်မြိုင်ဟာ ကျွန်ုပ်သေတဲ့အထိမမေ့ နိုင်မယ့် ကျွန်ုပ်ရဲ့ကျေးဇူးရှင်ဖြစ်တယ်”ဟု ဖေါ်ပြခဲ့သည်။


အပိုဒ်(၂)
ဥက္ကဌကြီး မန်းဘဇန်နှင့် ကျောင်းသားဘဝ
ဓနုဖြူမြို့ (အေဘီအမ်)ကျောင်းတွင် ဒုတိယတန်းအောင်မြင်ပြီး မြောင်းမြမြို့အထက်တန်းကျောင်းတွင် စတုတ္တတန်းမှ အထက်တန်းအထိ ပညာသင်ကြားသည်။ ဆယ်တန်းအောင်မြင်ပြီးနောက် ယုဒဿန်ကောလိပ်ခေါ်ဂျက်ဆင်ကောလိပ်တွင် ဥပစာတန်းအောင်ပြီး ရန်ကုန်ယူနီဗာစီတီကောလိပ်တွင် ၀ိဇ္ဇာဘွဲ့ရခဲ့သည်။

မအူပင်မြို့ အစိုးရအထက်တန်းကျောင်းတွင် ပညာသင်ကြားစဉ်ကတည်းက ဥက္ကဌကြီး မန်းဘဇန်မိဘများမှာကျွန်ုပ်အားစည်းကမ်းရှိရန်အတွက်ကြပ်ကြပ်မတ်မတ် ချုပ်ကိုင်ရှေ့ဆောင်ပေးသည်။ အသုံးအစွဲစနစ်ကျရန်အတွက် ကျွန်ုပ်နှင့်အမများ အားသတ္တမတန်းအောင်သည်အထိ မုန့်ဖိုးတနေ့ နှစ်ပြားသာပေးသည်။ ငွေအသုံးအစွဲမကြီးရန်နှင့် လက်မဖွာရန် လေ့ကျင့် ပေးခြင်းဖြစ်သည်။

ခုနှစ်တန်းမှ ဆယ်တန်းအထိ တနေ့မုန့်ဖိုး လေးပြားအထိတိုးပေးလာသည်။ ထိုသို့တိုးပေးလာခြင်းမှာ ငွေသုံးစွဲခြင်းနှင့်ပတ် သက်၍ စနစ်တကျသုံးစွဲတတ်လာခြင်းနှင့် အရွယ်တစတစကြီးလာပြီး အသိရှိလာခြင်းကြောင့်ဖြစ်သည်ဟု ဖေါ်ပြခဲ့သည်။

အလယ်တန်းအောင်သည်အထိ ရုပ်ရှင်၊ ဇာတ်သဘင်၊ အငြိမ့်များကြည့်ခွင့်မရှိ၊ လုံးချင်းဝတ္တုများ ဖတ်ခွင့်မရပေ။ မိဘများ၏ တင်းကြပ်သောချုပ်ကိုင်မှုအောက်တွင် ကြီးပျင်းခဲ့သည်။

ကျောင်းနေစဉ် စာပေအပြင်၊ အားကစား၊ နိုင်ငံရေး၊ စစ်ရေးနှင့် လူမှုရေးဘက်တို့တွင် ပါဝင်ခဲ့သည်။ အားကစားလောကတွင် ဘောလီဘော၊ တင်းနစ်နှင့် ဘောလုံးတို့တွင် ၀ါသနာပါပြီး အထူးသဖြင့် ဘောလုံးတွင် ထူးထူးချွန်ချွန်ပါဝင်ခဲ့သည်။ အထက် တန်းကျောင်း ဘောလုံးအသင်းတွင် လက်ရွေးစဉ်အသင်းခေါင်းဆောင်အဖြစ်လည်းကောင်း၊ မအူပင်မြို့နယ်လက်ရွေးစဉ် ဘောလုံးအသင်းတွင်လည်းကောင်း၊ ရန်ကုန်တက္ကသိုလ်ဘောလုံးအသင်းတွင်လည်းကောင်း ပါဝင်ကစားခဲ့သည်။

ဥက္ကဌကြီး မန်းဘဇန်၌ လူမျိုးစုံသွေးစည်းချစ်ကြည်ရေးစိတ်ဓာတ်သည် ကျောင်းသားဘ၀ထဲကပင် ဖွားမြင်ခဲ့သည်။၎င်းမှကျွန်ုပ်စာသင်ကြားခဲ့သောအစိုးရကျောင်းသည်လူမျိုးပေါင်းစုံနေထိုင်သောကျောင်းဖြစ်သည်။ ဗမာကျောင်းသားများ အများ စုဖြစ်ပြီး ကျောင်းဆရာများမှာ ကရင်၊ ဗမာ၊ ကုလားကပြားများဖြစ်သည်။ ကရင်၊ ဗမာ အတူတကွ စာသင်ကြားခဲ့သော်လည်း ၎င်းတို့အကြားတွင်မှု လူမျိုးရေးပဋိပက္ခ၊ လူမျိုးရေးမုန်းတီးမှုများမရှိဘဲ၊ ခင်မင်ရင်းနှီးစွာဖြင့် ပေါင်းသင်းဆက်ဆံသွားကြ သည်။ တဦးနှင့်တဦးလေးစားမှုရှိကြသည်။ လူမျိုးစုံ သွေးစည်းမှုရှိသည်ဟု ဖော်ပြသည်။

ခရစ်ယာန်မိဘနှစ်ပါးမှာဖွားမြင်ခဲ့သဖြင့်မိရိုဖလာခရစ်ယာန်(TraditionalChristain)ဖြစ်သည်သာမက သခင်ခရစ်တော်ကို အကြွင်းမဲ့ယုံကြည်သူလည်းဖြစ်သည်။ မအူပင်မြို့ ခရစ်ယာန်အသင်းတော် လူငယ်ကြိုးစားခြင်းအသင်းဝင်တဦး၊အမှုဆောင်တဦးနှင့်အသင်း၏ဥက္ကဌအဖြစ်အဆင့်ဆင့်အရွေးခံခဲ့ရသည်။ ဘာသာရေးလုပ်ငန်းများ ဆောင်ရွက်သည့်သာမက ရပ်ရွာ၏ သာရေး၊ နာရေးကိစ္စများတွင် ပါဝင်ဆောင်ရွက်ခြင်းဖြင့် ဘာသာရေးနှင့် လူမှုရေးအတွေ့အကြုံများ ရရှိခဲ့သည်။

ကရင့်တော်လှန်ရေးဟာ မွန်တော်လှန်ရေးပဲ၊
မွန်တော်လှန်ရေးဟာလည်း ကရင့်တော်လှန်ရေးပဲ၊
ကျွန်တော်တို့ဟာ ဘ၀တူတွေပဲ၊
ကရင့်တော်လှန်ရေးအောင်ပွဲခံရင် မွန်လွှတ်မြောက်ရေး ရမှာပဲ။

(မန်းဘဇန်)

No comments: